ISP China Desk

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ချင်းထိစပ်လျက်ရှိရာ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြား လုံခြုံရေး၊ ကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ ကူးလူးဆက်ဆံမှုများစွာ ရှိသည်။

သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့နေရပြီး တိုင်းပြည်၏ နယ်စပ်အသီးအသီးအပါအဝင် နယ်နိမိတ်ကုန်စင်အောင် အာဏာစက်ဖြန့်ကျက်ကာ အချုပ်အခြာအာဏာ စိုးမိုးနိုင်ခြင်း မရှိသေးပေ။
ဤသို့ တင်းပြည့်ကျပ်ပြည့် နိုင်ငံတော်အဖြစ် ပုံမပေါ်နိုင်သေးသောကြောင့် နိုင်ငံတော်၏ ထိန်းချုပ်မှု၊ အချုပ်အခြာအာဏာစက်သက်ရောက်မှုမှ ကင်းလွတ်နေသောဒေသများအနက် မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ရှိ ဒေသများသည် မဟာဗျူဟာဝိသေသများစွာရှိနေသည်။
သို့ဖြစ်ရာ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ကူးလူးဆက်ဆံမှုများကို အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအချင်းချင်းကြား ဆက်ဆံရေး၏ သမားရိုးကျမူဘောင်အတွင်းမှ နားလည်ရန်ခက်ခဲပါသည်။

ISP China Desk ၏ ဤကဏ္ဍသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံတောင်ပိုင်း ပထဝီနိုင်ငံရေးဆက်စပ်မှုများ၊ နှစ်နိုင်ငံဆက်ဆံရေး၏ အမြင်ကန့်သတ်ချက်များကို ဖောက်ထွက်ပြီး လူမှုစီးပွား ဆက်ဆံရေးတို့အား ရှုထောင့်အသစ်များမှ နားလည်နိုင်ရန်ဖြစ်သည်။