ISP China Desk

၁။ စီမံကိန်းအကျဉ်းချုပ်

ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ (၁၅ ကီလိုမီတာခန့်) အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု လူသိများသည်။

အဆိုပါစီမံကိန်းကို ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှခွဲထွက်ခဲ့ပြီး တပ်မတော်လက်အောက်ရှိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

ထိုမြို့သစ်စီမံကိန်းသည် ဧက သုံးသောင်းနီးပါး အကျယ်အဝန်းအထိ ဖြန့်ကျက်ရန်ရည်ရွယ်ထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ကုန်ကျနိုင်မည်ဟု တွက်ချက်ထားသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါသော စီမံကိန်းတခုဖြစ်သည်ဟု အကောင်အထည်ဖော်နေသော ကုမ္ပဏီက အခိုင်အမာပြောဆိုထားသည်။ တရုတ်နိုင်ငံ၌ ၂၀၁၉ ခုနှစ်က ဘေဂျင်းတွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်း (BRI) ဖိုရမ်တွင် YIHG ကဖော်ပြသော အဆိုပါ စီးပွားရေးစင်္ကြံဖော်ဆောင်ရန် ထုတ်ပြန်ကြေညာခြင်း၊ ဆွေးနွေးခြင်းများ မရှိခဲ့ပါ။ ၂၀၁၉ ခုနှစ် မေ ၁၄ ရက်တွင် YIHG ၏ ဥက္ကဋ္ဌ မစ္စတာစယ်လွင်ခိုက်သည် တရုတ်- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Li Fuquan နှင့် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးနှင့် “One Belt One Road” ၏ အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ဘလော့ချိန်းနည်းပညာကိုအသုံးပြုသည့် အဆင့်မြင့်မြို့ပြအိမ်ရာစီမံကိန်းအနေနှင့် ခရီးသွားများကို ဆွဲဆောင်ရန် အပန်းဖြေနေရာများ၊ လောင်းကစားရုံများ၊ ဈေးဝယ်စင်တာများ၊ သယ်ယူပို့ဆောင်ရေးနေရာများ၊ နိုင်ငံတကာအဆင့်မီလေဆိပ်၊ စက်မှုဇုန်တည်ဆောက်ရေး၊ နိုင်ငံတကာ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးစင်တာအထိ ပါဝင်ပြီး တရုတ်လုပ်ငန်းရှင်များ၊ ခရီးသွားများကို အဓိကဆွဲဆောင်မည့် မကာအိုစတိုင် ကာစီနိုလောင်းကစားမြို့တော်တခုအဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်နှင့် မြန်မာနိုင်ငံနယ်စပ်မြို့ မြဝတီတို့ကို ဆက်သွယ်ထားသော အဓိကကျသည့် နယ်စပ်ဖြတ်ကျော်ဂိတ်နှင့် အဆိုပါစီမံကိန်းသည် ကီလိုမီတာ ၂၀ ခန့်သာ ကွာဝေးသည်။ စီမံကိန်းသည် အာရှအရှေ့ပိုင်း၊ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ဆက်သွယ်မည့် ဒေသတွင်းရှိ မဟာဗျုဟာကျ လမ်းမကြီးဖြစ်လာရန် အလားအလာရှိသည့် ထိုင်းနှင့် မြန်မာကို ချိတ်ဆက်ထားသော အာရှအဝေးပြေးလမ်းမကြီး အမှတ် (၁) နှင့်လည်း ချိတ်ဆက်ရန် လွယ်ကူသည့် အနီးဆုံးနေရာတွင် တည်ရှိနေသည်။

၂။ စီမံကိန်းနောက်ခံ

 “မြန်မာ-ရထိုက် ရွှေကုက္ကိုအထူးစီးပွားရေးဇုန်” ကို အထူးပြဋ္ဌာန်းချက်များဖြင့် အကောင်အထည်ဖော်နေသော စီမံကိန်းအဖြစ် ရွှေကုက္ကိုစီမံကိန်းကို ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ စီမံကိန်းသည် ကရင်ပြည်နယ်ခြားစောင့်တပ်၏ ထိန်းချုပ်ရာရှိ မြဝတီမြို့ မြောက်ဘက် သောင်ရင်းမြစ်ကမ်းပါးတွင် တည်ထားသည်။ ထိုစီမံကိန်းကို ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Yatai International Holding Group) နှင့် ဗိုလ်မှုးကြီး စောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်-DKBA) ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

 ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သော DKBA သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခွင့်ရနေသည်။ ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုသည် ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်သည်။ သို့သော် လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသော တရုတ်လူမျိုးများဖြစ်သည်။

၂.၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် စီမံကိန်းအခြေအနေ

၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ထိုလုပ်ငန်းစုသည် ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသော ကုမ္ပဏီတခုဖြစ်ကြောင်း ၎င်း၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရထိုက်လုပ်ငန်းစုသည် စီမံကိန်းအကောင်အထည်ဖော်ရန်၂၀၁၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ကုမ္ပဏီနှင့် နယ်ခြားစောင့်တပ်တို့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံကာ အစီအမံကို ကနဦးဆွေးနွေးခဲ့သည်။ သို့သော် စီမံကိန်းအစီအမံသည် ပြည်နယ်က အတည်ပြုပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုပမာဏထက် များပြားနေသောကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြရန် လွှဲပြောင်းပေးခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရထိုက်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းကာ မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု (Myanmar Yatai International Holding Group) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမျာမှတ်ပုံတင်ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။ ထို့အပြင် စီမံကိန်း အကောင်အထည်ဖော်ရန် ဘေဂျင်းအခြေစိုက် ပြည်ပရောက် တရုတ်လူမျိုးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ် (China Federation of Overseas Chinese Entrepreneurs) ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် ကျင်းပနေသော ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ်စွန့်ဦးတီထွင်ပညာရှင်များညီလာခံအတွင်း၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှုးကြီး စောချစ်သူနှင့်လည်း သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကုမ္ပဏီများမှတ်ပုံတင်ဦးစီးဌာန၏ မှတ်တမ်းအရ ကုမ္ပဏီရှယ်ယာကို ကမ္ဘောဒီးယားနိုင်ငံသားက ၆၇ ဒသမ ၆၈ ရာခိုင်နူန်း၊ မလေးရှားလုပ်ငန်းရှင်နှစ်ဦးက ၁၂ ဒသမ ၃၂ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

စီမံကိန်းသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကုန်ကျမည့် နိုင်ငံတကာ အဆင့်မီမြို့တော်တခုကို မြေဧက ၂၉၆၅၂ ဒသမ ၆ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရထိုက်က တရားဝင်ထုတ်ပြန်ထားသော စီမံကိန်း အသေးစိတ်အချက် ဗီဒီယိုတွင် ဖော်ပြထားသည်။ ကနဦး ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ကျော် ကုန်ကျမည်ဟုလည်း ခန့်မှန်းထားသည်။ စီမံကိန်းတခုလုံး၏ ရည်မှန်းချက်မှာ အဆင့်မြင့်နည်းပညာသုံး မြို့တမြို့တည်ဆောက်ရန်၊ ဒေသတွင်းတွင် နည်းပညာအခြေပြု ဗဟိုချက်တခု ဖြစ်လာစေရန် ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတကာ လေဆိပ်၊ ဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါဝင်သော ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ စက်မှုဇုန်များ၊ ကုန်တင်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ တည်ဆောက်ရန် ရည်ရွယ်ထားသည်။ စီမံကိန်းကြီးတခုလုံးကို ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ရွှေကုက္ကိုစီမံကိန်းမှာ ရထိုက်လုပ်ငန်းစု၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် ငွေကြေးပမာဏအများဆုံးရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်သည်။

၂၀၁၇၊ ဧပြီတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ပြခဲ့သည်။ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်မပြုသေးခင်မှာပင် စီမံကိန်းအတွက် မြေယာရှင်းလင်းခြင်းများကို ပြုလုပ်နေကြောင်း မှတ်တမ်းများက ဆိုသည်။ ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်တွင်၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စီမံကိန်းကို စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီးပြီဖြစ်ကြောင်း ဖော်ပြထားသည်။ စီမံကိန်းပထမအဆင့်အဖြစ် ဇိမ်ခံအိမ်ရာ ၅၉ လုံးကို မြေ ၂၅ ဒသမ ၅ ဧကပေါ်တွင် တည်ဆောက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပေးသည်။

ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းသတ်မှတ်ထားသည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဆိုအရ ကုမ္ပဏီက တင်ပြထားသည့် စီမံကိန်းပထမဆင့်တွင် လောင်းကစားရုံများ၊ လေဆိပ်နှင့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ်များ မပါဝင်ချေ။ စာချုပ်အရ မြေပိုင်ဆိုင်ခွင့် သက်တမ်းမှာ နှစ်ပေါင်း ၇၀ ဖြစ်ပြီး ၉၉ နှစ်သက်တမ်း အထိ တိုးနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသော အဆောက်အဦးများထက် ပိုမိုကျော်လွန်ကာ ဆောက်လုပ်နေကြောင်း တွေ့ရှိရသဖြင့် ပြည်သူအများက ပြည်နယ်အစိုးရထံတွင် တိုင်ကြားခဲ့သည်။ ထိုတည်ဆောက်ရေးလုပ်ငန်းများကို ရပ်နားရန် ပြည်နယ်အစိုးရက ကုမ္ပဏီသို့ သတိပေးခဲ့သည်။

၂၀၁၉၊ မေတွင် ကရင်ပြည်နယ်အစိုးရက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့အပြင် ဇွန် ၂၁ ရက်တွင်လည်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကလည်း သွားရောက်စစ်ဆေးခဲ့ကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ စီမံကိန်းအတွင်းတွင် ဆောက်လက်စဖြစ်နေပြီး ကြီးမားသော အဆောက်အဦး ၈ လုံးဝန်းကျင်ကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသောကြောင့် ခေတ္တရပ်ဆိုင်းထားလိုက်ရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း စီမံကိန်းနှင့်ပတ်သတ်ပြီး တွေ့ရှိချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကြောင့် ခွင့်ပြုချက်ထက်ကျော်လွန်ကာ ဆောက်လုပ်ထားသော စီမံကိန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ၂၀၁၉၊ သြဂုတ် ၂၀ ရက်၊ နယ်ခြားစောင့်တပ်၏ ၉ နှစ်မြောက် အခမ်းအနားတွင် ပြောဆိုခဲ့သည်။ မတ်လကထုတ်ပြန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာတွင် ရွှေကုက္ကိုစီမံကိန်းသည် တားမြစ်ချက်များကိုကျော်လွန်ကာ ရပ်နားထားသည်ဟုကြေညာထားသော စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဧပြီ ၈ ရက်တွင်မူ မြန်မာရထိုက်လုပ်ငန်းစုသည် စီမံကိန်းနှင့်ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုအားနည်းကြောင်းဝန်ခံထားသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင်COVID-19 ကပ်ရောဂါကြောင့် စီမံကိန်း တည်ဆောက်ရေးမှာကို ခေတ္တဆိုင်းငံ့ထားကြောင်း၊ ဒေသခံပြည်သူထု၏ ဓလေ့ထုံးစံများကို လိုက်နာကာ ရထိုက်မြို့ကို ရေရှည်ဖွံ့ဖြိုးတိုးတတ်သောနည်းပညာရပ်ဝန်းတခု၊ ခရီးသွားကဏ္ဍတခုအဖြစ် ရပ်တည်မည့် ဒေသတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။ ထို့အပြင် အဆိုပါစီမံကိန်းမှ တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သော စတုတ္တစက်မှုတော်လှန်ရေးအတွက် မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးစေမည့် စီမံကိန်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၁၅ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာများကို စုံစမ်းရန် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားကြောင်း ပြောဆိုခဲ့သည်။ ထိုခုံရုံးတွင် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သတ်ပြီး ဥပဒေအတိုင်းလိုက်နာရန်ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်အစိုးရကို ညွှန်ကြားထားသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ရွှေကုက္ကိုလ်တွင် လောင်းကစားဝိုင်း (အွန်လိုင်းလောင်းကစားအပါအဝင်) များကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း၊ အခွန်ငွေကြေးများလည်းရယူထားခြင်း မရှိသေးကြောင်း ဦးတင်မြင့်ကပြောသည်။  

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အစိုးရ၊ မြေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စီမံကိန်း၏ မြေပြင်အနေအထားကို စစ်ဆေးရန်ပြင်ဆင်နေသည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၅ ရက်က “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ မြန်မာအစိုးရမှ စုံစမ်းစစ်ဆေးဖြေရှင်းနေခြင်းကို တရုတ်အစိုးရက ထောက်ခံအားပေးပါသည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရွှေကုက္ကိုစီမံကိန်းနှင့်ဆက်စပ်သည့် ငွေကြေးလည်ပတ်မှု အများစု (စီမံကိန်းတွင် လည်ပတ်နေသော အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် သုံးစွဲနေသည့် ငွေကြေးများ၊ ဝန်ထမ်းများ၏ လစာနှင့် စီမံကိန်းနှင့်ဆက်စပ်သော အခြားအသုံးစရိတ်များ စသည်) တို့တွင် စင်ကာပူနိုင်ငံအခြေစိုက် ငွေကြေး ဝန်ဆောင်မှုတခုဖြစ်သော Fincy ပလက်ဖောင်းမှတဆင့် သုံးစွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိသော Fincy ကို သုံးစွဲနေခြင်းသည် ကရင်ပြည်နယ်ရှိ တရားမဝင်လောင်းကစားလုပ်ငန်းများကို စင်ကာပူအခြေစိုက် ငွေကြေးဝန်ဆောင်မှုပလက်ဖောင်းက ထောက်ပံ့ရာရောက်သည်ဟု သတင်းမီဒီယာများက ထောက်ပြခဲ့ကြသည်။ ထိုသို့ထောက်ပြခံရပြီးနောက် ရွှေကုက္ကိုစီမံကိန်းတွင် Fincy ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် ကုမ္ပဏီက ကြေညာခဲ့သည်။

ကြေညာချက်ထုတ်ပြန်ပြီးနောက် Fincy App သည် ဂူးဂဲလ်ပလေးစတိုး (Google Play Store) တွင်  မူလအစကဖော်ပြထားသည့်  “ရွှေကုက္ကိုလ် (သို့) ရထိုက်မြို့သစ်၏ တဦးတည်းသော အထူး ငွေကြေးဆိုင်ရာဝန်ဆောင်မှု ပေးသူ” ဆိုသည့် ကြော်ငြာစာကိုလည်း ဖြုတ်ချခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ပေးသည့် လာဘ်ငွေများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော် အရာရှိကြီး သုံးဦးကို တပ်မတော်ကလည်း စုံစမ်းစစ်ဆေးခဲ့ကြောင်း ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုစုံစမ်းစစ်ဆေးမှုတွင် သံသယဖြစ်စရာ အချက်များတွေ့ရှိသဖြင့် ကရင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၃ မှ တပ်မမှူး၊ ဗျူဟာမှူးနှင့် ခလရ ၉၇ တပ်ရင်းမှူးတို့ကို တပ်မတော်က နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးခဲ့သည်။ သို့ရာတွင် စုံစမ်းစစ်ဆေးမှု၏ တွေ့ရှိချက်များနှင့် ၎င်းတို့ကို မည်ကဲ့သို့အရေးယူထားကြောင်းကိုမူ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ ကားဟောင်း အစီး ၁၀၀ ကျော်ကို တရားမဝင်တင်သွင်းမှုအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးခဲ့ပြီးနောက် မြဝတီမြို့တွင် တပ်မတော်က လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ထို့အတူ မြဝတီမြို့အတွင်းရှိ တရားမဝင် လောင်းကစားရုံများကို နှိမ်နင်းရန်အတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း တပ်မတော်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာကို အစိုးရအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့အဆင့် သတ်မှတ်ပေးရေးအတွက် လိုအပ်သည့် ကွင်းဆင်းစစ်ဆေးမှုများကို မြဝတီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့သည်။

ဗိုလ်မှူးကြီး စောချစ်သူသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်း စတင်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ကလည်း ရွှေကုက္ကိုလ်မြိုင်ကျေးရွာကို မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် ပြည်နယ်အစိုးရကို တင်ပြခဲ့ဖူးသည်။  မူလ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ဧရိယာသည် ဧက ၂၀၀ မှ ၃၀၀ ကြား အကျယ်အဝန်းရှိသည်။ မြို့အဆင့် တိုးမြှင့်ပေးရန်အတွက် နယ်ခြားစောင့်တပ်မှ ထပ်မံလျှောက်ထားခဲ့သော မြို့ဧရိယာသည် စုစုပေါင်း ၁၄၆၁ ဒသမ ၂၇ ဧက ဖြစ်ပြီး မြို့သစ်စီမံကိန်း အပါအဝင် သောင်ရင်းမြစ်ကမ်းအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြို့အဖြစ် အဆင့်မြှင့်တင့်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် အဆုံးအဖြတ်ယူရမည်ဖြစ်သည်။ အကယ်၍ မြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါက မြို့အုပ်ချုပ်ရေးအဆင့်ရှိ ရုံးများ အခြေစိုက်ကာ အစိုးရအုပ်ချုပ်ရေး ယန္တရားအောက်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဌာနက ထုတ်ဖော်ပြောဆိုထားသည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ရွှေကုက္ကိုစီမံကိန်းကို တရားဝင်ရပ်နားရန် ဖိအားပေးမှုများအပြင် စီမံကိန်းအကောင်အထည်ရေး လာဘ်ငွေများကို လက်ခံသည်ဟု သံသယရှိသောတပ်မတော်အရာရှိများကို အထူးစုံစမ်းမှုများပြုလုပ်ခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည်ဟု ပြောကြားချက်များနှင့် ဖိအားပေးမှုများကို တုန့်ပြန်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ အရာရှိကြီး သုံးဦးနှင့် အခြားတပ်ဖွဲ့ဝင် ခုနှစ်ဆယ်ကျော် စုပေါင်းကာ တပ်မတော်ထံမှ နှုတ်ထွက်စာတင်ခဲ့ကြသည်။ ထို့အပြင် အခြားအဆင့်တပ်ဖွဲ့များကလည်း အုပ်စုလိုက် နှုတ်ထွက်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ ရှိခဲ့သည်။ ထို့နောက် တပ်မတော်နှင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မူလအတိုင်းဆက်လက် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကြား ဖြစ်ပွားသော တိုက်ပွဲများတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ကူညီတိုက်ခိုက် ပေးခဲ့သည်ဟု သတင်းဌာနများကဖော်ပြခဲ့သည်။ သို့ရာတွင် BGF က KNU နယ်မြေအတွင်းဝင်ရောက်မှုမရှိဘဲ တိုက်ပွဲများတွင်လည်း ဝင်ရောက်တိုက်ပေးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

၂.၂။ အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းအခြေအနေ

၂၀၂၁ ခုနှစ် မေလတွင် Frontier သတင်းဌာနက  တပ်မတော်ကို တိုက်ပွဲကူတိုက်ပေးသည့် အကျိုးအမြတ်အနေဖြင့် BGF မှ အကောင်အထည်ဖော်နေသည့် အငြင်းပွားဖွယ် စီမံကိန်းအားလုံးကို ပြန်လည်စတင်ရန် သဘောတူညီသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ လောင်းကစားရုံများနှင့် တရားမဝင်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့အပြင် ရွှေကုက္ကိုစီမံကိန်းကိုလည်း တပ်မတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပြန်လည်စတင်ရန် ဆွေးနွေးမှုများရှိနေကြောင်း ရေးသားထားသည်။  တရုတ်လူမျိုးများ အများဆုံး အသုံးပြုသည့် WeChat စာမျက်နှာများတွင်လည်း စီမံကိန်းအတွင်းရှိ လောင်းကစားရုံများ အတွက် အလုပ်ခေါ်သည့်စာများ အများအပြား ကြေညာထားသည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယအပတ်မှ စတင်ပြီး မြို့သစ်စီမံကိန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ရှိလာခြင်းကြောင့် စီမံကိန်းဧရိယာနှင့် ကျေးရွာကို သွားလာလှုပ်ရှားမှုများ ကန့်သတ်ထိန်းချုပ်ခြင်း (Lockdown) ပြုလုပ်လိုက်ရကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။ မြို့သစ်စီမံကိန်းအတွင်း နေထိုင်သူများ၊ အလုပ်လုပ်နေသူများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုများ ပြုလုပ်နေကာ ပိုးတွေ့ရှိသူပေါင်း ၁၀၀ ခန့်ရှိပြီး တရုတ်နိုင်ငံသားများပါ ကူးစက်ခံထားရသည်ဟု ဖော်ပြထားသည်။ ရွှေကုက္ကိုစီမံကိန်း တာဝန်ရှိသူများကလည်း ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး အများစုမှာ မြန်မာနိုင်ငံအတွင်းမှ အလုပ်လုပ်ရန် လာရောက်သူများထံက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကိုဗစ်ကာလအတွင်း ကာစီနိုရုံများနှင့် လောင်းကစားရုံလုပ်ငန်းများကို ရပ်တန့်လိုက်ရပြီးနောက် ကိုဗစ်အလွန်ကာလတွင် ရွှေကုက္ကိုစီမံကိန်းဧရိယာသည် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည့် (ကျားဖြန့်)လုပ်ငန်းများ အခြေစိုက်ရာ နေရာအသစ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့သည်။ အဆိုပါ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် (ကျားဖြန့်) လုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း လာအို၊ ကမ္ဘောဒီးယား စသည့် ဖွံ့ဖြိုးမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဗဟိုအစိုးရ၏အုပ်ချုပ်ရေး အားနည်းသော နိုင်ငံများတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသများတွင် စစ်ကောင်စီ၏ ဩဇာအာဏာလျော့ကျလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများလည်း တိုးပွားလာပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ရွှေကုက္ကိုမှာ အဆိုပါရာဇဝတ်မှုများကို အခြေစိုက် လုပ်ကိုင်နိုင်သည့် နေရာတခုအဖြစ် မျက်စိကျလာကြသည်။ ရွှေကုက္ကိုစီမံကိန်းအကောင်အထည်ဖော်သည့် ဧရိယာအတွင်းတွင် တရားမဝင်ကာစီနိုလုပ်ငန်းများ၊ ကျားဖြန့်လုပ်ငန်းများ အဆမတန် ကြီးထွားလာခြင်းနှင့်အတူ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များလည်း ဆက်တိုက်ပေါ်ပေါက်လာကာ စီမံကိန်းဧရိယာသည် ရာဇဝတ်မှုများ တင်းကြမ်းဖြစ်ပွားရာမြို့ (Scam City) အဖြစ် အသွင်ပြောင်းသွားခဲ့သည်။


ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ‘Myanmar Yatai International Holding Group Co., Ltd.’ ၏ ဒါရိုက်တာလေးဦးအနက် တဦးဖြစ်သူ တရုတ်လူမျိုး ကမ္ဘောဒီးယားနိုင်ငံသား ဒါရိုက်တာ မစ္စတာရှူကျွီ့ကျန်း (Mr. She Zhijiang) ကို ထိုင်းအာဏာပိုင်များက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် ဖမ်းဆီးခဲ့သည်။ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ကိုင်မှုအတွက် တရုတ်နိုင်ငံက သာမက နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) က အနီရောင်အဆင့် သတိပေးထုတ်ပြန်ထားသည့် မစ္စတာရှူကျွီ့ကျန်းသည် ရွှေကုက္ကိုစီမံကိန်းကို အကောင်အထည်မဖော်မီကတည်းကပင် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တရားမဝင်လောင်းကစား လုပ်ကိုင်မှုနှင့် ငွေကြေးလိမ်လည်မှုများကြောင့် အမည်ပျက်စာရင်း (Blacklist) သွင်းခံထားရသည်။ မစ္စတာရှူကျွီ့ကျန်း ဖမ်းဆီးခံရမှုသည် စီမံကိန်းကို ထိခိုက်မှုမရှိကြောင်းနှင့် ဆက်လက်လည်ပတ်နေမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက တုံ့ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များထံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သော မစ္စတာရှူကျွီ့ကျန်းကို ထိုင်းနိုင်ငံကလည်း ၂၀၂၃ ခုနှစ် မေ ၂၅ ရက်တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော်လည်း အယူခံဝင်ရန် ရက် ၃၀ အတွက် ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးထားမှုကို ခေတ္တရုပ်သိမ်းခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင်ဖော်ပြခဲ့သော်လည်း တရားစီရင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် ထိုင်းနိုင်ငံတို့က တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါ။

စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေခြင်းနှင့်အတူ ကျားဖြန့်လုပ်ငန်းနှင့် ကာစီနိုရုံများတွင် အလုပ်ခွင်အတွင်း ညှင်းပန်းနှိပ်စက်ခံရမှု၊ လူကုန်ကူးမှု စသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသားများသာမက လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံသားများကို လူကုန်ကူးသည့်ဖြစ်ရပ်များ ခပ်စိပ်စိပ် ဖြစ်ပေါ်လာသည်။ ISP-Myanmar က စုစည်းသိုမှီးထားသည့် အချက်အလက်များအရ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တာချီလိတ်နှင့် ရွှေကုက္ကိအပြင် မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စသည့်မြို့များတွင် ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး ပေါ်ပေါက်လာခဲ့သည်။
(မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဦးတည်ဝင်ရောက်ရာ လမ်းကြောင်းများကို ISP-Myanmar ကပြင်ရပ်ဝန်းတွင်ရှုပါ။)

နိုင်ငံတနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးများကို မထိပါးစေရေး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းရန် ၂၀၂၃ ခုနှစ် မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းက မြန်မာနိုင်ငံသို့လာရောက်စဉ် တိုက်တွန်းခဲ့သည်။ ထို့အပြင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံပူးပေါင်းဖြေရှင်းမည်ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။ ထိုတိုက်တွန်းမှုအပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် စီမံကိန်းနေရာများကို မီးဖြတ်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ထိုင်းနိုင်ငံ လျှပ်စစ်မီးအာဏာပိုင်အဖွဲ့ကနေတဆင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် မဲဆောက်မြို့တော်ဝန်ရုံးကို တောင်းဆိုခဲ့သည်။ ရွှေကုက္ကိုနှင့် လေးကေ့ကော်ဒေသအတွက် လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ်ဓာတ်အားအာဏာပိုင်နှင့် ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူမှု စာချုပ်ကို ရပ်တန့်ရန် စစ်ကောင်စီက ထိုင်းနိုင်ငံအား တောင်းဆိုခဲ့သည်။ တောင်းဆိုပြီး ငါးရက်အကြာတွင် ရွှေကုက္ကိုမြို့သစ်နှင့် လေးကေ့ကော်မြို့တို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုပိတ်ပစ်မည်ဖြစ်ကြောင်း BGF က ခြိမ်းခြောက်ခဲ့သည်။ အဆိုပါ ဒေသများတွင် မီးဖြတ်ရုံမျှဖြင့် ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်း ကွန်ရက်များကို မရပ်တန့်နိုင်ခဲ့ပါ။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများနှင့် မီးစက်များဖြင့် လုပ်ငန်းများကို ဆက်လက်လည်ပတ်ခဲ့သည်။ တဖန် ဇွန် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘက်က ထောက်ပံ့ပေးသည့် အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခဲ့ရာ ထိုလုပ်ရပ်ကြောင့် စီမံကိန်းဧရိယာတွင် အခြေစိုက်သည့် ကာစီနိုလုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ ခေတ္တခဏ ရပ်တန့်ခဲ့သည်။ လျှပ်စစ်မီးဖြတ်တောက်ခြင်းဖြင့် အရေးယူမှုမှာ အလုပ်မဖြစ်ခဲ့ပေ။ စစ်ကောင်စီ ကရင်ပြည်နယ်အစိုးရ သယံဇာတရေးရာဝန်ကြီးဌာနက ထိုင်းနိုင်ငံကနေလျှပ်စစ်ဓာတ်အားဝယ်ယူပြီး ရွှေကုက္ကိုကျေးရွာအပါအဝင် မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးရန် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။ သို့သော်လည်း အင်တာနက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို ဖြတ်တောက်စေကာမူ ငွေကြေးအမြောက်အများ အမြတ်အစွန်းရရှိသည့် အဆိုပါလုပ်ငန်းများအပြင် စီမံကိန်းအကောင်အထည်ဖော်နေမှုကိုပါ မတားဆီးနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်။

၂.၃။ စီမံကိန်းအပေါ် ‘စစ်ဆင်ရေး ၁၀၂၇’ ၏ သက်ရောက်မှု

ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ဖြိုခွင်းဖို့ရည်ရွယ်ခဲ့သည့် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီး နောက်တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းအများစုမှာ ရပ်တန့်ခဲ့သည်။ ကျားဖြန့်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးရမိသူအများစုသည် တရုတ်နိုင်ငံသားများဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ ဖြိုခွင်းမှုသည် ရွှေကုက္ကိုစီမံကိန်းရှိ တရားမဝင်ကျားဖြန့်လုပ်ငန်းများအထိ အလှုပ်အခတ်ရှိလာပြီးနောက် နိုင်ငံခြားသားများ၏ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃ ရက်ထိ တလပိတ်ခဲ့သည်။ ထို့အပြင် BGF တပ်ဖွဲ့များသည် စီမံကိန်းဧရိယာသာမက စီမံကိန်းအနီးတဝိုက် ဧရိယာများဖြစ်သည့် လေးကေကော်မြို့သစ်၊ မယ်ထော်သလေး KK Park၊ ကျောက်ခက်ကျေးရွာများအထိ လုံခြုံရေးတိုးမြှင့်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အတွင်း ကျားဖြန့်လုပ်ငန်းကျူးလွန်သူ သုံးသောင်းကျော်ကို တရုတ်နိုင်ငံကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက လွှဲပေးခဲ့သော်လည်း ရွှေကုက္ကိုစီမံကိန်းနှင့် အနီးပတ်ဝန်းကျင်က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကိုမူ လွှဲပြောင်းပေးခဲ့ခြင်းမရှိခဲ့ပေ။ ၂၀၂၄ ခုနှစ် မတ်လတွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ်နိုင်ငံဘက်က တောင်းဆိုသည့် ကျားဖြန့်ကျူးလွန်သူ ၁,၄၈၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သလို နိုင်ငံခြားသား ၉၉၇ ဦးကိုလည်း ထိုင်းနိုင်ငံမှတဆင့် ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းပေးခဲ့သည်။
စီမံကိန်းအခြေအနေနှင့်ပတ်သက်၍ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်က စီမံကိန်းသည် အပန်းဖြေနေရာဆောက်လုပ်ရန်အတွက်သာ ရည်ရွယ်ကြောင်းနှင့် အစိုးရက ခွင့်မပြုသည့်အတွက် ဖြတ်လမ်းနည်းများဖြစ်သည့် ကာစီနိုရုံများကို လုပ်ကိုင်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော်လည်း ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ မသိကြောင်း ငြင်းဆိုခဲ့သည်။ စီမံကိန်းအတွင်း ကျားဖြန့်လုပ်ကိုင်နေသူများကို တဖြည်းဖြည်းချင်းပြန်ပို့ပေးရန် ရည်ရွယ်ထားကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် Karen Information Center နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ဖက်ဒီးနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံကာ စီမံကိန်းထဲရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရန် ဆွေးနွေးခဲ့သည်။ အခြားတဖက်တွင်မူ ရွှေကုက္ကိုစီမံကိန်းအတွင်းရှိ ကာစီနိုလုပ်ငန်းများအတွက် အထပ်မြင့်အဆောက်အအုံများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ကာစီနိုလုပ်ငန်းအတွက်သာမက ကျားဖြန့်လုပ်ငန်းအတွက် တရုတ်စကားကျွမ်းကျင်သူများကို မြင့်မားသောလစာဖြင့် ခေါ်ယူနေသည်ကို မြဝတီမြို့နှင့် ရွှေကုက္ကိုအခြေစိုက် လူမှုကွန်ရက်မီဒီယာများတွင် တွေ့ခဲ့ရသည်။ ရွှေကုက္ကိုစီမံကိန်းအတွင်း လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို ပြန်ခေါ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက ကြိုးပမ်းချက်များလည်း ရှိခဲ့သည်။

၂၀၂၄ ခုနှစ်တွင် စီမံကိန်းအတွင်းရှိ ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများကို တားဆီးနိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်ကရော မြန်မာနိုင်ငံဘက်ကပါ အချက်နှစ်ချက်လုပ်ဆောင်ခဲ့သည်။ ပထမတချက်မှာ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေနှင့် အောက်တိုဘာလကုန်နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးရန် BGF က မေ ၃ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ဒုတိယတချက်မှာ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ထိုင်းနိုင်ငံ ခရိုင်လျှပ်စစ် ဓာတ်အားအာဏာပိုင်များက ဒုတိယအကြိမ် လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ အဆိုပါ တုံ့ပြန်မှုများသည် ကျားဖြန့်လုပ်ငန်းများအပေါ်တွင် တစုံတရာသက်ရောက်မှုရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် ကိုယ်ကျိုးစီးပွားယှက်နွယ်နေသည့်အတွက် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများအထိပါ အမြစ်တွယ်နေသည့် ကျားဖြန့်လုပ်ငန်းများကို အပြီးတိုင်ဖြိုခွင်းရန် မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိနေသည်။


မှတ်ချက်။ ။ စီမံကိန်း အခြေအနေများကို ၂၀၂၄ ခုနှစ် သြဂုတ် ၆ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

၃။ အချိန်ကာလပြဖြစ်စဉ်

  • ၂၀၁၇ – စီမံကိန်းအတွက် ဒေသခံများ၏ လယ်ယာမြေများကို စတင်သိမ်းဆည်းခဲ့။
  • ၂၀၁၇ – YHG နှင့်ချစ်လင်းမြိုင်ကုမ္ပဏီတို့အကြား မြေဧက ၂၀၀၀ ကျော်တွင် နှစ် ၅၀ မြေငှားရမ်းခြင်းဖြင့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် သဘောတူလက်မှတ်ရေးထိုး။
  • ၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနမှ အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် မှတ်ပုံတင်ခွင့်ရရှိ။
  • ၂၀၁၈၊ ဇူလိုင် ၂၆ – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ခွင့်ပြုခဲ့။
  • ၂၀၁၈ – ခွင့်ပြုမိန့်ရရှိပြီးနောက်ပိုင်း တရုတ်အလုပ်သမား အများအပြား ရောက်ရှိလာခဲ့။
  • ၂၀၁၉၊ မေ၊ ဇွန်၊ ဩဂုတ် – မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်နယ်အစိုးရမှ ကွင်းဆင်းစုံစမ်းခဲ့။
  • ၂၀၁၉၊ ဩဂုတ်၂၀ – ရင်းနှီးမြှုပ်နှံမှု ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့် ယာယီဆိုင်းငံ့။
  • ၂၀၂၀၊ အောက်တိုဘာ ၇ – စီမံကိန်းတွင် ငွေကြေးဝန်ဆောင်မှုပေးနေသည့် စင်ကာပူအခြေစိုက် Fincy ကဝန်ဆောင်မှုကို ရုပ်သိမ်း။
  • ၂၀၂၀၊ အောက်တိုဘာ – နယ်ခြားစောင့်တပ်က ပေးသည့်လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် တပ်မတော်အရာရှိများကို တပ်မတော်က စစ်ဆေး။
  • ၂၀၂၁၊ ဇန်နဝါရီ – စီမံကိန်းနှင့်ပက်သတ်ပြီး ဖိအားပေးမှုကြောင့် ဗိုလ်မှူးကြီးစောချစ်သူနှင့် အရာရှိများ၊ တပ်ဖွဲ့ဝင်ပေါင်း ခုနှစ်ဆယ်ကျော် နုတ်ထွက်စာတင်။
  • ၂၀၂၁၊ မေ – စီမံကိန်းပြန်လည်စတင်ရန် ဆွေးနွေးမှုများပြုလုပ်။ 
ရွှေကုက္ကိုစီမံကိန်း ဖြစ်စဉ်

၄။ စီမံကိန်းအသေးစိတ်အချက်အလက်များ

စီမံကိန်းအမည်မြန်မာ-ရထိုက် ရွှေကုက္ကိုမြို့သစ်စီမံကိန်း။  
တည်နေရာကရင်ပြည်နယ်၊ မြဝတီမြို့၏မြောက်ဘက် ဆယ်မိုင်အကွာ သောင်ရင်းမြစ်ကမ်းပါး။
စီမံကိန်းခန့်မှန်းဧရိယာ၂၉၆၅၂ ဒသမ ၆ ဧက။  
စီမံကိန်းပြီးစီးမည့် ခန့်မှန်းကာလ၂၀၂၇ ခုနှစ်။  
စီမံကိန်းစတင်သည့်ကာလ၂၀၀၇။  
စီမံကိန်းလက်ရှိအခြေအနေဆုံးဖြတ်ချက်တရပ်ကို စောင့်ဆိုင်းနေသည့် ကြားကာလ။
လုပ်ငန်းစတင်လည်ပတ်သည့်ရက်စွဲ၂၀၀၈ ဇူလိုင်။  
လုပ်ငန်းဆောင်ရွက်ခွင့် ကနဦးကာလနှစ် ၃၀(ငါးနှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ)။  
ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုကာလ၃၆ လ။  
စီမံကိန်းတွင် ပါဝင်မည့်အဆောက်အဦးများဇိမ်ခံအိမ်ရာများ၊ အခန်း ၁၂၀၀ ပါ ဟိုတယ်၊ လောင်းကစားရုံများ၊ အပန်းဖြေအဆောက်အဦး အမျိုးမျိုး၊ ဈေးဝယ်စင်တာများ၊ နိုင်ငံတကာလေဆိပ် ၊စက်မှုဇုန်၊ ကုန်သိုလှောင်ရုံ၊ ဆိပ်ကမ်း၊ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဇုန်၊ ခရီးသွားများအတွက် အပန်းဖြေဇုန်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဇုန်၊ငွေကြေးဆိုင်ရာဇုန်၊ စိုက်ပျိုးရေးဇုန်၊ ရုပ်ရှင်ရုံများနှင့် ရေပူစမ်းများ။
ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ။  
ကနဦးရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ သန်း ၅၀၀။  
ကုမ္ပဏီအမည်မြန်မာ-ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစု။  
ပါဝင်ပတ်သက်သော အဖွဲ့အစည်းများရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုနှင့် နယ်ခြားစောင့်တပ်မှ တည်ထောင်ထားသော ချစ်လင်းမြိုင်ကုမ္ပဏီ(မှတ်ချက်။   ။ DICA မှတ်တမ်းအရ ချစ်လင်းမြိုင်တွင် ပါဝင်သော နယ်ခြားစောင့်တပ်မှ ဒါရိုက်တာနှင့် မြန်မာ- ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုတွင် ပါဝင်သောသူမှာ တဦးတည်း ဖြစ်သည်။ ချစ်လင်းမြိုင်နာမည်နှင့် မှတ်ပုံတင်ထားသော လုပ်ငန်းငါးခုရှိပြီး မိခင်မူရင်းကုမ္ပဏီမှာ သက်တမ်းကုန်ဆုံးနေပြီ ဖြစ်သည်။)။  
ရှယ်ယာခွဲဝေမှုရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုမှ ၈၀ ရာခိုင်နူန်း၊ နယ်ခြားစောင့်တပ်မှ၂၀ ရာခိုင်နူန်း။  

၅။ အစုရှယ်ယာရှင်များ

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Yatai International Holdings Group-YIHG နှင့် ချစ်လင်းမြိုင် ကုမ္ပဏီတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့်“Myanmar Yatai International Holding Group Co., Ltd.” ကို အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော နိုင်ငံခြားကုမ္ပဏီအဖြစ်၂၀၁၇၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

သို့သော် ရွှေကုက္ကိုစီမံကိန်းကို ရင်းနှီးမြှုပ်နှံလျက်ရှိသော YIHG ကုမ္ပဏီနှင့် ဥက္ကဋ္ဌ စယ်လွင်ခိုက်၏ နောက်ခံသမိုင်းမှာ ရှင်းရှင်းလင်းလင်းမရှိပေ။ YIHG သည် ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်း လူသိရှင်ကြား ထုတ်ပြန်ထားသည်မှာ အနည်းအကျဉ်းသာ ရှိသည်။ YIHG ၏ ဥက္ကဋ္ဌ မစ္စတာ စယ်လွင်ခိုက်သည် China Federation of Overseas Chinese Business Association ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ ထိုသို့ တရုတ်နိုင်ငံကိုယ်စားပြု အသင်းများတွင် ရာထူးကြီးကြီးများကို ရယူထားသော YIHG ဥက္ကဋ္ဌ စယ်လွင်ခိုက်တွင် အမည်များစွာ ရှိနေသည်။ သူသည် စယ်လွင်ခိုက်(သို့မဟုတ်) ဒိုင်လန်စယ်ဟူသော အမည်အပြင် တခါတရံတွင် မျိုးရိုးအမည် ထန် သို့မဟုတ် ကျန်း ကို အသုံးပြုသည်။

တန်ဖိုးကြီး အဆင့်မြင့်အိမ်ရာများ ဆောက်လုပ်ရန်အတွက် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်တွင် ထန်ခရိုင်အန်ခရိုင်း (Tang KriangKrai) ဟု ဖြည့်သွင်းထားပြီး ကမ္ဘောဒီးယားနိုင်ငံသားတဦးအဖြစ် သတ်မှတ်ဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ ရာထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု YIHG မှာလည်း သတင်းမီဒီယာများတွင် တရုတ်အစိုးရ၏ နာမည်ကြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု ကျိလင်ရာထိုက်အုပ်စုJilin Yatai (Group) Co Ltd ၏ အမည်နှင့် မှားယွင်း အမည်တပ်ဖော်ပြမှုများ ကြိမ်ဖန်များစွာရှိခဲ့သည်။ Burma Campaign UK က ထုတ်ပြန်ထားသော မြန်မာတပ်မတော်နှင့် ဆက်စပ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့ရန်ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် YIHG လည်း ပါဝင်နေသည်။

“Myanmar Yatai International Holding Group Co., Ltd.” ကို ဒါရိုက်တာ လေးဦးဖြင့် မှတ်ပုံတင်ထားပြီး ဒါရိုက်တာ အဖွဲ့ဝင်များမှာ မလေးရှားနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား တဦးနှင့် မြန်မာနိုင်ငံသား တဦး တို့ပါဝင်သည်။ ၁။ CHOW TIAN YU (ဒါရိုက်တာ၊ မလေးရှား)၊ ၂။ LIM JUN JIE (ဒါရိုက်တာ၊ မလေးရှား)၊  ၃။ MR. SHE ZHI JIANG (ဒါရိုက်တာ၊ ကမ္ဘောဒီးယား)နှင့် ၄။U SAW MIN MIN OO (ဒါရိုက်တာ၊ မြန်မာ) တို့ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကုန်ကျငွေများကို တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ကျခံမည်ဖြစ်ပြီး ချစ်လင်းမြိုင် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ဖြစ်သည်။ အကျိုးအမြတ်ခွဲဝေမှုတွင် ချစ်လင်းမြိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ YIHGက ၇၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွှေကုက္ကိုစီမံကိန်း ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားနှင့် အကျိုးအမြတ်ခွဲဝေမှု

 

၆။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များ

တရားဝင်ထုတ်ပြန်ထားသော သက်ရောက်မှုလေလာစမ်းစစ်ချက်အစီရင်ခံစာကို မတွေ့ရှိရသေးပါ။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်ပတ်သတ်ပြီး လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်စစ်တမ်း၊ လူမူဘဝထိခိုက်မှုစစ်တမ်းများကို ကုမ္ပဏီက တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝဘ်ဆိုက်ရှိ အများပြည်သူကြည့်ရူ့နိုင်ရန် စုစည်းထားသော မှတ်တမ်းများတွင်လည်း ဖော်ပြထားခြင်းမရှိပါ။

၇။ လူထုတုံ့ပြန်မှု

ရွှေကုက္ကိုမြို့သစ်တွင်ပါဝင်သည့် လောင်းကစားရုံများ၊ တရုတ်လူမျိုးများကိုပစ်မှတ်ထား ဆွဲဆောင်သော အပန်းဖြေ အဆောက်အဦးများကြောင့် ဒေသခံပြည်သူများအကြားတွင် အငြင်းပွားဖွယ်ရာ စီမံကိန်းတခုဖြစ်သည်။ စီမံကိန်းစတင်ချိန်က နယ်ခြားစောင့်တပ်သည် ဒေသခံများကို စီမံကိန်းအသေးစိတ်အကြောင်းအရာ၊ အစီအမံများကို သေချာစွာ ရှင်းလင်းခဲ့ခြင်း မရှိဟု စွပ်စွဲခံထားရသည်။ စီမံကိန်းကြောင့် ဒေသခံများထံမှ မြေသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တဧကလျှင် ဘတ်ငါးသောင်း၊ အိမ်ပါဝင်လျှင် ဘတ်တသိန်းမှ တသိန်းခွဲအထိ လျော်ကြေးပေးရန် ကုမ္ပဏီဘက်က အဆိုပြုခဲ့သည်။ နယ်ခြားစောင့်တပ်၏ အရှိန်အဝါကြောင့် ဒေသခံများသည် လျော်ကြေးယူရုံမှတပါး ရွေးချယ်စရာမရှိဘဲ မြေသိမ်းမှုများကို လက်ခံခဲ့ရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာက ဆိုသည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်လုပ်သား တသောင်းကျော်ဝန်းကျင် စီမံကိန်းဆောက်လုပ်ရန် ဝင်ရောက်လာပြီး ရွှေကုက္ကိုဒေသတွင် အခြေချနေထိုင်နေကြောင်း၊ ထိုအထဲတွင် လုပ်သားတထောင်ကျော်သည်  စီမံကိန်း၏ လုံခြုံရေးကို တာဝန်ယူထားကြောင်း အစီရင်ခံစာကဆိုသည်။

၂၀၁၉ ခုနှစ် မတ်လတွင် မြို့သစ်စီမံကိန်း၌ လောင်းကစားရုံများဖွင့်လှစ်ပြီးနောက်တွင် တရုတ်လူမျိုး အများအပြား ဝင်ရောက်လာပြီး ဒေသခံများနှင့် မကျေနပ်မှုများ တင်းမာလာခဲ့သည်။ ရွှေကုက္ကိုစီမံကိန်းသည် ဒေသခံများအတွက် လုပ်ငန်းခွင်များ ဖန်တီးပေးစွမ်းနိုင်မည်ဖြစ်ရာ ၎င်းတို့အနေနှင့် လယ်ယာစိုက်ပျိုးစရာ မလိုတော့ဘဲ သက်တောင့်သက်သာ နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း လယ်ယာမြေသိမ်းယူစဉ်က BGF တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တရုတ်လုပ်သားများကြောင့် လုပ်သားဈေးကွက်မှာ အခွင့်အလမ်းနည်းပါးနေသည်။ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့်အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ Spa၊ Club နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုရုံပါဝင်သည့် ဟိုတယ်များ တည်ဆောက်ထားသောကြောင့် ဒေသခံများနှင့် မီဒီယာများက ၂၀၁၉ ခုနှစ်အတွင်း ကျယ်ကျယ်လောင်လောင်ဝေဖန်ခဲ့သည်။ အထူးသဖြင့် ၁၅ ကီလိုမီတာသာ ကွာဝေးသော မြဝတီမြို့တွင် တရုတ်လုပ်သားများက လိုင်စင်မဲ့ မော်တော်ကားများ မောင်းနှင်ကာ ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဓားထိုးမှုများ စသည့် ဥပဒေမဲ့ ကျူးလွန်မှူများကြောင့် တရုတ်နိုင်ငံသားများအပေါ် အရေးယူပေးရန် ဒေသခံများက လှုံဆော်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။

ထိုအခါ မြဝတီဒေသခံများနှင့် ပြည်တွင်းမီဒီယာများသာမက ပြည်ပမီဒီယာများကပါ ရွှေကုက္ကိစီမံကိန်းအကြောင်းကို၂၀၁၉ ခုနှစ်အတွင်း အများအပြား ဖော်ပြလာကြသည်။ ထိုစီမံကိန်းကြောင့် ဒေသခံများသည် မြဝတီမြို့ပေါ်တွင် တရုတ်လူဦးရေ ပိုမိုများပြားလာခြင်းကြောင့်လူမျိုးရေးအရ လွှမ်းမိုးမှုများ၊ ဒေသခံပြည်သူများ၏ မူလအလုပ်အကိုင်များ ပျောက်ကွယ်သွားမည့်ပြဿနာ၊ လောင်းကစားရုံများကြောင့် လူကုန်ကူးမှုပြဿနာ၊ ဒေသခံအမျိုးသမီးများကို လောင်းကစားရုံများ၊ အပန်းဖြေစင်တာများတွင် ဝန်ထမ်းအဖြစ်ခိုင်းစေမှုများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် လူမူရေးပြဿနာများကိုလည်း စိုးရိမ်နေကြရသည်။ မြို့သစ်စီမံကိန်း ဧရိယာတွင်သာမကဘဲ မြဝတီမြို့ပေါ်တွင် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသော ဆိုင်များ၊ စားသောက်ဆိုင်များ၊ တည်းခိုရိပ်သာများသည် တရုတ်စာများနှင့်သာ ဖော်ပြ ထားသည့်အတွက် ပြည်သူများ၏ ဝေဖန်မှုများလည်း ရှိနေသည်။ စက်တင်ဘာ ၁၅ ရက်တွင် ဒေသခံများ စုစည်းကာ မြဝတီမြို့တွင် ဝင်ရောက်နေသော တရားမဝင် တရုတ်လူမျိုးများကို စစ်ဆေးပေးရန်အစိုးရကို တောင်းဆိုခဲ့သည်။ အစိုးရအနေနှင့် ပျက်ကွက်ပါက ဆန္ဒပြတောင်းဆိုမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရကလည်း ဒေသအတွင်းဝင်ရောက်နေသည့် တရားမဝင် တရုတ်လူမျိုးများကို ကြပ်မတ်စောင့်ကြည့်သွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်၏ အစီရင်ခံစာအရ လောင်းကစားဝိုင်းများ၊ ဟိုတယ်များ၊ အပန်းဖြေနားနေစရာ နေရာများသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်နေသောကြောင့် ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက်အရေးယူနိုင်မည့် အနေအထားတွင် မရှိကြောင်း ဖော်ပြထားသည်။ တရုတ်အလုပ်သမားများသည် အစပိုင်း၌ မြဝတီမြို့တွင် နေထိုင်ခဲ့ကြသော်လည်း ယင်းအချက်များကြောင့် နောက်ပိုင်းတွင် BGF ၏ စောင့်ရှောက်မှုအောက်တွင်တည်ရှိသော ရွှေကုက္ကိုဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ‘တို့မြေများကိုလောင်းကစားပစ်ခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်က ဖြစ်ပွားခဲ့သော ရွှေကုက္ကိုဒေသအား လာရောက်သတင်းရယူသော သတင်းထောက်နှစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်မှာလည်း စီမံကိန်း၏ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာ အနေအထားဖြစ်ခဲ့သည်။

မှတ်ချက်-စီမံကိန်း အခြေအနေများကို ၂၀၂၁ ခုနှစ် ဇွန် ၂၈ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။