ISP China Desk
အမေရိကန်နှင့် တရုတ်သံရုံးတို့၏ စကားစစ်ထိုးခြင်းအပေါ်  ထင်မြင်တုံ့ပြန်မှုများ

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ် အန် ဆစ်ဘလီ ရေးသားထားတဲ့ ‘တောင်တရုတ် ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လို သက်ရောက်နေလဲ’ အမည်ရတဲ့ ဆောင်းပါးကို ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီမှာ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ရဲ့သံရုံး လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်တုံ့ပြန် ရေးသားခဲ့ပါတယ်။ အခုရေးသားချက် နှစ်ခုစလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံအသီးသီးဟာ မိမိနိုင်ငံသာလျှင် မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းနိုင်ငံဖြစ်တယ်၊ အခြားနိုင်ငံကတော့ မိမိကိုယ်ကျိုးစီးပွားကိုသာ အဓိကထားပြီး အမြတ်ထုတ်ဖို့ကိုသာ ကြိုးစားနေတယ် စတာတွေကို အဓိကထား ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီရေးသားချက်နှစ်ခုဟာ သံရုံးတွေရဲ့ တခြားရေးသားဖော်ပြချက်တွေနဲ့မတူဘဲ လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ စိတ်ဝင်စားမှု သိသိသာသာ မြင့်တက်ခဲ့ပါတယ်။

အဲဒီတင်ပြချက်နှစ်ခုအပေါ် လူမှုကွန်ရက်သုံးစွဲသူတွေက ဘယ်လိုအမြင်တွေရှိနေလဲနဲ့ ဒီလိုထင်မြင်ရတဲ့ အကြောင်းရင်းတွေကို အခုဆောင်းပါးမှာ လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ ထင်မြင်ချက်တွေဟာ ပြည်တွင်းမှာရှိတဲ့ လူထုတရပ်လုံးရဲ့ အမြင်ကိုတော့ ခြုံငုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းမှာတော့ Facebook လူမှုကွန်ရက်ဟာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး စတဲ့ သတင်းအချက်အလက်မျိုးစုံ စီးဆင်းဖြန့်ဝေရာမှာ လူသုံးအများဆုံး ကြားခံနယ်တခု ဖြစ်တာကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ ထင်မြင်ချက်တွေကို အကြမ်းထည်အနေနဲ့ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ 

အခုဆောင်းပါးမှာ အမေရိကန်နဲ့ တရုတ် သံရုံးနှစ်ခုရဲ့ ရေးသားချက်အပေါ် တုံ့ပြန်မှု၊ ဖြန့်ဝေမှု၊ မှတ်ချက်ပေးမှုတွေကို အရေအတွက်အရ ခွဲခြမ်းလေ့လာပြီး ပထဝီနိုင်ငံရေး အားပြိုင်မှု၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်-တရုတ် ဆက်ဆံရေး စတာတွေအပေါ်မှာ မှတ်ချက်ပေးသူတွေရဲ့ အမြင်တွေကို စိစစ်သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အထူး သတိပြုသင့်တဲ့ အချက်တခု ရှိပါတယ်။ အဲဒါကတော့ သံရုံးနှစ်ခုစလုံးရဲ့ Facebook စာမျက်နှာတွေကို ကိုင်တွယ် နေတဲ့ Admin တွေဟာ တက်လာတဲ့ comment တွေအပေါ်မှာ (မိမိအကျိုးစီးပွားနဲ့ လိုက်လျော ညီထွေ ဖြစ်စေတဲ့) ဘက်လိုက်ထောက်ခံသူတွေကို ဝင်ရေးစေတာ၊ ဝင်ရေးခွင့်ပြုတာ၊ မိမိသဘောထားနဲ့ ဆန့်ကျင်ဘက် သဘောဖြစ်နေတဲ့ comment တွေကို ဖျက်ပစ်တာ၊ User တွေကို block တာ အစရှိသဖြင့် (ယတိပြတ် မဟုတ် သော်လည်း) လုပ်ဆောင်နိုင်ခြေတွေ ရှိတာတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ အခုဆောင်းပါးကို ဆန်းသစ်ရေးသားရာမှာလည်း အဲဒီလို ဖြစ်နိုင်ခြေတွေအပေါ်  ထည့်သွင်းစားထားပါတယ်။

ပထမဦးစွာ သံရုံးနှစ်ရုံးရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာတွေအပေါ်  ပြည်သူလူထုရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုကို လေ့လာကြည့်ရင် အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာကို Like ပြုလုပ်ထားသူ တသန်းခွဲနီးပါး(၁ ဒသမ ၄၉ သန်းကျော်)ရှိပြီး တရုတ်သံရုံးစာမျက်နှာကို Like လုပ်ထားသူကတော့ တသိန်းခွဲ(၁၅၀၀၀၀)သာရှိတာကို တွေ့ရပါတယ်။  အလားတူ အမေရိကန်သံရုံးရဲ့ တင်ပြချက်တွေကို တုံ့ပြန်တဲ့ အရေအတွက်ဟာ ပျမ်းမျှ ၁၀၀၀၀ ခန့်ရှိပြီး တရုတ်သံရုံးကို တုံ့ပြန်တဲ့ အရေအတွက်ကတော့ ၁၀၀၀ အောက်သာရှိတာကြောင့် လူထုထဲကို အမေရိကန်သံရုံးရဲ့ ထိုးဖောက်နိုင်မှုဟာ တရုတ်သံရုံးထက် ၁၀ ဆခန့် ပိုမိုများပြားတယ်လို့ သုံးသပ်ရပါတယ်။ (အခုဆောင်းပါးပါ အချက်အလက်တွေဟာ ဇူလိုင် ၂၀ ရက်၊ မနက် ၁၀ နာရီခွဲမတိုင်ခင်က ကောက်ယူထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။)

မြန်မာလူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ရတဲ့ ထုတ်ပြန်ချက်တွေမှာတော့ အမေရိကန်သံရုံးရဲ့  ထုတ်ပြန်မှုမှာ တုံ့ပြန်မှုပေါင်း ၁၄၀၀၀ ကျော်၊ မှတ်ချက်ပြုမှုပေါင်း ၁၇၀၀ ကျော်၊ ဖြန့်ဝေမှုပေါင်း ၇၀၀၀ ကျော် ရှိခဲ့ပြီး တရုတ်သံရုံးရဲ့ ထုတ်ပြန်မှုမှာတော့ တုံ့ပြန်မှုပေါင်း ၁၀၀၀၀ ကျော်၊ မှတ်ချက်ပြုမှုပေါင်း ၂၆၀၀ ကျော်၊ ဖြန့်ဝေမှုပေါင်း ၅၀၀၀ ကျော် ရှိခဲ့တာကြောင့် အဲဒီသံရုံးတွေရဲ့ အခြားတင်ပြချက်တွေထက် သိသိသာသာ အာရုံစိုက်ခံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။  တုံ့ပြန်မှုတွေကို အရေအတွက်အရ ခွဲခြမ်းလေ့လာကြည့်တဲ့အခါ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ကို အပြုသဘော တုံ့ပြန်သူ ၁၃၅၀၀ ကျော်၊ သံသယနဲ့ တုံ့ပြန်သူ ၅၀၀ ခန့် ရှိပြီး  တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အပြုသဘော တုံ့ပြန်သူ ၆၀၀၀ ခန့်၊ သံသယနဲ့ တုံ့ပြန်သူ ၅၀၀၀ ကျော်ရှိခဲ့တာကြောင့် အမေရိကန်အပေါ် အကောင်းမြင်မှုဟာ တရုတ်အပေါ်  အကောင်းမြင်မှုထက် ပိုများတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒီနှစ်တွေထဲမှာ တရုတ်နိုင်ငံအနေနဲ့ ပြည်သူလူထုကို ထိတွေ့ဆက်ဆံမှုတွေ အပါအဝင် သူ့ရဲ့ ပုံရိပ်ကောင်းကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းလာတာတွေရှိပေမဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင် မြန်မာပြည်သူလူထုအကြားမှာ မယုံကြည်မှုတွေ၊ အပြုသဘောမဆောင်တဲ့အမြင်တွေ အတိုင်းအတာတခုအထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးတယ်လို့ သုံးသပ်ရပါတယ်။

သံရုံးတွေရဲ့ ရေးသားချက်တွေအတွက် လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ မှတ်ချက်တွေမှာ နှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီး အကောင်းမြင်တာရော အဆိုးမြင်တာပါ စုံလင်စွာ တွေ့ရပါတယ်။ အဲဒီ မှတ်ချက်တွေထဲက ပထမဆုံးဖော်ပြထားတဲ့ အသက်ဆိုင်ဆုံး မှတ်ချက်(Most Relevant Comments) ၁၀၀ ကို ရွေးထုတ်ထားပါတယ်။ အမေရိကန်သံရုံးရဲ့ ရေးသားချက်အပေါ် မကောင်းမြင်တဲ့ မှတ်ချက်က ၆၂ ရာခိုင်နှုန်းနဲ့ အကောင်းမြင်မှတ်ချက် ၂၄ ရာခိုင်နှုန်း ရှိပြီး တရုတ်သံရုံးရဲ့ ရေးသားချက်ပေါ်မှာလည်း မကောင်းမြင်တဲ့ မှတ်ချက် ၈၂ ရာခိုင်နှုန်းနဲ့ အကောင်းမြင်မှတ်ချက် ၅ ရာခိုင်နှုန်း ရှိတာကို သုံးသပ်ရရင် နှစ်နိုင်ငံလုံးပေါ်မှာ မြန်မာလူထုအနေနဲ့ အဆိုးမြင်မှုများတာကို တွေ့ရပါတယ်။ သံရုံး နှစ်ရုံးရဲ့ ဖော်ပြချက်တွေထဲက ရွေးထုတ်ထားတဲ့ မှတ်ချက်တွေရဲ့ ထင်မြင်ချက်တွေနဲ့ ဒီလိုထင်မြင်ရတဲ့ အကြောင်းရင်းတွေကို အခုဆောင်းပါးမှာ စိစစ်ခွဲခြားပြထားပါတယ်။

ထင်မြင်ချက်တွေကို စိစစ်ရာမှာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးကို အဆိုးမြင်ရတဲ့  အကြောင်းရင်းတွေ များစွာတွေ့ရပါတယ်။ အဲဒါတွေအထဲမှာ လူပြောအများဆုံး အကြောင်းရင်း သုံးချက်ကတော့ အင်အားကြီးနှစ်နိုင်ငံအကြား မြေစာပင်နိုင်ငံဖြစ်ရမှာကို စိုးရိမ်တာ၊ အင်အားကြီးနိုင်ငံတွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို အသုံးချမှာကို စိုးရိမ်တာနဲ့ မြန်မာနိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံတွေအကြား ပထဝီနိုင်ငံရေးအားပြိုင်မှုရဲ့ ဗဟိုချက် ဖြစ်လာမှာကို စိုးရိမ်တာတွေပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး အမေရိကန်နိုင်ငံနဲ့ပတ်သက်လို့ အကောင်းမြင်ရတဲ့ အကြောင်းရင်းတွေထဲကနေ လူပြောအများဆုံး အကြောင်းရင်း သုံးချက်ကို တင်ပြရရင် အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဖက်အဖြစ် ရှုမြင်တာ၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံဖြစ်တာ၊ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေကို ထောက်ခံတာတွေပဲ ဖြစ်ပါတယ်။ အဆိုးမြင်ရတဲ့ အကြောင်းရင်းတွေအနက် လူပြောအများဆုံး အကြောင်းရင်း သုံးခုကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စအပေါ် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကို မနှစ်မြို့တာ၊ မြန်မာနိုင်ငံအပေါ် အီရတ်၊ အာဖဂန် စတဲ့နိုင်ငံတွေလို စစ်ရေးအရ ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်တာ၊ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို မနှစ်သက်တာတွေပဲ ဖြစ်ပါတယ်။ ကူမင်တန်ကျူးကျော်သူတွေကို ထောက်ပံ့ခဲ့တာ၊ တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်တာ၊ စီးပွားရေးကဏ္ဍမှာ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် လုံလောက်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတာ၊ သတင်းမီဒီယာများအပေါ် လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေတာ စတဲ့ အကြောင်းပြချက်တွေကိုလည်း အဲဒီအကြောင်းရင်း သုံးချက်အပြင် တွေ့ရပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး အကောင်းမြင်ရတဲ့ အကြောင်းရင်းတွေအနက် လူပြောအများဆုံး အကြောင်းရင်း သုံးချက်ကတော့ နိုင်ငံတကာ အခင်းအကျင်းမှာ မြန်မာဘက်က ရပ်တည်ပေးတာ၊ ကိုဗစ်ကာလအတွင်းမှာ ကူညီထောက်ပံ့ပေးတာ၊ ကာလရှည်ကြာ ကောင်းမွန်ခဲ့တဲ့ အပြန်အလှန်ဆက်ဆံရေးရှိတယ်လို့ ထင်မြင်ယူဆတာတွေပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးလာမယ်လို့ တရုတ်တို့ကဆိုတဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်း(BRI)၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) တို့နဲ့ ပတ်သက်တဲ့ အကောင်းမြင်မှတ်ချက်တွေကို မတွေ့ရတာပါပဲ။ အဆိုးမြင်ရတဲ့  အကြောင်းရင်းတွေအနက် လူပြောအများဆုံး အကြောင်းရင်း သုံးချက်ကတော့ တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားအဓိကထားတဲ့ မြန်မာအပေါ်ဆက်ဆံရေးကို မနှစ်မြို့တာ၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ  ဝင်ရောက်စွက်ဖက်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ့ပေးနေတာ၊ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းစေလိုတာတွေ ဖြစ်ပါတယ်။ အခြားအကြောင်းရင်းတွေအနေနဲ့ တရုတ်ရဲ့ အတိုးနှုန်းမြင့်မားတဲ့ ချေးငွေတွေ၊ တရုတ်ထုတ် ကုန်ပစ္စည်းတွေ လွှမ်းမိုးတာ၊ ပျူခေတ်ကစလို့ သမိုင်းအစဉ်အဆက် ဖိနှိပ်ခံရတယ်လို့ ထင်မြင်ယူဆတာ၊ ပထဝီနိုင်ငံရေးအရ စိုးရိမ်ချက်၊ ကြေးနီစီမံကိန်းနဲ့ တစ်သျှူးငှက်ပျော စတဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးပြဿနာတွေ၊ တောင်တရုတ်ပင်လယ်မှာ  တဖက်သတ် လွှမ်းမိုးလိုတယ်လို့ ယူဆတာတွေကို တွေ့ရပါတယ်။

အချုပ်ဆိုရရင် မြန်မာနိုင်ငံအပေါ်မှာ အခြေပြုတဲ့ အမေရိကန်-တရုတ်တို့ရဲ့ ဆက်ဆံရေးကို ပြည်တွင်းမှာရှိတဲ့ Facebook သုံးစွဲသူတွေအကြား  စိတ်ဝင်တစားရှိပြီး ဒီဆက်ဆံရေးဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိတယ်လို့ ယူဆကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရှိန်မြင့်တက်လာတဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံ ပထဝီနိုင်ငံရေး အားပြိုင်မှုကလည်း အဘက်ဘက်က အားနည်းနေတဲ့ မြန်မာနိုင်ငံကို ဗဟိုပြုလာမှာကို စိုးရိမ်ကြပါတယ်။ မြန်မာနိုင်ငံအတွင်း နယ်ပယ်စုံမှာ တရုတ်ကျောထောက်နောက်ခံ ရင်းနှီးမြှုပ်နှံမှုတွေ များစွာရှိပေမဲ့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာလည်း တရုတ်ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ဖော်ဆောင်နေတယ်လို့ ထင်မြင်ကြတဲ့အတွက် တရုတ်နိုင်ငံကို မလိုလားတဲ့ စိတ်ခံစားချက်တွေ ရှိနေပါတယ်။ ယေဘုယျအားဖြင့် တရုတ်နိုင်ငံနဲ့ ယှဉ်ရင် အမေရိကန်အပေါ်မှာ အကောင်းမြင်မှု ပိုများတာကို တွေ့ရပေမဲ့  မှတ်ချက်တွေမှာတော့ ရခိုင်အရေး ရပ်တည်ချက်ကြောင့် အမေရိကန်ကိုလည်း စိတ်မချတာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို သတိချပ်စရာ ဖြစ်ပါတယ်။

သန့်အောင်ပိုင်၊ ထက်ရှိန်လင်း


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။