ISP China Desk

ISP China Desk သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ လုပ်ငန်းစီမံချက်တစ်ခု ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏နိုင်ငံခြားဆက်ဆံရေးတွင် အရေးအကြီးဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်-မြန်မာဆက်ဆံရေးသည် မြန်မာနိုင်ငံ၏ ငြိမ်ချမ်းရေးဖြစ်စဉ်များအပါအဝင် အခြားပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးများနှင့်လည်း နက်ရှိုင်းစွာဆက်စပ်လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် မူဝါဒချမှတ်သူများအနေဖြင့် တရုတ်နိုင်ငံ၏ မြန်မာမူဝါဒများ၊ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများ၊ သက်ရောက်နိုင်မှုများနှင့် အလားအလာများကို မှန်မှန်ကန်ကန်နားလည်သုံးသပ်နိုင်ရန် အရေးကြီးသည်။ သို့သော် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် သက်ဆိုင်သောလေ့လာရေးများ၊ ဒေသိယအခြေအနေကို ထင်ဟပ်သုံးသပ်ထားသော သုတေသနဆောင်ရွက်ချက်များ အားနည်းနေသေးသည်ကိုတွေ့ရသည်။

 ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး

 (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို  အလွယ်တကူလက်လှမ်းမီလာစေရန်၊

(၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊

(၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။

ထိုသို့တင်ပြရာတွင် နှစ်နိုင်ငံဆက်ဆံရေး၏ ဆက်စပ်အခြေအနေများဖြစ်သည့် သမိုင်းကြောင်းများ၊ နယ်စပ်ဖြတ်ကျော် ပထဝီနိုင်ငံရေးများ၊ တရုတ်နိုင်ငံမှ အဓိကပါဝင်ပတ်သတ်နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ၎င်းတို့၏ အခန်းကဏ္ဍများကို ဖော်ပြသွားမည်ဖြစ်သလို တရုတ်-မြန်မာဆက်ဆံရေးအား စီးပွာရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ လုံခြုံရေးနှင့် လူမှုရေးရှုထောင့်များမှ လေ့လာသုံးသပ်သွားပါမည်။ ထို့အပြင် အထူးအာရုံ စိုက်သင့်သော အကြောင်းအရာများဖြစ်သည့် မြစ်ဆုံ၊ မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်မှု၊ ခါးပတ်လမ်းကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ မူဘောင်အတွင်းမှစီမံကိန်းများနှင့် အခြားအရေးပါသည့် အကြောင်းအရာများကို အထူးကဏ္ဍတရပ်အနေဖြင့် အလေးပေး တင်ပြသွားပါမည်။

အများပြည်သူများအနေနှင့် သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရများ၏ ထုတ်ပြန်ချက်များ၊ ဒေသခံသတင်းစာ၊ ဂျာနယ်များမှ တရုတ်-မြန်မာအရေးနှင့် စပ်လျဉ်းသည့် သတင်းများနှင့် ဆောင်းပါးများ ၊ တရုတ်-မြန်မာဆက်ဆံရေးနှင့် ဆက်စပ်သော နိုင်ငံတကာသုတေသနသုံးသပ်ချက်စာတမ်းများကို တစုတစည်းတည်းရနိုင်စေရန် ကြိုးပမ်းထားပါသည်။

ISP Myanmar

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။ အဖွဲ့အစည်းအကြောင်း အသေးစိတ်ကို www.ispmyanmar.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။