ISP China Desk

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအား (ဗဟို)အစိုးရယန္တရားများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စသော အင်စတီကျူးရှင်းများမှ ကိုင်တွယ်ချမှတ်သည်ဟု ယေဘုယျ လက်ခံထားကြသော်လည်း ယင်းမူဝါဒများဖြစ်ပေါ်လာရန် အဓိကပါဝင်သူများ၊ သက်ရောက်လွှမ်းမိုးနိုင်စွမ်းရှိသောသူများကို ခွဲခြမ်းလေ့လာခြင်းဖြင့် နိုင်ငံခြားရေးမူဝါဒချမှတ်ရေးနှင့် အကောင်အထည်ဖော်ရေးစနစ်ကို ပိုမိုနားလည်နိုင်သည်။

တရုတ်-မြန်မာဆက်ဆံရေးတွင်လည်း ဗဟိုအဆင့်မှသည် ဒေသန္တရအဆင့်ဆင့်အထိ ပါဝင်ပတ်သက်လျက်ရှိသည့် အမျိုးမျိုးသောအစိုးရဌာနများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများသည် မတူညီသော အကျိုးစီးပွားကိုယ်စီအား ရှေးရှုပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်လျက်ရှိကြသည်။
တရုတ်နိုင်ငံအား တစ်သွေးတစ်သံတစ်မိန့်နှင့် တစ်ခုတည်းသော အကျိုးစီးပွားသာရှိသည့်(ဧက သဘောဆောင်သည့်) အစုအဖွဲ့တစ်ခုအဖြစ်သာ မှတ်ယူသုံးသပ်ခြင်းသည် ပါဝင်ပတ်သတ်နေသည့် ဌာနများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအကြားရှိ သိမ်မွေ့သော အကျိုးစီးပွားကွဲပြားချက်များနှင့် ၎င်းတို့၏သက်ရောက်မှုများကို လျစ်လျူရှုရာရောက်သည်။

ISP China Desk ၏ ဤကဏ္ဍတွင် တရုတ်နိုင်ငံအနေနှင့် မြန်မာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သတ်နေသည့် လူပုဂ္ဂိုလ်များ၊ အစိုးရဌာနများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ၎င်းတို့၏အခန်းကဏ္ဍများကို ဖော်ပြမည်ဖြစ်ပါသည်။