ISP China Desk
Mr. Song Tao(ဆုန့်ထောင်း) Photo - president-office.gov.mm

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန၏ ၀န်ကြီးဖြစ်သည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုတိုးမြင့်ရေး၊ ခါးပတ်နှင့် လမ်းစီမံကိန်းအောက်မှတဆင့် စီးပွားရေးစင်္ကြံလမ်းများ ဖော်ဆောင်ရေးတို့အတွင် အဓိကပါ၀င်လှုပ်ရှားနေသူ ဖြစ်သည်။ ယင်းအပြင် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန်ကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

NLD ပါတီ၏ ဖိတ်ကြားချက်အရ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ပါတီချင်းဆက်ဆံရေးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စများကို ဒေါက်တာ ဇော်မြင့်မောင် အပါအ၀င် NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံသို့လည်း ပြန်လည်ဖိတ်ခေါ်ခဲ့သည်။ အလားတူပင် ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အတိုက်အခံပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် တွေ့ဆုံခဲ့သေးသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလက ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဥ်တွင် ၄င်းက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သေးသည်။

၄င်းသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက မြန်မာတပ်မတော်အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

တရုတ်နိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတမ်းဒေသ၊ ဂျင်ဆုပြည်နယ်၊ ဆုကျန်းမြို့ဖွား ဆုန့်ထောင်းသည် စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သလို နိုင်ငံခြားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဟောင်း၊ သံတမန်အမတ်ကြီးဟောင်းတဦးလည်း ဖြစ်သည်။