ISP China Desk

စာတမ်းခေါင်းစဉ် – ယုံတမ်းများကိုကျော်လွန်၍ တရုတ်၏ ရပ်ဝန်းလမ်းကြောင်း အစီအမံအား လုံခြုံရေးရှုထောင့်မှ ဆန်းစစ်ခြင်း

ရေးသားသူ – Dr David F. Gordon, Haoyu Tong and Tabatha Anderson

ထုတ်ဝေသည့်အဖွဲ့ – The International Institute for Strategic Studies(IISS)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ စက်တင်ဘာ

စာတမ်းအပြည့်အစုံရယူရန်Beyond the Myths – Towards a Realistic Assessment of China’s Belt and Road Initiative: The Security Dimension

 

(မူရင်းသုတေသနစာတမ်းတွင် ဖော်ပြထားချက် – ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) အတွက် ရန်ပုံငွေထပ်မံချထားပေးခြင်းများ ရပ်ဆိုင်းထားပါသည်။ ထို့အတူ ရပ်ဝန်းလမ်းကြောင်း အစီအမံတွင် ပါဝင်သည့် မြောက်မြားစွာသော နိုင်ငံများတွင်လည်း စီမံကိန်းအကောင်အထည်ဖော်မှုများ နှောင့်နှေးသွားပါသည်။ အဆိုပါနိုင်ငံများတွင် ကိုဗစ်-၁၉ နှင့် လုံခြုံရေးရှုထောင့်ကို ချိတ်ဆက်ရန် အချက်အလက်များမှာလည်း လုံလောက်မှု မရှိသေးသောကြောင့် ယခုသုတေသနစာတမ်းသည် ကပ်ရောဂါ၏ သက်ရောက်မှုများကို ခြုံငုံသုံးသပ်ထားခြင်း မရှိကြောင်း ထည့်သွင်းစဉ်းစားသင့်ပါသည်။)

 

တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာ အစိုးရတွေဟာ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နဲ့ ပတ်သက်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပုံ၊ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေအနေနဲ့ အကျိုးဖြစ်ထွန်းနိုင်ခြေ စတာတွေကိုသာ အလေးပေးဖော်ပြလေ့ရှိပါတယ်။ တရုတ်စီးပွားရေး ထိပ်တန်းရောက်လာရာမှာ အဓိကကျတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမော်ဒယ်ကို အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မျှဝေလိုတာလို့လည်း ဆိုပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုတာ သမားရိုးကျအနေနဲ့ မှန်ကန်ပေမဲ့ ဒီနေရာမှာ စဉ်းစားစရာရှိတာက တရုတ်ဖွံ့ဖြိုးရေးစီမံကိန်းတွေက သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေနဲ့ အံဝင်ခွင်ကျ ကိုက်ညီရဲ့လား ဆိုတာပါပဲ။ နောက်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်မယ့် ဒေသတွေဟာ လူမျိုးရေး၊ လက်နက်ကိုင်စတဲ့ ပဋိပက္ခတွေ ကင်းရှင်းမှသာ အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးနိုင်ပါလိမ့်မယ်။ အခု ဆွေးနွေးချက်မှာတော့ BRI လမ်းကြောင်းတလျှောက် လုံခြုံရေးရှုထောင့်က ဆန်းစစ်ထားတဲ့ သုတေသနစာတမ်းတစောင်ကို မိတ်ဆက်ပေးရင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်တဲ့အပိုင်းတွေကိုလည်း တင်ပြသွားပါမယ်။

Dr David F. Gordon၊ Haoyu Tong နဲ့ Tabatha Anderson တို့ ရေးသားပြီး The International Institute for Strategic Studies (IISS) က ထုတ်ဝေတဲ့ Beyond the Myths – Towards a Realistic Assessment of China’s Belt and Road Initiative: The Security Dimension (ယုံတမ်းများကိုကျော်လွန်၍ တရုတ်၏ ရပ်ဝန်းလမ်းကြောင်း အစီအမံအား လုံခြုံရေးရှုထောင့်မှ ဆန်းစစ်ခြင်း) သုတေသနစာတမ်းဟာ တရုတ်နိုင်ငံရဲ့ BRI လမ်းကြောင်းတလျှောက် အခြေအနေတွေနဲ့ BRI ရဲ့ ဆိုက်ဘာကဏ္ဍဖြစ်တဲ့ ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းတွေကို လုံခြုံရေးရှုထောင့်ကနေ လေ့လာသုံးသပ်ထားပါတယ်။ IISS ဟာ ဗြိတိန်အခြေစိုက် သုတေသနအဖွဲ့အစည်းဖြစ်ပြီး ၁၉၅၈ ခုနှစ်က တည်ထောင်ခဲ့တာပါ။ မဟာဗျူဟာ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ နှစ်ပေါင်း ၆၀ ကျော် အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စာတမ်းကို အပိုင်း ခုနစ်ပိုင်းခွဲပြီး ရေးသားထားပါတယ်။ စာတမ်းအဖွင့်မှာတော့ နိုင်ငံပေါင်း ၁၂၅ နိုင်ငံကို လွှမ်းခြုံထားပြီး ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံကျော်ကို စီးပွားရေးအလားအလာနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေ ဆောင်ကျဉ်းပေးနိုင်မယ်လို့ဆိုတဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံရဲ့ ပျားရည်ဆမ်းကာလဟာ ကုန်ဆုံးသွားပြီလို့ ဆိုထားပါတယ်။ ရပ်ဝန်းလမ်းကြောင်း စတင်ခဲ့တဲ့ အချိန်ကနေစပြီး ပြီးခဲ့တဲ့ ခုနစ်နှစ်တာကာလအတွင်းမှာ တရုတ်ဘက်က ဒီအစီအမံတည်မြဲဖို့ အပြောင်းအလဲများစွာ လုပ်ခဲ့ရသလို နိုင်ငံပေါင်းများစွာကလည်း သဘောတူညီချက်တွေကို ပြန်လည်သုံးသပ်တာ၊ ကြွေးမြီကိစ္စအလုပ်သမားရေးရာနဲ့ အချုပ်အခြာအာဏာ စတဲ့ ကဏ္ဍစုံမှာ ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။

စာတမ်းဒုတိယပိုင်းဖြစ်တဲ့ အခန်း ၁ မှာတော့ ရပ်ဝန်းလမ်းကြောင်းတလျှောက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ၊ မကျေနပ်မှုတွေနဲ့ လုံခြုံရေးကဏ္ဍအကြောင်း သုံးသပ်ထားတာကို ဖတ်ရှုရမှာပါ။ နိုင်ငံတနိုင်ငံမှာ နိုင်ငံတော်က အလုံးစုံလွှမ်းခြုံနိုင်မှုမရှိတဲ့ အုပ်ချုပ်ရေးစနစ်၊ အခြေခံအဆောက်အအုံအားနည်းချက်၊ များပြားတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ ပြည်တွင်းပဋိပက္ခတွေ၊ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးတာတွေ ရှိနေမယ်ဆိုရင် ရပ်ဝန်းလမ်းကြောင်းအစီအမံကြောင့် တရုတ်မော်ဒယ်အတိုင်း ဖွံ့ဖြိုးတိုးတက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ နောက်ပြီး လိမ်လည်မှုနဲ့ အခြားတရားမဝင်လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာ့ဘဏ်ကပိတ်ပင်ထားတဲ့ ကုမ္ပဏီပေါင်း ၁,၂၉၁ ခုအနက် ၁၈ ရာခိုင်နှုန်းဟာ တရုတ်ကုမ္ပဏီတွေဖြစ်ပြီး နိုင်ငံအလိုက်မှာ ရာခိုင်နှုန်းအရ အများဆုံးလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ကင်ညာနိုင်ငံမှာ ဒေသခံတွေနဲ့ တရုတ်တို့အကြား လူမျိုးရေးခွဲခြားမှုတွေ၊ ရှင်ကျန်းဒေသက ဒေသခံတွေကို ဖိနှိပ်မှုတွေကြောင့် လူမျိုးတူတွေရှိတဲ့ တရုတ်အိမ်နီးချင်း ကာဇက်စတန်နိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်ဆိုတာလည်း သတိပြုဖွယ်တွေ့ရပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေမှာ အကျင့်ပျက်ခြစားမှုက အဓိကစိန်ခေါ်ချက်တရပ်အဖြစ်ရှိနေပြီး ဒေသခံလူထုရဲ့ လက်ခံကျေနပ်မှုကိုလည်း ရရှိဖို့ခဲယဉ်းနိုင်တယ်လို့ ဆိုထားပါတယ်။

အခန်း ၂ ကတော့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေနဲ့ အစ္စလာမ်မစ် အစွန်းရောက်မှုတွေ၊ အကြမ်းဖက်မှုတွေအကြား ထိတွေ့နိုင်ခြေတွေကို ရေးသားထားတာပါ။ ဘေဂျင်းရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ဘာသာရေးအလေ့အထတွေကို ပစ်မှတ်ထားတာတွေ၊ ရှင်ကျန်းဒေသက ဒေသခံ ဝီဂါ အစ္စလာမ်ဘာသာဝင်တွေကို ဖိနှိပ်မှုတွေကြောင့် မူစလင်နိုင်ငံတွေမှာ အစွန်းရောက်ဝါဒီတွေက တရုတ်တွေကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိလာပါတယ်။ အခြားတဖက်မှာတော့ မူစလင်နိုင်ငံ အများစုက ရပ်ဝန်းလမ်းကြောင်း အစီအမံကနေ ရလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကျိုးအမြတ်တွေကို လိုလားတဲ့အတွက် ဝီဂါအရေးကို မျက်ကွယ်ပြုထားတယ်လို့ သုံးသပ်ထားပါတယ်။

ရေကြောင်းလမ်း စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို အခန်း ၃ မှာ ဖတ်ရှုရမှာပါ။ တရုတ်ရဲ့ ရေကြောင်းဆိုင်ရာမဟာဗျူဟာတွေဟာ တရုတ်အရှေ့ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ပင်လယ်ပြင်တွေ ကာကွယ်ရေးကိုသာ အာရုံစိုက်ခဲ့တာပါ။ အခုရေကြောင်းလမ်း စီမံကိန်းတွေမှာတော့ အရှေ့တောင်အာရှဒေသအတွင်း ရေနက်ဆိပ်ကမ်းတွေ၊ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တွေ တည်ဆောက်သွားမှာဖြစ်တဲ့အတွက် ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့သာဖြစ်တယ် ဆိုတဲ့အပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းက သံသယရှိနေပါတယ်။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံက တရုတ်အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်းစီမံကိန်း၊ မြန်မာနိုင်ငံက မြစ်ဆုံဆည်စီမံကိန်းတွေဟာ သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေဟာ တရုတ်နဲ့ စီးပွားရေးတိုးမြှင့်လိုပေမဲ့လည်း ဒေသတွင်းမှာ တရုတ်က တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်လာမှာကိုတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအတွက် ဘေဂျင်းကိုတော့ ဝါရှင်တန်နေရာမှာ အစားထိုးလိုခြင်းမရှိဘဲ အင်အားကြီးနှစ်နိုင်ငံကို ချိန်ခွင်လျှာညှိလိုတာသာ ရှိတယ်လို့ စာတမ်းရှင်တွေက သုံးသပ်ထားပါတယ်။

ဆက်လက်ပြီး ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေကို အခန်း ၄ မှာ ဖတ်ရှုရမှာပါ။ ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းဟာ ရပ်ဝန်းလမ်းကြောင်းအစီအမံရဲ့ အစိတ်အပိုင်းတခု ဖြစ်ပေမဲ့လည်း ဖွဲ့စည်းပုံဟာ ကြီးမားတဲ့ ရပ်ဝန်းလမ်းကြောင်း လုပ်ငန်းစုကြီးတွေနဲ့ အနည်းငယ်ကွဲပြားတယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်ပိုးလမ်းမစီမံကိန်းက ပိုစနစ်ကျပြီး ကုမ္ပဏီအနည်းငယ်နဲ့သာ ဖွဲ့စည်းထားတဲ့အပြင် တရုတ်အစိုးရရဲ့ ထောက်ပံ့မှုကို ပိုမိုရရှိတယ်လို့ ရေးသားထားပါတယ်။ တရုတ်နိုင်ငံဟာ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်ရင် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ တခုတည်းသော နိုင်ငံ မဟုတ်ပေမဲ့လည်း အနောက်နိုင်ငံတွေထက် သက်သာတဲ့ဈေးနှုန်း၊ ချေးငွေနဲ့ အထောက်အပံ့တွေကြောင့် လက်ခံရရှိတဲ့နိုင်ငံတွေအနေနဲ့ ငြင်းဆိုဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ရပ်ဝန်းလမ်းကြောင်း အစီအမံမှာပါဝင်တဲ့ နိုင်ငံအများစုဟာ အာဏာရှင်စနစ်ကို တိမ်းညွှတ်ပြီး အားနည်းသေးတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေ ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ခြယ်လှယ်ထိန်းချုပ်စောင့်ကြည့်နိုင်မယ့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ပိုမိုကျယ်ပြန့်လာနိုင်ပါတယ်လို့ သုံးသပ်ထားပါတယ်။ (တရုတ်ဒစ်ဂျစ်တယ်ပိုးလမ်းမ စီမံကိန်းနှင့် မြန်မာနိုင်ငံအကြောင်း အသေးစိတ်ဖတ်ရှုလိုပါက – တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ)

အခန်း ၅ မှာ ဖြစ်ရပ်လေ့လာဆန်းစစ်မှုအဖြစ် ပါကစ္စတန်နိုင်ငံနဲ့ ပတ်သက်တဲ့ အသေးစိတ်သုံးသပ်ချက်တွေကို ဝေဝေဆာဆာဖတ်ရှုရမှာပါ။ စာတမ်းနောက်ဆုံးပိုင်းဖြစ်တဲ့ အခန်း ၆ မှာတော့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တာတွေနဲ့ စာတမ်းအနှစ်ချုပ်အဖြစ် မြော်မြင်ချက်တွေကို ရေးသားထားပါတယ်။ ဒါတွေကတော့ –

၁။ ရပ်ဝန်းလမ်းကြောင်း အစီအမံဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အရေးကြီးတဲ့ မျက်နှာစာ၊ ရှုထောင့်များစွာကို ဖြတ်ကျော်လုပ်ကိုင်ရတာ ဖြစ်တဲ့အတွက် တရုတ်အစိုးရအနေနဲ့ ဒီအစီအမံကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ဖို့ စိန်ခေါ်ချက်တွေရှိနေပါတယ်။

၂။ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ ပထဝီနိုင်ငံရေးနဲ့ အကျိုးစီးပွားတွေကို ရောယှက်အကောင်အထည်ဖော်နေမှုဟာ ဒီစီမံကိန်းအပေါ်မှာ နိုင်ငံတွေအကြား သံသယတွေ ပိုမိုတိုးပွားလာစေနိုင်ပါတယ်။ ရပ်ဝန်းလမ်းကြောင်း အစီအမံနဲ့အပြိုင် ဒီလိုလုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အစီအမံနဲ့ပတ်သက်ပြီး နိုင်ငံတွေအကြားမှာ သံသယတွေ ပိုမိုတိုးပွားလာမှာသာ ဖြစ်ပါတယ်။

၃။ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကြောင်းပြုပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီနေရာမှာ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရအကြား တိုက်ရိုက်ဆက်ဆံတာတွေကို စာတမ်းရှင်တွေက ထောက်ပြထားပါတယ်။

၄။ တရုတ်နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် ဆက်ဆံရေးကို ပြောင်းလဲဖို့ စဉ်းစားချက်မရှိဘူးဆိုရင် အာရှအလယ်ပိုင်း၊ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ တရုတ်စီမံကိန်းတွေဟာ အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

၅။ အနာဂတ်ပထဝီနိုင်ငံရေး အားပြိုင်မှုရဲ့ ဗဟိုချက်ဖြစ်လာနိုင်တဲ့ အရှေ့တောင်အာရှဒေသမှာတော့ တရုတ်ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေဟာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို လျှော့ချဖို့ ကြိုးစားတာထက် အမှန်တကယ် ဟန်ချက်ညီညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းတွေ အများအပြားတည်ရှိပြီး တရုတ်ရဲ့ အိမ်နီးချင်းလည်း ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရမှာဖြစ်သလို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကိုလည်း ကာကွယ်စောင့်ရှောက်သွားရမှာပါ။ ယခုလို နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ စာတမ်းတွေကနေတဆင့် ရပ်ဝန်းလမ်းကြောင်း အစီအမံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အမြင်၊ သုံးသပ်ချက်တွေကို လေ့လာပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမှာ ပထဝီနိုင်ငံရေး ချိန်ခွင်လျှာညှိနိုင်ဖို့နဲ့ မြန်မာ့အကျိုးစီးပွားအသာရစေဖို့အတွက် ရပ်ဝန်းလမ်းကြောင်း အစီအမံကို ဆက်လက်ဆန်းစစ်သုံးသပ်သွားနိုင်ဖို့ အရေးကြီးပါတယ်။

 

သန့်အောင်ပိုင်