ISP China Desk

စာတမ်းခေါင်းစဉ် – ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ရေးသားသူ – Lee Jones and Shahar Hameriri

ထုတ်ဝေသည့်အဖွဲ့ – CHATHAM HOUSE

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ သြဂုတ်

စာတမ်းအပြည့်အစုံရယူရန်Debunking the Myth of ‘Debt-Trap Diplomacy: How Recipient Countries Shape China’s Belt and Road Initiative

Disclaimer:  အချက်အလက်များသည် August 2020 ၏  အစောပိုင်းကာလများကိုသာ ထင်ဟပ်မည်ဖြစ်ပါသည်။

၂ဝ၁၃ ခုနှစ်က စတင်လာခဲ့သော တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) သည် ယခုအခါတွင် ခုနစ်နှစ်ခန့် ရှိလာပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆ဝ ကျော်တွင် အကောင်အထည်ဖော်နေသည့် ဧရာမစီမံကိန်းတခုဖြစ်ပါသည်။ အဆိုပါ ခုနစ်နှစ်ခန့် အတွင်းတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပထဝီနိုင်ငံရေး၊ အင်အားနှင့် ပါဝါလွှမ်းမိုးမှု၊ အရင်းအမြစ်များအား ထိန်းချုပ်ထားနိုင်မှုတို့အပေါ် အခြေခံချဉ်းကပ်ကာ အဆိုပါစီမံကိန်းအား တရုတ်နိုင်ငံအား ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတခုအဖြစ် ဖော်ဆောင်ရေးဆိုသော ‘တရုတ်ပြည်အိပ်မက်’ ‘Chinese Dream’ အဖြစ် ရှုမြင်သည်များလည်း ရှိကြသည်။ အခြားတဖက်၌လည်း စီမံကိန်း၏ ကြီးမားလှသော အရွယ်အစားနှင့် တိကျသော အကောင်အထည် ဖော်ဆောင်မည့် မူဝါဒများ၊ မူဘောင်များ မရှိခြင်းနှင့် တတိယကမ္ဘာနိုင်ငံများတွင် ‘ကြွေးမြီထောင်ချောက်’ (Debt Trap Diplomacy) သဏ္ဌာန်မျိုး တွေ့မြင်လာရခြင်းတို့အပေါ် ဝေဖန်ချက် အများအပြား ရှိခဲ့ကြသည်။ အခြေခံ အဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးသော ဤစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းကြီးများကို တရုတ်နိုင်ငံမှ အတိုးမြင့် ချေးငွေများဖြင့် ကနဦးထောက်ပံ့ကာ အကျိုးအမြတ်ကို ခွဲဝေယူသော ‘Loan Financing Model’ အဖြစ် အဓိကထား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါစီမံကိန်းအား Host Country ဖြစ်သော တရုတ်နိုင်ငံဘက်သာမကဘဲ Recipient Country ဖြစ်သည့် ချေးငွေလက်ခံကာ စီမံကိန်း ဆောင်ရွက်ကြမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း ဆန်းစစ်နားလည်ရန် လိုအပ်သည်။ အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဆန်းစစ်လေ့လာထားသော သုတေသနအစီအရင်ခံစာတစောင်ကို မိတ်ဆက်ပေးလိုပါသည်။

CHATHAM HOUSE က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်တွင် ထုတ်ဝေခဲ့သော “Debunking the Myth of ‘Debt-Trap Diplomacy’: How Recipient Countries Shape China’s Belt and Road Initiative”(ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ) ဟူသော အစီအရင်ခံစာဖြစ်ပါသည်။ ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် အိမ်ရှင်တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများ (recipient country)ကသာ အဓိကအရေးပါနေသည်ဖြစ်ပြီး ၎င်းလက်ခံနိုင်ငံများ၏ အစိုးရများ၏ နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများသည် သက်ဆိုင်ရာနိုင်ငံရှိ BRI စီမံကိန်းများအပေါ် အဓိက အဆုံးအဖြတ်ဖြစ်နေသည်။

ယခုအစီအရင်ခံစာသည် သီရိလင်္ကာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို Case Study အနေဖြင့် လေ့လာထားပြီး စီးပွားရေးပိုင်းဆိုင်ရာ (Economic Drivers)နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) အကြောင်းအရာများကို အဓိကဆွေးနွေးထားသည်။

စီးပွားရေးပိုင်းဆိုင်ရာ တွန်းအားများ

အခြေခံအားဖြင့်မူ တရုတ်နိုင်ငံသည် ချေးငွေကို အားပြုကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ပြုလုပ်လာခဲ့ပြီး ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ပိုလျှံပို့ကုန်များဖြင့် ချေးငွေဆပ်ကာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ အဆိုပါမော်ဒယ်သည်လည်း အခြေခံအဆောက်အအုံများ အားကောင်းလာသည်နှင့်အမျှ ပြည်တွင်းဝယ်လိုအားကျဆင်းပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိခိုက်မှုများရှိလာခဲ့သည်။  အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ရန် BRI စီမံကိန်းကို အကောင်အထည်ဖော်လာခြင်းဖြစ်သဖြင့် BRI စီမံကိန်းသည် တရုတ်ပြည်တွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမိုဒယ်၏ တွန်းအားဟု ဆိုသည်။ အဆိုပါစီမံကိန်းကို အဓိက ဦးဆောင်နေသော‌ ဘေဂျင်းအစိုးရ၏ ရုံးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနတို့ မဟုတ်ကြဘဲ ‘အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲ‌ရေး ကော်မရှင်’ (National Development and Reform Commission) ဖြစ်နေခြင်းကို ကြည့်လျှင် စီးပွားရေးအရ စဉ်းစားချက်ကို ပိုမိုသိသာစေသည်ဖြစ်သည်။

အုပ်ချုပ်မှုပိုင်း 

တရုတ်နိုင်ငံသည် စီးပွားရေးပရိယာယ် (Economic Statecraft)ကို အဓိက အသုံးပြုနေသည်ဟူ၍ လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းသည် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို အဓိကအားပြုသည်ဟူ၍ လည်းကောင်း ဆိုသည်။ ထို့ကြောင့် မဟာဗျုဟာ၊ ရည်မှန်းချက်များအတွက် လျှောက်လှမ်းမည့် တိကျသော လုပ်ငန်းစဉ်များ မရှိသေးဘဲ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုပုံစံ (Development Financing Regime) သည်လည်း လျော့ရဲကာ စီမံကိန်းသည် မဟာဗျူဟာအဆင့်မျိုး မဆောင်ဘဲ နှစ်နိုင်ငံချင်း ညှိနိုင်းကာ စနစ်မကျသော ပုံသဏ္ဍာန်မျိုးဖြင့် တရုတ်နိုင်ငံထက် လက်ခံနိုင်ငံများကသာ အဓိကဦးဆောင်နေသော (Recipient-Driven) သဏ္ဌာန်မျိုး ရှိ‌နေသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ BRI စီမံကိန်းတွင် ပါဝင်သော နိုင်ငံများ၏ စီးပွားရေး နိုင်ငံရေးအခြေအနေအရ လိုအပ်ချက်များ၊ ကြီးမားလှသော စီးပွားရေး အကျိုးအမြတ်များအား မက်မောမှုနှင့် ချို့ယွင်းနေသောအုပ်ချုပ်မှုစနစ်တို့သည် အဆိုပါစီမံကိန်းများကို မလိုလားအပ်သော အကျိုးဆက်များ ပေါ်ထွက်စေသည်ဟုဆိုသည်။ ၎င်းအချက်သည်ပင် ကြွေးမြီထောင်ချောက်ကို ဖြစ်ပေါ်လာစေခြင်းဟု ဆိုပါသည်။ ဆိုလိုသည်မှာ New Eurasian Land Bridge ခေါ် တရုတ်-ဥရောပ ကုန်ရထားလမ်းသည် ယခုအခါတွင် တင်ဆောင်နိုင်သော ကုန်ပမာဏ၏ ၄၅ ရာခိုင်နှုန်းခန့်မှာ လစ်လပ်လျက်ရှိပြီး ကုန်သေတ္တာတလုံးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ မှ ၇၀၀၀ အထိ ဆုံးရှံးမှုရှိသည်ဟုဆိုသည်။ ချို့ယွင်းနေသော အုပ်ချုပ်မှုဟု ဆိုရာတွင် စီမံကိန်း တွက်ချက်မှုများ၌ လိုအပ်သည်ထက် များပြားမှုများ၊ အဂတိလိုက်စားမှုများ၊ အလွဲသုံးစားမှုများ စသည့် အကြောင်းအရာများသည်လည်း ပါဝင်မည်ဖြစ်မည်။

သီရိလင်္ကာနိုင်ငံ

ကြွေးမြီထောင်ချောက်နှင့် ပတ်သက်၍ နာမည်ကျော် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘမ်တိုတာဆိပ်ကမ်းအကြောင်းအား အသေးစိတ်ဆန်းစစ်လေ့လာထားသည်ကို တွေ့ရသည်။ အဓိကအချက်မှာ အဆိုပါဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံဘက်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ သီရိလင်္ကာနိုင်ငံဘက်မှ ၎င်း၏ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အကြီးစား ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ရာမှ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်သော CMPort က ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းကို အဓိကလုပ်ကိုင်နေသော CMPort သည် ၂၀၁၈ ခုနှစ်တွင် သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်(SLPA)ထံမှ ဆိပ်ကမ်းရှယ်ယာ ၈၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၉၇၃ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် စက်မှုဇုန်တခု တည်ထောင်ရန်အတွက် တိုးချဲ့ဧက ၁၅ဝဝဝ ထပ်မံတောင်းခံခဲ့သည်ဟုဆိုသည်။ CMPort အနေဖြင့် မြေကို ကာလရှည်သိမ်းဆည်းထားခြင်းသက်သက် မဟုတ်ဘဲ ၎င်းလုပ်ကိုင်နေသော ပြင်သစ်၊ ဘရာဇီး၊ သြစတေးလျနှင့် ဂျီဘူတီနိုင်ငံများရှိ ဆိပ်ကမ်းများနှင့် ကွန်ရက်ပြုလုပ်ကာ စက်မှုဆိပ်ကမ်းမြို့တော်များအဖြစ် ပုံဖော်မည့် မဟာဗျူဟာမျိုး ရှိနေသည်ဟု သုံးသပ်ထားသည်။ စင်စစ်မှာမူ ၂၀၁၆ ခုနှစ်အတွက် သီရိလင်္ကာအစိုးရ၏ ပြည်ပအစိုးရများသို့ ပေးဆပ်ရမည့် ကြွေးမြီအရပ်ရပ်၏ ၃ ရာခိုင်နှုန်းသာ တရုတ်နိုင်ငံသို့ ပေးဆပ်ရန်ရှိပြီး ၁၂ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါဆိပ်ကမ်းဖြစ်ရပ်မှာ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့၏ အုပ်ချုပ်မှုဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အလွဲအမှားများကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံသည် ကြွေးမြီထောင်ချောက်၏ သားကောင်တခုအနေဖြင့် လည်းကောင်း၊ ပိုးလမ်းမစီမံကိန်းအား ပြန်လည်ဆန့်ကျင်ခဲ့သော နိုင်ငံတခုအနေဖြင့်လည်းကောင်း ပုံဖော်ခံရပြီး နှစ်မျိုးလုံးသည် မှန်ကန်မှုမရှိဟုဆိုသည်။ မလေးရှားစီးပွားရေးသည် ခရိုနီအရင်းရှင်စနစ်ကြီးစိုးသော သဘောမျိုးရှိပြီး အဆိုပါအချက်သည် စီမံကိန်းကြီးများတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ထင်ရှားသလို မလေးရှားနိုင်ငံရေးတွင်ပါ သက်ရောက်သည်ဖြစ်သည်။ ထို့အပြင် BRI စီမံကိန်းကြီးများ တည်ရှိရာနေရာများသည်  နိုင်ငံရေးအရ အ‌ရေးပါသော မဲဆန္ဒနယ်မြေများဖြစ်သဖြင့်  မဲဆန္ဒနယ်မြေ အပြောင်းအလဲပြုခြင်း (Gerrymandering) နှင့် အခြားသော နိုင်ငံရေးအကျိုးစီးပွားများရှိကြသည်။ ၂ဝ၂ဝ ဖေဖော်ဝါရီလတွင် ‌UMNO ပါတီမှ ဒေါက်တာမဟာသီယာ၏ ဂိုဏ်းသည် Pakatan Harapan ညွန့်ပေါင်းအစိုးရမှ ခွဲထွက်ခဲ့ကာ UMNO ညွန့်ပေါင်းအစိုးရဖြစ်လာသဖြင့် မလေးရှားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုများသည် ယခင်အစိုးရထက် များစွာမြင့်တက်လာနိုင်မည်ဟု သုံးသပ်ထားသည်။

မူဝါဒအကြံပြုချက်များ

၁။ တရုတ်အစိုးရ၏ မူဝါဒချမှတ်သူများအနေနှင့် BRI စီမံကိန်း၏ အုပ်ချုပ်မှုပုံစံ (Project Governance)နှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို တိုးတက်ရန် လုပ်ဆောင်ဖို့လိုသည်။

၂။ လက်ခံနိုင်ငံများ၏ အစိုးရများ၊ မူဝါဒချမှတ်သူများသည်လည်း BRIစီမံကိန်းများအား သုံးသပ်ဆုံးဖြတ်ရန်၊ ညှိနှိုင်းနိုင်ရန်နှင့် ထိန်းညှိနိုင်ဖို့ရန်အတွက် ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်သည်။

၃။ ထို့အပြင် ဤစီမံကိန်းအား ပထဝီနိုင်ငံရေးမဟာဗျူဟာအနေဖြင့် ရှုမြင်ကာ တုံ့ပြန်မှုများ မပြုလုပ်ရန်လိုသည်။ စီမံကိန်းတခုလုံးသည် ပြန့်ကျဲနေကာ ဗဟိုထိန်းချုပ်မှုဖြင့် လည်ပတ်နေခြင်းဖြစ်သဖြင့် ပထဝီနိုင်ငံရေးအမြင်ဖြင့် တုံ့ပြန်လျှင် ကုန်သွယ်ရေးစစ် ကဲ့သို့သော အားပြိုင်မှုများအကြား ရောက်ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကို ရပ်တန့်သွားစေနိုင်မည်ဖြစ်သည်။

၄။ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍသည် အရေးပါသည်။ ပွင့်လင်းမြင်သာမှု အားကောင်းရန်နှင့်  ပါဝင်ဆောင်ရွက်မှု အားကောင်းသောပုံစံမျိုး (Participatory Approach) ဖော်ဆောင်ရန်အတွက် တွန်းအားပေးမှုများ လုပ်ဆောင်သင့်သည်။ သို့သော် အဆိုပါအင်အားစုအနေဖြင့်လည်း  စီမံကိန်းနှင့် သက်ဆိုင်သော ပဋိပက္ခများ၊ ပြဿနာများတွင် တရုတ်နိုင်ငံကိုသာ အပြစ်တင်၍ မရနိုင်ဘဲ လက်ခံနိုင်ငံများ၏ အစိုးရများကိုပါ စောကြောရန် လိုအပ်မည်ဖြစ်သည်။ အကြောင်းအရင်းမှာ BRI စီမံကိန်းသည် တရုတ်နိုင်ငံက မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် စနစ်တကျ လည်ပတ်နေခြင်းမဟုတ်ဘဲ လက်ခံနိုင်ငံတခုချင်းအပေါ် မူတည်ကာ ချေးငွေရရှိမှု၊ လုပ်ငန်းအောင်မြင်မှုတို့သည် ကွာခြားနေကြခြင်းကြောင့် ဖြစ်သည်။

 

လင်းထက်အောင်