ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ စတုတ္ထပတ် (အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၉၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)အရွေ့

အောက်တိုဘာ ၁၅ ရက်က စိတ်ဝင်စားကြောင်း အဆိုပြုလွှာ (EOI) ခေါ်ယူခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လျှောက်လွှာပိတ်ရက် အောက်တိုဘာ ၂၂ ရက်အထိ နိုင်ငံပေါင်း ကိုးနိုင်ငံမှ အဆိုပြုလွှာ ၁၆ စောင် ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု ဧရာဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ နိုင်ငံပေါင်းကိုးနိုင်ငံတွင် ဂျပန်၊ စင်္ကာပူ၊ အီတလီ၊ စပိန်နှင့် ပြင်သစ်တို့ ပါဝင်ပြီး ပြည်တွင်းလုပ်ငန်း နှစ်ခုပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက စနေနေ့တွင် ကြေညာသော်လည်း အခြားအသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိပေ။ မြဝတီသတင်းစာ ဖော်ပြချက်အရ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်နှင့် မြန်မာနိုင်ငံ မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ Myanmar National Brotherhood အမည်ဖြင့် အဆိုပြုလွှာတင်သွင်းထားသည်ဟု သိရသည်။ အနိုင်ရရှိသော အဆိုပြုသူသည် China Communications Construction Company-CCCC မဟုတ်ပါက ကုန်ကျပြီးသော ကုန်ကျစရိတ်များကို ထိုတရုတ်လုပ်ငန်းသို့ ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်။

မြန်မာ့အလင်းသတင်းစာတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်ဟု ဖော်ပြခဲ့သည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ကချင်ပြည်နယ် ကန်ပိုက်တီ၊ ရှမ်းပြည်နယ် မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ‘ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ’မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူခဲ့သော ၃၃ ချက်အနက် တခုအပါအဝင် ဖြစ်ပါသည်။ နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအတွင်း ကျင်းပသွားမည်ဖြစ်သည်။

ဒေသတွင်း ပထဝီနိုင်ငံရေးအခြေအနေ

မြန်မာနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော “မင်းရဲသိင်္ခသူ”ကို အကြောင်းပြု၍ အိန္ဒိယသမုဒ္ဒရာတဝိုက် ဒေသတွင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေး အားပြိုင်မှုများအကြောင်းကို နိုင်ငံတကာ သတင်းဌာနအသီးသီးက ဖော်ပြခဲ့ကြသည်။ အိန္ဒိယသမုဒ္ဒရာတဝိုက်တွင် တရုတ်၏ လွှမ်းမိုးမှု ကြီးမားလာချိန်၌ အိန္ဒိယက မြန်မာကို ရေငုပ်သင်္ဘော ပေးအပ်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနိုင်ငံက ထုတ်လုပ်ပြီး အိန္ဒိယက ပြန်လည်မွမ်းမံထားသော အဆိုပါ ရေငုပ်သင်္ဘောသည် တန် ၃၀၀၀ ကျော် အလေးချိန်ရှိ၍ ဒီဇယ်စွမ်းအင်သုံး ကီလိုအတန်းအစား ရေငုပ်သင်္ဘော တစင်းဖြစ်သည်။ အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော နှစ်စင်း ဝယ်ယူထားပြီး တရုတ်သည် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာနှင့် ဘင်္လားဒေ့ရှ် ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းများလည်း တည်ဆောက်နေသည်။ ဘင်္ဂလားပင်လယ်အော်တည်ရှိသော အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာ့ကုန်သွယ်ရေး၏ ကုန်စည် ၈၀ ရာခိုင်နှုန်းခန့် ကူးသန်းသွားလာရာ အရပ်ဖြစ်သည်။ ရေငုပ်သင်္ဘောအတွက် မြန်မာ့ရေတပ်ကို အိန္ဒိယက လေ့ကျင့်ပေးခဲ့ပြီး ရှေ့ဆက်လည်း ပူးပေါင်းလေ့ကျင့်မှုများ ရှိဦးမည်ဖြစ်ကာ၊ ထိုလေ့ကျင့်မှုသင်ခန်းစာများအတွက် အင်္ဂလိပ်စာအရည်အသွေးကိုလည်း အိန္ဒိယက ဖြည့်တင်းပေးသဖြင့် မြန်မာ-အိန္ဒိယဆက်ဆံရေးမှာ ပိုမိုကောင်းမွန်လာဦးမည် ဖြစ်ကြောင်း The Diplomat သတင်းဌာနက ဖော်ပြထားသည်။ ဤသို့ အိန္ဒိယမှ ရေငုပ်သင်္ဘော ရယူခြင်းသည် မြန်မာနိုင်ငံက တရုတ်အပေါ် စီးပွားရေး၊ စစ်ရေးအရ မှီခိုရမှုကို လျှော့ချခြင်း၏ လက္ခဏာရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံပိုင် မီဒီယာတခုဖြစ်သော The Global Timesတွင်မူ အိန္ဒိယသည် အသုံးမပြုတော့သည့် ရေငုပ်သင်္ဘောကို ဖယ်ရှားလိုပြီး မြန်မာကလည်း လိုအပ်နေသည်ဖြစ်၍ နှစ်ဖက်စလုံး လိုအပ်ချက်ပြည့်မီသွားသည့် ရိုးရှင်းသောကိစ္စသာ ဖြစ်ကြောင်း ဤကိစ္စတွင် တရုတ်၏ ဒေသတွင်း ဩဇာကို ဇောင်းပေးပြောဆိုနေခြင်းက မီးမြှင့်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သော AA အဖွဲ့သည် တရုတ်ထံမှ လက်နက်အထောက်အပံ့များ ရယူပြီး မြန်မာနှင့် အိန္ဒိယ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်စီမံကိန်းကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းလည်း အိန္ဒိယသတင်းဌာနများဖြစ်သော Hindustan Timesနှင့် India Todayတို့က ဖော်ပြခဲ့ကြသည်။ ဇွန် ၂၃ ရက်က မြန်မာ-ထိုင်း နယ်စပ်တွင် ဖမ်းဆီးမိသော အမေရိကန်ဒေါ်လာ တသန်းခန့် တန်ဖိုးရှိ လက်နက်ခဲယမ်းများမှာ တရုတ်က အိန္ဒိယ-မြန်မာနယ်စပ်ရှိ AAနှင့် ARSAလက်နက်ကိုင်အဖွဲ့များသို့ ပေးပို့ရန် စီစဉ်ထားသော လက်နက်များ ဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးရမိသော လက်နက်များတွင် လေယာဉ်ပစ်ဒုံးကဲ့သို့ အဆင့်မြင့်လက်နက်များလည်း ပါဝင်သည်။ AAအဖွဲ့သည် တရုတ်လက်နက်များကို အသုံးပြု၍ အမေရိကန်ဒေါ်လာ ၄၈၀ မီလီယံခန့် တန်ဖိုးရှိသော ကုလားတန်စီမံကိန်းကို လေးကြိမ်ထက်မနည်း တိုက်ခိုက်ကာ အလုပ်သမားများနှင့် ဝန်ထမ်းအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားဖူးကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ရွှေကုက္ကိုမြို့သစ်မှ ဗီဇာသက်တမ်းလွန် တရုတ်နိုင်ငံသားများ

ရွှေကုက္ကိုမြို့သစ်တွင် ဗီဇာသက်တမ်းလွန် တရုတ်နိုင်ငံသား ၁၉၁၄ ဦး၊ ဗီယက်နမ် ၃၄ ဦး၊မလေးရှား ရှစ်ဦး၊ လာအို နှစ်ဦး၊ ကမ္ဘောဒီးယား နှစ်ဦး၊ ထိုင်ဝမ် နှစ်ဦး၊ ဩစတြေးလျ တဦးနှင့် ဖိလစ်ပိုင် တဦး စစ်ဆေးတွေ့ရှိရပြီး တရားဝင်လာရောက်ခြင်း ဟုတ် မဟုတ်နှင့် အစိုးရဘက်မှ သက်ဆိုင်ရာ ဝန်ထမ်းအရာထမ်းများ ပါဝင်ပတ်သက်မှု ရှိ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ ၂၀၁၉ ခုနှစ် ဇွန်လတွင် အစိုးရက ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းခဲ့သည်။  ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်၍ တပ်မတော်က စုံစမ်းစစ်ဆေးသည့်အပိုင်းများတွင် သက်ဆိုင်သည့်ဌာနဆိုင်ရာ ဝန်ထမ်းများကို စုံစမ်းစစ်ဆေးထားသော်လည်း အစိုးရဘက်မှ သီးသန့်အရေးယူထားခြင်း မရှိသေးဟု Eleven Media Group မှ ဖော်ပြထားသည်။

ရွှေကုက္ကိုနှင့်ဆက်စပ်၍ မြဝတီမြို့ပေါ်တွင် တရားမဝင် ကာစီနိုရုံ ၃ ရုံ ဂိမ်းရုံ ၁၁ ရုံတွေ့ရှိထားပြီး ဒေသခံ BGF တဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် နှစ်ဖွဲ့ ပါဝင်ပတ်သက် နေသည်ဟု ဆိုသည်။ ထိုကဲ့သို့ ဥပဒေနှင့်မညီသော တရားမဝင်လောင်းကစားရုံများ ပိတ်သိမ်းရေးအတွက် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်နှစ်ဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင်မှတဆင့် အကြောင်းကြားထားပြီး ကျန် BGF တဖွဲ့မှာ တပ်မတော်လက်အောက်ခံဖြစ်သောကြောင့် တပ်မတော်ကို အကြောင်းကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့အတူ ဘန်ကောက်ပို့စ် သတင်းစာတွင် ယခုတပတ်အတွင်း မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့တွင် မြန်မာဘက်မှ ခိုးဝင်လာသော တရားမဝင်တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိကြောင်းဖော်ပြထားပြီး ၎င်းတို့သည် မြန်မာနိုင်ငံရှိ ကာစီနိုလောင်းကစားရုံများတွင်အလုပ်လုပ်သည်ဟု ဆိုသည်။ အလားတူ The Nation Thailand သတင်းဌာနက မြန်မာနိုင်ငံရှိ ရွှေကုက္ကိုမြို့သစ်မှ ဗီဇာသက်တမ်းကုန်သွားသော နိုင်ငံခြားသား ၂၀၀၀ ကျော်သည် ထိုင်းနိုင်ငံသို့ ထွက်ပြေလားနိုင်ကြောင်း ယုံကြည်ရသည်ဟု ဖော်ပြထားပြီး နယ်စပ်စစ်ဆေးရေးဂိတ်အားလုံးကို ထိုင်းအစိုးရက လုံခြုံရေးတိုးမြှင့်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

မြ၀တီမြို့တွင် တရားမဝင်နေထိုင်ခဲ့ပြီး မူဆယ်သို့ ပြန်မည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ခုနှစ်ဦးကို မိတ္ထီလာ မြို့နယ် သီးကုန်းတိုးဂိတ်တွင် ဖမ်းဆီး ရမိခဲ့သည်ဟု Eleven Media Group မှ ဖော်ပြထားသည်။ ထို့ကြောင့် ရွှေကုက္ကိုဒေသမှ ဗီဇာကျော်လွန်နေသော တရုတ်နိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားအရေးမှာ အလေးပြု စောင့်ကြည့်ရမည့် အရေးတခု ဖြစ်ပါသည်။

(ရွှေကုက္ကိုစီမံကိန်းနှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ဖတ်ရှုလိုပါက ISP Myanmar China Desk ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းနိုင်ရေး ကြိုးပမ်းနေ

နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရေးအတွက် တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်ဟု Eleven Media Group က ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အားလိုအပ်ခဲ့သော် ဝယ်ယူနိုင်ရေးအတွက်သော်လည်းကောင်း၊ ပိုလျှံနေပါက ပြန်လည်ရောင်းချနိုင်ရေးအတွက် Inter Connection ဆောင်ရွက်နိုင်ရေးအတွက်သော်လည်းကောင်း ညှိနှိုင်းဆွေးနွေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ သတိပြုရမည်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းအဖြစ် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားရောင်းချရန်အစီအမံများကို ၂၀၁၆ ခုနှစ်ကတည်းက တရုတ်ကုမ္ပဏီအချို့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အသီးသီးတင်ပြခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာပြည်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံ သဘောတူညီချက် ၃၃ ချက်တွင် မြန်မာ – တရုတ်စွမ်းအင်ဆက်သွယ်မှု ဆက်သွယ်ရေးစီမံကိန်း၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အတွက် နားလည်မှုစာချွန်လွှာလည်း အပါအဝင်ဖြစ်သည်။

(မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ဓာတ်အားပေးစီမံကိန်း အသေးစိတ်အချက်အလက်အပြည့်အစုံကို ISP-Myanmar China Desk Website တွင် ဖတ်ရှုနိုင်ပါသည်။)

ထို့အပြင် တရုတ်နိုင်ငံမှ Yunnam Machinery Import and Export ကုမ္ပဏီ ပါဝင်လုပ်ကိုင်နေသော နမ္မတူမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများ ရပ်တန့်ပေးရန် ဒေသခံများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးရှိ နမ္မတူမြစ် (ခ) မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် အကြီးစား ရေကာတာ စီမံကိန်းသုံးခုဖြစ်သော အလယ်ရဲရွာစီမံကိန်းကို နော်ဝေနိုင်ငံပိုင် ကုမ္ပဏီမှလည်းကောင်း တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် ပြင်သစ်ကုမ္ပဏီများမှ အထက်ရဲရွာစီမံကိန်းနှင့် နမ္မတူ(သီပေါ)ရေကာတာ စီမံကိန်း တို့ကို တည်ဆောက်နေခြင်းဖြစ်သည်။

မြစ်ကို အခြေပြု၍ အသက်ရှင်ရပ်တည်နေရသော ဒေသခံများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို ကာကွယ်နိုင်ရေးအတွက် စီမံကိန်းရပ်တန့်ပေးရေး အိတ်ဖွင့်ပေးစာကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့ခဲ့ကြောင်း ကမ္ဘောဇတိုင်း သတင်းဌာနက ဖော်ပြထားသည်။

အခြား

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံက ဝန်ကြီးဌာန ၁၁ ခုအတွက် နှာခေါင်းစည်း ၄၅,၀၀၀ ကိုလည်းကောင်း၊ အမေရိကန်ဒေါ်လာ ၇၈,၅၇၂ နှင့်ညီမျှသော Viral Nucleic Acid Extraction Test Kit များနှင့် Viral Transport Kits များကိုလည်းကောင်း၊ CCTV နှင့် Surgical Mask များကို လည်းကောင်းအသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။ MBCF Foundation မြန်မာနိုင်ငံဖွား တရုတ်လူငယ်များ ပရဟိတအဖွဲ့ကလည်း အလှူငွေ၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို လှူဒါန်းခဲ့သည်။

ကုန်သွယ်ရေး သတင်းများတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ရောက်ရှိလျက်ရှိသည်။ မြန်မာဆန်ကွဲ မတ်ထရစ် တန်ချိန် ၃၀၀ ကျော် ဝယ်ယူရန် တရုတ် စာချုပ်ချုပ်ဆို ဆိုသည့် မြန်မာတိုင်းမ်သတင်းဖော်ပြချက်လည်း တွေ့ရသည်။ အခြားသတင်း တပုဒ်တွင်မူ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီး တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အေးခဲအသားများ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

The Daily Eleven သတင်းစာတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ ဗီဇာဖြင့်လာရောက်ခဲ့သည့် ခရီးသွားခြောက်သန်းနီးပါးတွင် တရုတ်နိုင်ငံမှအများဆုံးဖြစ်ပြီး စုစုပေါင်း ၁၃ သိန်းကျော် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။ ယခုတပတ်အတွင်း ကျိုက်ထိုမြို့နှင့် မိတ္ထီလာမြို့တို့တွင် တရုတ်နိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့ပါသည်။ မိတ္ထီလာမြို့တွင် ဖမ်းဆီးရမိခဲ့သော ခုနစ်ဦးမှာ မြဝတီမြို့မှတဆင့် တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်နေချိန်တွင် ဗီဇာအထောက်အထားမဲ့ ခရီးရှည်သွားလာခြင်းမှာ သတိပြုဖွယ် ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းတွင်လည်း မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသည်ဟု ယူဆရသော တရုတ်နိုင်ငံသား သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။