ISP China Desk

စာတမ်းခေါင်းစဉ် – မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ

ရေးသားသူ – Ryan Loomis and Heidi Holz

ထုတ်ဝေသည့်အဖွဲ့ – CNA

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ စက်တင်ဘာ

စာတမ်းအပြည့်အစုံရယူရန်China’s Efforts to Shape the Information Environment in Myanmar

နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံဆက်ဆံရာမှာ နိုင်ငံရေး၊ ကုန်သွယ်ရေး စတာတွေ ပြေလည်စေဖို့နဲ့ သက်ဆိုင်ရာနိုင်ငံကို ပိုမိုလွှမ်းမိုးနိုင်ဖို့ Soft Power (အနုနည်းနဲ့စည်းရုံးသိမ်းသွင်းနိုင်စွမ်း)ကို ဒီနေ့ခေတ် အင်အားကြီးနိုင်ငံ တော်တော်များများက အသုံးပြုလာကြပါတယ်။ စစ်အင်အားကြီးလို့ တဖက်သားက ရွံ့ကြောက်နေရမယ့် သမားရိုးကျ Hard Power အပြင် မိမိနိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်၊ အနုပညာ၊ ဂီတနဲ့ သတင်း၊ ဆောင်းပါးတွေကို တဖက်နိုင်ငံသားတွေဆီ ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်ကာ ကိုယ့်နိုင်ငံအပေါ် အကောင်းမြင်လာပြီး Soft Power တိုးအောင် ကြိုးစားလာကြတာ ဖြစ်ပါတယ်။  ရပ်နီးရပ်ဝေးနိုင်ငံတွေရဲ့ Soft Power တိုးလာဖို့ လှုပ်ရှားဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံမှာလည်း တွေ့လာရတာပါ။ ၂၀၁၄ ခုနှစ်က ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၈)ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှာ တရုတ်သမ္မတရှီကျင့်ဖျင်က “မိမိတို့အနေဖြင့် တရုတ် Soft Power ကို တိုးမြှင့်ရမယ်။ တရုတ်နဲ့ ပတ်သက်လို့ ကောင်းကြောင်းကိုသာ ပေးရမယ်။ ကမ္ဘာကို တရုတ်ပေးချင်တဲ့ သတင်းစကားတွေ ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် ဆောင်ရွက်ရမယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ကမ္ဘာတဝန်း တရုတ် Soft Power လှုပ်ရှားမှုတွေ တိုးလာပြီး မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုလက်လှမ်းမီသမျှ မီဒီယာတွေမှာ တရုတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တိုး၍ တွေ့လာနေရပါတယ်။ ဒီလိုတိုးလာတာတွေကို စနစ်တကျ သုံးသပ်ထားတဲ့ စိတ်ဝင်စားဖွယ် သုတေသန စာတမ်းတစောင်ကို မိတ်ဆက်ပေးလိုပါတယ်။

(တရုတ်ရဲ့ Soft Power သတင်းများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ ISP-Myanmar China Desk က စာရင်းပြုစုထားရှိပါတယ်။ တရုတ်ရဲ့ Soft Power သတင်းများကို ဖတ်ရှုရန်

တရုတ်ရဲ့ ကြော်ငြာဆောင်းပါးများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ကာ ISP-Myanmar China Desk က စာရင်းပြုစုထားရှိပါတယ်။ တရုတ်ရဲ့ ကြော်ငြာဆောင်းပါးများကို ဖတ်ရှုရန်)

Ryan Loomis နဲ့ Heidi Holz ရေးသားပြီး CNA က ထုတ်ဝေတဲ့ China’s Efforts to Shape the Information Environment in Myanmar(မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ) သုတေသနစာတမ်းဟာ မြန်မာ့ မီဒီယာရပ်ဝန်းမှာ တရုတ်ရဲ့ ပါဝင်ဆောင်ရွက်မှု များပြားလာတာကို ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ အချက်အလက်အခြေပြု သုံးသပ်ထားပြီး အဆိုပါ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ CNA အနေနဲ့ တခြားဒေသတွင်း နိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့ တရုတ်ရဲ့ အားထုတ်မှုတွေကိုလည်း သုံးသပ်ထားကာ ယခုစာတမ်းဟာလည်း အဆိုပါ သုတေသန စာတမ်းများအနက်မှ တခုဖြစ်ပါတယ်။ ဒီစာတမ်းမှာ ဖြစ်ရပ်များ၊ ဇယားများ၊ ပုံကားချပ်များ၊ Box Story များ၊ မြေပုံများပါဝင်ပြီး မြောက်မြားစွာသော အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ထားပါတယ်။

စာတမ်းကို အပိုင်း သုံးပိုင်းခွဲပြီး ရေးသားထားပါတယ်။ ပထမပိုင်းမှာတော့ မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ခြုံငုံသုံးသပ်ချက်နဲ့ စဖွင့်ထားပါတယ်။ ဒီကဏ္ဍမှာ မြန်မာပြည်နေရာအနှံ့အပြားက သတင်းဌာနတွေ၊ Facebook လူမှုကွန်ရက်ရဲ့ အရေးပါပုံ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားဥပဒေ၊ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ ထင်ရှားတဲ့ သတင်းဌာနတွေရဲ့ အမျိုးအစား၊ တင်ဆက်ပုံ၊ လူမှုကွန်ရက် ပရိသတ်အရေအတွက်၊ ပိုင်ရှင် စတာတွေကို ခွဲခြမ်းစိတ်ဖြာဖော်ပြထားတာကြောင့် မြန်မာနိုင်ငံ သတင်းအချက်အလက် ရပ်ဝန်းရဲ့ နောက်ခံအခြေအနေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းကတော့ စာတမ်းရဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းအပေါ် လွှမ်းမိုးဖို့ ကြိုးစားတဲ့ အားထုတ်မှုတွေကို လေ့လာထားတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ရေးထားတဲ့ ဆောင်းပါးကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြတာကစလို့ မြန်မာ-တရုတ်မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေကို Facebook လူမှုကွန်ရက်အပါအဝင် မီဒီယာမျိုးစုံမှာ အကောင်းမြင် ဖော်ပြစေတာတွေအပြင် အခုနောက်ဆုံး ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန် သုတေသနစခန်းမှ စတင်တယ်လို့ တရုတ် CRI Facebook စာမျက်နှာကနေ မြန်မာဘာသာနဲ့ ဖော်ပြချက်တွေအထိ ထဲထဲဝင်ဝင် သုတေသနပြု လေ့လာထားပါတယ်။ တဆက်တည်းမှာပဲ ဒီလို အားထုတ်ရတာရဲ့ ရည်ရွယ်ချက်တွေ၊ နောက်ပြီး တရုတ်ရဲ့ မြန်မာပြည်သူတွေ အဓိကအာရုံစိုက်စေချင်တဲ့ အကြောင်းအရာတွေအပေါ် စာရေးသူတွေရဲ့ သုံးသပ်ချက်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတခုလုံးမှာ Facebook လူမှုကွန်ရက်ပေါ်က တရုတ်နိုင်ငံပိုင် မီဒီယာစာမျက်နှာရဲ့ ပရိသတ်အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတာပါပဲ။

(တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ဖတ်ရှုရန်)

နောက်ဆုံးပိုင်းကတော့ တရုတ်ရဲ့ အထက်ပါ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် ထိရောက်မှုရှိနိုင်သလဲဆိုတဲ့ ဆန်းစစ်ချက်တွေကို ဖတ်ရှုရမှာပါ။ ပြည်သူလူထုကြားထဲမှာ တရုတ်နိုင်ငံအပေါ် မလိုလားမှုတွေ ရှိနေတာကြောင့် အခုလိုတရုတ်ရဲ့ မီဒီယာရပ်ဝန်း ပုံဖော်မှုဟာ တရုတ်အတွက် ရှုပ်ထွေးမှုတွေကိုသာ ဖြစ်ပေါ်စေနိုင်ပြီး တရုတ်ကောင်းသတင်း ပျံ့နှံ့မှုဟာလည်း အကန့်အသတ်သာ ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ တိုးပွားလာတဲ့ တရုတ်မီဒီယာတွေအပေါ် မြန်မာပြည်တွင်းရှိ ပြည်သူတွေရဲ့ အမြင်ကိုလည်း ဖော်ပြထားပြီး စောင့်ကြည့်ရမယ့် အချက်တွေကိုလည်း ထုတ်နုတ်ထားတဲ့အတွက် တရုတ်အရေးလေ့လာစောင့်ကြည့်သူတွေ ဖတ်ရှုသင့်တဲ့ စာတမ်းတစောင်လည်း ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ခြုံငုံသုံးသပ်ရရင်ကတော့ ၂၁-ရာစုမှာ တနိုင်ငံက တနိုင်ငံကို Soft Power ရောက်အောင် ကြိုစားအားထုတ်မှုတွေက ပိုပြီးတွေ့မြင်လာရမှာပါ။ မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေရဲ့ ဝင်ရောက်ထိုးဖောက်နိုင်တာတွေထက် တရုတ်ရဲ့ အားထုတ်မှုတွေက ပိုမိုထင်သာမြင်သာရှိနေပြီး ပြည်တွင်း တရုတ်အကျိုးစီးပွားအများစုနဲ့ ချိတ်ဆက်နေပါတယ်။ ဒီလို သွယ်ဝိုက်သောနည်းနဲ့ စည်းရုံးသိမ်းသွင်းတာကြောင့် တိုက်ရိုက်ကျတဲ့ မြန်မာ့အကျိုးစီးပွားကို ထိခိုက်ခြင်း မရှိအောင်လည်း ကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်။

(မြန်မာပြည်သူလူထု၏ တရုတ်အပေါ် ထင်မြင်ချက် အချို့ကို ဖတ်ရှုလိုပါက – https://ispmyanmarchinadesk.com/dialogue/facebook-reactions-on-us-china-argument/)

သုတေသနစာတမ်း မူရင်းအနှစ်ချုပ်

  • တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာတဝန်းရှိ ပြည်သူများအတွက် တရုတ်ပြည်နှင့်ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိနားလည်နိုင်ရန် စည်းရုံးလှုပ်ရှားမှုတရပ် စတင်ခဲ့သည်။
  • ယခုစာတမ်းသည် မဲခေါင်ဒေသနိုင်ငံများ (လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း)၏ မီဒီယာရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ လွှမ်းမိုးအားထုတ်နေခြင်းကို သုံးသပ်ထားမှုများ၏ အစိတ်အပိုင်းတခု ဖြစ်သည်။
  • ယခုစာတမ်း၌ မြန်မာပြည်တွင်း အခြေအနေများကို အဓိက အာရုံစိုက်ထားသည်။
  • တရုတ်၏ အားထုတ်မှုကို ဆက်စပ်စဉ်းစားရန်အတွက် စာတမ်းကို မြန်မာ့ သတင်းအချက်အလက်ရပ်ဝန်း ခြုံငုံသုံးသပ်ချက်နှင့် စထားသည်။ အဆိုပါသုံးသပ်ချက်၌ သတင်းနှင့် အချက်အလက်ဖြန့်ဝေရာတွင် အဓိကကျပြီး ထင်မြင်ချက်များကို ပုံဖော်နိုင်သည့် လူတဦးချင်း၊ အဖွဲ့အစည်းများ၊ စနစ်များ ပါဝင်သည်။
  • ထို့နောက် တရုတ်၏ မြန်မာပရိသတ်ထံ ရောက်ရှိစေလိုသော အဓိကအချက်များကို ဖော်ထုတ်ထားပြီး တခုချင်းစီအတွက် အသုံးပြုနေသော နည်းဗျူဟာများ၊ ကြားခံများ၊ နည်းလမ်းများကိုလည်း ဆန်းစစ်ထားသည်။
  • နိဂုံးချုပ်ရာ၌ တရုတ်ခြေရာများလာသည့် မြန်မာ့ သတင်းအချက်အလက်ရပ်ဝန်းတွင် တရုတ်၏ အားထုတ်မှုများနှင့် စောင့်ကြည့်ရမည့် အကြောင်းအရာများမှ သက်ရောက်နိုင်မှုများကို လေ့လာဆွေးနွေးထားသည်။

အဓိကရှာဖွေတွေ့ရှိချက်များ

မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းတွင် တရုတ်က ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာပြီး အဓိကကျသော တရုတ်၏ အားထုတ်မှုများမှာ

  • မြောက်မြားစွာသော တရုတ်မီဒီယာများသည် သတင်းများကို မြန်မာဘာသာဖြင့် ရေးသားလာခြင်း
  • တရုတ်မီဒီယာများသည် မြန်မာအစိုးရပိုင် သတင်းဌာနများသာမက ပုဂ္ဂလိက မီဒီယာများနှင့်ပါ သတင်းမျှဝေလာကြခြင်း
  • တရုတ်မီဒီယာများသည် မြန်မာဘာသာဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်လာခြင်း
  • မြန်မာသတင်းစာဆရာများအတွက် ဖိုရမ်များ၊ သင်တန်းများ၊ လေ့လာရေးခရီးများကို အကုန်အကျခံပေးခြင်းအားဖြင့် တရုတ်လွှမ်းမိုးမှုရှိအောင် ကြိုးစားလာခြင်း
  • မြန်မာပရိသတ်ကို ဦးတည်သော ဖျော်ဖြေရေးအစီအစဉ်များကို တရုတ်မီဒီယာများမှ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းထုတ်လုပ်လာခြင်း
  • တရုတ်ကုမ္ပဏီများက အနာဂတ်တွင် နေရာပိုမိုရရှိနိုင်ရန်အတွက် မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်တစိတ်တပိုင်းကို ရယူလိုခြင်း

ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း တရုတ်မီဒီယာများမှာ လူသိများထင်ရှားမှုတွင် အခြားနိုင်ငံခြားသတင်းဌာနများကို ကျော်လွှားနိုင်ခြင်း မရှိသေးပါ။

တရုတ်မီဒီယာများ မြန်မာနိုင်ငံအတွင်း ခြေကုပ်ယူမှုမှ တဆင့် ၎င်း၏ မဟာဗျူဟာ အကျိုးစီးပွားများ ပိုမိုခိုင်မာအောင် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းရာတွင် တရုတ်၏ မြန်မာပရိသတ်ထံ ရောက်ရှိစေလိုသော အဓိကအချက်များမှာ

  • တရုတ်-မြန်မာ ရင်းနှီးချစ်ကြည်မှုသည် တမူထူးခြားခြင်း
  • တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်အတွက် အကျိုးရှိစေခြင်း
  • ရိုဟင်ဂျာအရေးတွင် မြန်မာပြည်၏ ကြိုးပမ်းမှုများကို အနောက်အုပ်စုများနှင့် မတူညီပဲ ဘေဂျင်းက ထောက်ခံရပ်တည်ပေးခြင်း
  • တရုတ်က COVID-19 တိုက်ဖျက်ရေးတွင် မြန်မာအတွက် ကူညီထောက်ပံ့ပေးခြင်း

ပြည်သူလူထုကြားတွင် တရုတ်မလိုလားချက်များ ရှိနေသောကြောင့် တရုတ်၏ မီဒီယာရပ်ဝန်း ပုံဖော်မှုသည် တရုတ်အတွက် ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေနိုင်ပြီး တရုတ်ကောင်းသတင်း ပျံ့နှံ့မှုသည်လည်း အကန့်အသတ်သာ ရှိနိုင်သည်။

 

သန့်အောင်ပိုင်