ISP China Desk

စာတမ်းခေါင်းစဉ် – မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

ရေးသားသူ – ဒေါက်တာရန်မျိုးသိမ်း

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace (USIP)

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံရယူရန်Myanmar’s 2020 Election: The Competing Interests of China and India

ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်ကောင်းနေဆဲ ယခုလ ၈ ရက်မှာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်တော့ အရှိန်မလျော့ကျနိုင်သေးတဲ့ ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကြားက မကျေလည်မှုတွေ၊ ရွေးကောက်ပွဲ ကော်မရှင်အပေါ် အင်အားစုအမျိုးမျိုးရဲ့ ဝေဖန်မှုတွေနဲ့အတူ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ ဒါ့အပြင် ကိုယ်ကျိုးစီးပွားဆိုင်ရာ ရည်မှန်းချက်အသီးသီးရှိနေတဲ့ အိမ်နီးချင်း အင်းအားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့သဘောထားတွေဟာလည်း ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲလွန် ပထဝီနိုင်ငံရေးအခင်းအကျင်းအပေါ်မှာ သက်ရောက်မှုတွေရှိမှာဖြစ်ပါတယ်။ ဒါကြောင့် USIP က ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ ထုတ်ဝေခဲ့တဲ့ “၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ၊ တရုတ်နဲ့အိန္ဒိယ ကိုယ်ကျိုးစီးပွား ယှဉ်ပြိုင်မှု”ဆိုတဲ့ သုတေသနစာတမ်းတစောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ယခုစာတမ်းကို အပိုင်း လေးပိုင်း ခွဲပြီး မိတ်ဆက်လိုပါတယ်။ အဆိုပါ အပိုင်း လေးပိုင်းကတော့

  • မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်
  • မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ
  • တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ
  • လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ တရုတ်

ဒီအပိုင်းမှာတော့ စာတမ်းရှင်ဟာ မြန်မာ့သမိုင်းတလျှောက် ကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲတွေအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ အဆိုပါရွေးကောက်ပွဲများမှတဆင့် အာဏာရလာတဲ့ အစိုးရများအပေါ် တရုတ်ရဲ့ သံတမန်ဆက်ဆံရေး မူဝါဒများအကြောင်းကို အသေးစိတ် ဖော်ပြရေးသားထားပါတယ်။ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၅၄ ခုနှစ်မှာ စတင်ပြောင်းလဲလာပြီး ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကြိုးစားလာခဲ့ပါတယ်။ အဲဒီကာလတဝိုက်မှာပဲ တရုတ်ဟာ ဗမာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါတယ်။ ဗမာပြည်မှာ ကျင်းပတဲ့ ၁၉၅၆    ရွေးကောက်ပွဲမှာတော့ လက်ဝဲယိမ်းပါတီတွေဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)၊ ဗမာပြည်အလုပ်သမားနှင့် လယ်သမားပါတီတို့ဟာ ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရအတွက် အဓိက အတိုက်အခံအင်အားစုတွေဖြစ်လာကြပါတယ်။ အဆိုပါ လက်ဝဲယိမ်းပါတီတွေကို တရုတ်သံရုံးက ထောက်ပံ့မှုတွေ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အဆိုပါ ရွေးကောက်ပွဲမတိုင်မီက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမဲ့ နိုင်ငံခြားရေး မူဝါဒတွေ အပြောင်းအလဲ ဖြစ်လာတဲ့ ၁၉၅၆ရွေးကောက်ပွဲမှာတော့ မြေပေါ်လက်ဝဲယိမ်းပါတီတွေအတွက် အထောက်အပံ့တွေ ပေးခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲအပြီး ဩဂုတ်မှာ တရုတ်နိုင်ငံဆိုင်ရာ ဗမာသံအမတ် ဦးလှမောင်နဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာလည်း တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ စာတမ်းရှင်က ရေးသားထားပါတယ်။ အဲဒီကာလမှာ ဖဆပလဟာ သန့်ရှင်းနဲ့ တည်မြဲ နှစ်ခြမ်းကွဲနေချိန် ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဦးနုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်အစိုးရက ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလကို အထောက်အပံ့ပေးခဲ့ပါတယ်။အပြန်အလှန်အနေနဲ့ ဦးနုကလည်း ဗမာပြည်အတွင်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားဖြစ်စေ မြန်မာနိုင်ငံသားဖြစ်စေ တရုတ်လူမျိုး လုပ်ငန်းရှင်များကို အကာအကွယ် အထောက်အပံ့များပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့ တရုတ်ဘဏ်ဟာလည်း ဦးနုရဲ့ မဲဆွယ်စရိတ်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲမှာ ဦးနုရဲ့ သန့်ရှင်းဖဆပလ အနိုင်ရခဲ့ပါတယ်။

၁၉၉၀ ခုနှစ် အရောက်မှာတော့ ဗမာပြည် ရွေးကောက်ပွဲအပေါ် တရုတ်ရဲ့ချဉ်းကပ်ပုံဟာ ပုံစံတမျိုး ပြောင်းလာပြန်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရပြီးနောက် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ရိတ်ရှန်ဟာ NLD ရုံးချုပ်ဆီ သွားရောက်ပြီး ဂုဏ်ပြုစကားဆိုခဲ့တဲ့ ပထမဆုံး သံအမတ်ဖြစ်တာကို ထောက်ပြထားပါတယ်။  ၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန်မှာလည်း တရုတ်သံအမတ် လီကျန်းဟွာဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များနဲ့ တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီကလည်း တရုတ်သံအမတ် ဟုန်းလျန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့  NLD အကြား ပါတီချင်းဆက်ဆံရေး ထူထောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။  ရွေးကောက်ပွဲအပြီး NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့  အာဏာရလာပြီးနောက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆက်လက်တည်မြဲရေး ဆွေးနွေးခဲ့ကြကြောင်း စာတမ်းရှင်က ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကို တရုတ်နိုင်ငံဆီ အလည်အပတ်ဖိတ်ခေါ်ပြီး တရုတ်ရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ဥပဒေပြုရေးစနစ်တွေကို လေ့လာစေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း (CMEC) အကြောင်း၊ နှစ်နိုင်ငံလူထုချင်း ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အကြောင်းတွေ ဆွေးနွေးခဲ့တဲ့ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ NLD အစိုးရအပေါ် ဆက်လက်ထောက်ခံဆဲ ဆိုတဲ့ သဘောတရားနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစင်မြင့်မှာ တရုတ်က မြန်မာအပေါ် ကာကွယ်ပေးထားတယ် ဆိုတဲ့ အခြေအနေတွေကို ထင်ဟပ်စေတယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။

တရုတ်ဟာ လက်ရှိအာဏာရပါတီနဲ့သာမက အခြားအတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနဲ့လည်း ဆက်ဆံရေး မပျက်ကွက်ခဲ့ကြောင်း စာတမ်းမှာဖော်ပြထားပါတယ်။ ဟိုယခင် ၁၉၆၂ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကာလတွေ  ကတည်းက တရုတ်ဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတည်ဆောက်ထားသလို တဖက်မှာလည်း လက်နက်ကိုင် အတိုက်အခံ အင်အားစုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့လည်း ပါတီချင်းဆက်ဆံရေး မပျက်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကြား နားလည်မှုစာချွန်လွှာရေးထိုးထားပြီး ၂၀၁၉ အောက်တိုဘာမှာလည်း တရုတ်ရဲ့ နိုင်ငံတကာဌာနဥက္ကဋ္ဌ မစ္စစွန်းဟိုင်ယန်နဲ့  NLD၊ USDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့သလဲဆိုတာတော့ တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

အစိုးရ၊ နိုင်ငံရေးပါတီများနဲ့သာမက တရုတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကြားမှာလည်း နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းထားတဲ့ FPNCC အဖွဲ့ရဲ့ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်က တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ တရုတ်ရဲ့ အာရှရေးရာဝန်ကြီး စွန်းကော်ရှန်းက FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များကို တရုတ်-မြန်မာ နယ်စပ်တလျောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့၊ ၂၀၂၀ မှာ မျှတတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ရေး အားပေးကြဖို့ အကြံပြုခဲ့ပါတယ်။  အဲဒီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အစိုးရအနေနဲ့ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးကို အာရုံစိုက်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ။

၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအပေါ် တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ့ ရှိခဲ့သလို အခုအချိန်မှာလည်း တရုတ်ဟာ မြန်မာပြည်တွင်းက အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အင်အားစု စသဖြင့် အလွှာစုံနယ်ပယ်စုံ ဆက်ဆံရေးကို ထူထောင်ထားပါတယ်။ ဒီလို အလွှာစုံဆက်ဆံရေးရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာလူထုကြား စိမ့်ဝင်အားကောင်းနေတဲ့ တရုတ်မလိုလားမှုစိတ်ထားများကို အတတ်နိုင်ဆုံး လျော့ချပြီး တိုင်းရင်းသားပြည်နယ်တွေရဲ့ ဒေသတကြောမှာ အခြေစိုက်ထားတဲ့ တရုတ်စီမံကိန်းတွေ ချော့မွေအဆင်ပြေစေဖို့ဖြစ်ကြောင်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

အစိုးရအချင်းချင်း၊ ပါတီအချင်းချင်း၊ တပ်မတော်အချင်းချင်း စသည်ဖြင့် အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပေမဲ့ တရုတ်ဟာ လူထုချင်း ဆက်ဆံရေးထူထောင်ဖို့ အားနည်းနေသေးကြောင်းကို ဒေသခံလူထုတွေရဲ့ အသံတွေ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ မြန်မာပြည်တွင်း တရုတ်စီမံကိန်းတွေက သက်သေဖြစ်ကြောင်း စာတမ်းက ဆိုထားပါတယ်။ ဒီစီမံကိန်းတွေအပေါ် NLD အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းအချို့ ရှိခဲ့ပြီး စီမံကိန်းအချို့လည်း ကြန့်ကြာနေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာလူထုကြားက တရုတ်မလိုလားစိတ်ကို ဖြေလျော့နိုင်ဖို့ တရုတ်အတွက် လူထုထောက်ခံအား ပိုများတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ဇော်မှုနဲ့ ဩဇာတိက္ကမကို လိုအပ်နေတာကြောင့် NLD ပါတီနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် တည်ဆောက်ထားကြောင်းလည်း ဒီစာတမ်းမှာ ရေးသားထားပါတယ်။ သမိုင်းကြောင်းအရ တရုတ်ဟာ မြန်မာအပေါ် နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာတော့ စီးပွားရေးဗဟိုပြု သံတမန်ဆက်ဆံရေးကိုသာ အာရုံစိုက်နေတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။

မြန်မာ့ရွေးကောက်ပွဲများနဲ့ အိန္ဒိယ

အိန္ဒိယနဲ့ မြန်မာဟာ အင်္ဂလိပ်ကိုလိုနီကို တော်လှန်ခဲ့တာချင်း တူညီတာကိုအကြောင်းပြုလို့ ရင်းနှီးကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက် အစိုးရထိပ်သီးခေါင်းဆောင်များရဲ့ အပြန်အလှန် သံတမန်ခရီးစဉ်များအကြောင်းကိုလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ လူထုအရေးအခင်း ဖြစ်ပေါ်ချိန်မှာ အိန္ဒိယဟာ ဒီမိုကရေစီလိုလားသူ အတိုက်အခံများဘက်က ရပ်တည်ခဲ့ပါတယ်။ ထိုစဉ်က ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးဟာ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနုတို့နဲ့ အဆက်အသွယ်မပျက်ရှိခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အိန္ဒိယ-မြန်မာနယ်စပ်ကို ရှောင်တိမ်းဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကူညီခဲ့သလို နယ်စပ်တလျောက်မှာလည်း ခိုလုံဖို့အတွက် စခန်းအချို့ ဖွင့်ပေးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ဒီမူဝါဒဟာ ပြောင်းလဲလာပါတယ်။

ဒီလိုပြောင်းလဲလာတာဟာ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ကြီးထွားလာခြင်း၊ အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသနဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်းအပြင် အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်(look east)မူဝါဒတို့ကြောင့် ဖြစ်တယ်လို့ စာတမ်းရေးသူက ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေဆီကို ဒီမိုကရေစီ တင်သွင်းလို့မရနိုင်လို့ သူတို့ရဲ့ဖြစ်တည်မှုအတိုင်းပဲ လက်ခံပြီး ဆက်ဆံသွားရမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီမှာ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး အိန္ဒိယကို သွားရောက်ပြီး ၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲများအရေး ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အရှေ့အရပ်သို့မျှော်ခြင်းမူဝါဒနဲ့ အိမ်နီးချင်းတို့ဦးစားပေးရေးမူဝါဒတွေမှာ မြန်မာဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတာကြောင့် ကာကွယ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ အပါအဝင် ကဏ္ဍစုံမှာ သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်လို့ ယခုစာတမ်းမှာ ရေးသားထားပါတယ်။  ဒါ့အပြင် လက်ရှိအာဏာပါတီဖြစ်တဲ့ NLD နဲ့လည်း နီးစပ်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ကြိုးစားခဲ့တာတွေကို ရေးသားဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ် NLDပါတီ အာဏာရအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဒီမိုကရေအပြောင်းအလဲနဲ့အတူ ပိုကြီးမားတဲ့ စီးပွားရေး၊ ဖွံဖြိုးရေးတွေအတွက် မျှတတဲ့ရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် အပြန်အလှန် အထောက်အကူပေးဖို့  အိန္ဒိယရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကြား နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ်မှာ ရေးထိုးခဲ့ပါတယ်။ အိန္ဒိယရဲ့ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲရေး နိုင်ငံတကာ အင်စတီကျုကလည်း မဲဆန္ဒရှင်ပညာပေးသင်ရိုးများ အပြင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သင်ရိုးများ ပြုစုပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က အရာရှိများစွာကို လေ့ကျင်ဝေမျှခဲ့တဲ့ အကြောင်းလည်း ယခုစာတမ်းမှာ ဖော်ပြထားပါတယ်။

တရုတ်နည်းတူပဲ အိန္ဒိယဟာလည်း ၎င်းရဲ့ နယ်စပ်ဒေသတလျောက်က မြန်မာပြည်နယ်တွေမှာရှိတဲ့ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့လည်း ဆက်ဆံရေးထူထောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှာ USDP ပါတီရဲ့ ဥက္ကဋ္ဌအပါအဝင် ပါတီဝင်များဟာ အိန္ဒိယကို သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်ရေးရာအကြောင်း ဆွေးနွေးခဲ့ပါတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌကလည်း အဆိုပါလထဲမှာပဲ အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသားနေ့ကို ဆင်နွဲခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဖယ်ဒရယ်ဒီမိုကရေစနစ်ကိုကျင့်သုံးတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံကိုလည်း ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တရုတ်ရဲ့လွှမ်းမိုးမှုအောက်က ကင်းလွတ်ဖို့ ရည်မှန်းပြီး အိန္ဒိယရဲ့အကူအညီတွေဟာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်အတွက် အရေးပါလာနိုင်တယ်လို့ ယခုစာတမ်းမှာ သုံးသပ်ထားပါတယ်။

တရုတ်-အိန္ဒိယ အားပြိုင်မှုနဲ့  ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ

မြန်မာနိုင်ငံဟာ အကျိုးစီးပွားခြင်းပြိုင်ဆိုင်နေကြတဲ့ အင်အားကြီး နိုင်ငံနှစ်နိုင်ငံရဲ့ အကြားမှာရှိတာကြောင့် ဒီနှစ်နိုင်ငံအကြား သံတမန်ရေးရာမျှချေကို ထိန်းနိုင်ရေးဟာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အရေးကြီးတယ်လို့ထောက်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးဟာ ၎င်းတို့ရဲ့ စီးပွားရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားအသီးသီးအတွက် မြန်မာ့ရွေးကောက်ပွဲဖြစ်စဉ်ကို နည်းလမ်းအဖုံဖုံနဲ့ ပါဝင်ပတ်သက်တာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေရှိပေမယ့် ရွေးကောက်ပွဲမှာ သိသိသာသာဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲမခံရအောင် ကြိုးစားနေပုံရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာ ကို နှစ်နိုင်ငံလုံးက များစွာ စိုးရိမ်မှုရှိကြပုံမပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကြောင်းပြချက်ကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ် တယ်လို့ စာတမ်းရေးသူ သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ပါတီဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ပါတီ ဦးဆောင်ပြီး တိုင်းရင်းသားပါတီတွေ အများအပြားနဲ့ တပ်မတော်တို့ ပေါင်းစပ်ဖွဲ့စည်းထားမယ့်ညွန့်ပေါင်းအစိုးရကို လိုလားလိမ့်မယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ အိန္ဒိယကတော့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပိုမိုအထောက်အကူပြုလျက်ရှိပြီး တရုတ်နိုင်ငံဟာ ကုလသမဂ္ဂမှာရှိတဲ့ သူ့ရဲ့ ဗီတိုအာဏာကို သုံးပြီး မြန်မာနိုင်ငံကို နိုင်ငံတကာဖိအားတွေက ကာကွယ်ပေးရင်း အလွှာစုံဆက်ဆံရေးကို ထူထောင်ထားပါတယ်။

လေ့လာတွေ့ရှိချက်များနဲ့ အကြံပြုချက်များ

စာတမ်းရဲ့ နောက်ဆုံးအပိုင်းမှာတော့ လေ့လာတွေ့ရှိချက် လေးချက်နဲ့အတူ မြန်မာအစိုးအရအတွက် အကြံပြုချက် ခုနစ်ချက်၊ တရုတ်အတွက် အကြံပြုချက် လေးချက်၊ အိန္ဒိယအတွက် အကြံပြုချက် နှစ်ချက်နဲ့ နိုင်ငံတကာအသိုင်းအဝန်းအတွက် အကြံပြုချက် တချက်တို့ ပါဝင်ပါတယ်။ ဒီအချက်တွေထဲ စိတ်ဝင်စားဖွယ်ရာ၊ သတိပြုဖွယ်ရာ အချက်အချို့ကို ထုတ်နုတ်မိတ်ဆက်ပေးချင်ပါတယ်။

လေ့လာတွေ့ရှိချက် အချို့အနေနဲ့ တရုတ်နဲ့မြန်မာဟာ နယ်နိမိတ်ရှည်လျားစွာ ထိဆက်နေတဲ့အပြင် အကြောင်းကြောင်းတွေကြောင့် မြန်မာကလည်း တရုတ်နဲ့ ဆက်ဆံရေးအဆင်ပြေဖို့လိုသလို တရုတ်အနေနဲ့လည်း မြန်မာကို လိုအပ်တယ်လို့ ရေးသားထားပါတယ်။ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေး တည်ဆောက်ခြင်းဟာ သူ့ရဲ့ စီးပွားရေးအကျိုးလိုလားမှုကြောင့် အဓိကဖြစ်ပြီး မြန်မာပြည်အပေါ်သာမက ဒေသတွင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကြီးမားလာတာကို ထောက်ရှုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရွေးကောက်ပွဲအလွန်အခြေအနေတွေအပေါ် တရုတ်ရဲ့ အရိပ်ထိုးမှုဟာ သွယ်ဝိုက်သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ရှိလိမ့်မယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

အကြံပြုချက်တွေထဲမှာတော့ တရုတ်ဟာ မြစ်ဆုံစီမံကိန်းမှာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောပေးပြီး လူထုချင်းဆက်ဆံရေးကို အခိုင်အမာတည်ဆောက်နိုင်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး တရုတ်လွှမ်းမိုးမှုကို မျှချေမှာရှိအောင် ထိန်းထားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပနဲ့ အမေရိကတကြောက နိုင်ငံတွေရဲ့ ရွေးကောက်ပွဲစနစ်တွေကို ကျေလည်အောင် လေ့လာဖို့ မြန်မာအစိုးရက ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်မာပြည်တွင်းက ပွင့်လင်းမြင်သာမှု အားနည်းတဲ့ တရုတ်စီမံကိန်းများနဲ့ ပတ်သက်လို့လည်း ရွေးကောက်ခံလွှတ်တော်ထဲမှာ ကောင်းကျိုးဆိုးပြစ်တွေ အကျေအလည်ဆွေးနွေးငြင်းခုံတဲ့ အလေ့အထ အားကောင်းလာအောင် ကြိုးပမ်းသင့်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေမှာ အလွှာစုံဆက်ဆံရေးကို အခိုင်အမာတည်ထောင်ပြီး ပိုမိုမဟာဗျူဟာကျတဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်သင့်တယ်လို့ အကြံပြုထားပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို စွမ်းရည်မြှင့်တင်ရေးမှာ အထောက်အကူပေးသင့်တယ်လို့ ယခုစာတမ်းမှာ အကြံပြုဖော်ပြထားပါတယ်။

ထက်ရှိန်လင်း