ISP China Desk

၁။ စီမံကိန်းအကျဉ်းချုပ်

ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်သည့် ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ အင်မိုင်ခ (မေခ) နှင့် မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မည့် ရေကာတာ (ဆည်) ခုနစ်ခု (ယင်း ဆည်ခုနစ်ခု တည်ဆောက်ရေးအတွက် လျှပ်စစ်ဓာတ်အားအထောက်အပံ့ပေးရန် တည်ဆောက်ထားပြီး ၉၉ မဂ္ဂါ၀ပ်ထွက်ရှိသည့် ချီဖွေငယ်ဆည်ကိုပါ ထည့်တွက်လျှင် ရှစ်ခု ဖြစ်သည်။) ကို တရုတ်နိုင်ငံက တည်ဆောက်အကောင်အထည်ဖော်မည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ ၂၀၀၆ ခုနှစ်အတွင်း ထိုစဉ်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုး၀င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ထွက်ပေါ်ခဲ့သည့် စီမံကိန်းများ ဖြစ်သည်။ စီမံကိန်းများအတွက် စုစုပေါင်း အမေရိကန်‌ဒေါ်လာ ဘီလီယံ ၂၀ ၀န်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း- CPI (ယခု State Power Investment Corporation – SPIC)၊ မြန်မာနိုင်ငံအစိုးရနှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

မြစ်ဆုံစီမံကိန်းမှ ၆၀၀၀ မဂ္ဂါ၀ပ်၊ လိုင်ဇာ (မလိယန်) စီမံကိန်းမှ ၂၈၀၀ မဂ္ဂါဝပ်၊  ချီဖွေစီမံကိန်းမှ ၃၄၀၀ မဂ္ဂါဝပ်၊ အူဆောက်စီမံကိန်းမှ ၂၅၀၀ မဂ္ဂါဝပ်၊ ဖီဆော်စီမံကိန်းမှ ၂၄၀၀ မဂ္ဂါဝပ်၊ ခေါင်လန်ဖူးစီမံကိန်းမှ ၃၀၀၀ မဂ္ဂါဝပ်၊ ရီနန်စီမံကိန်းမှ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု SPIC က ဖော်ပြထားသည်။

စီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်သည်။ တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲကို တပ်မတော်အစိုးရက ကျင်းပပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်းဖြစ်သည့် သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည်။

ထိုအတောအတွင်း မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်သည့်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် သူ၏အစိုးရသက်တမ်းကုန်ဆုံးသည်အထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာသည်။

၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရတာ၀န်ကို လွှဲပြောင်းရယူသည်။ NLD အစိုးရလက်ထက်တွင် မြစ်ဆုံဆည်စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ရေးအတွက်  တရုတ်နိုင်ငံက ပြန်လည်လှုပ်ရှား၊ စည်းရုံးလာသည်။ သို့သော် NLD အစိုးရဖွဲ့  ဖွဲ့စည်းပြီး သုံးနှစ်ကြာသည်အထိ စီမံကိန်း၏အနာဂတ်မှာ မရေရာမသေချာသည့် အခြေအနေသာ ရှိနေသေးသည်။

စီမံကိန်းကို ရပ်တန့်ကြောင်း ကြေညာပြီး ၁၂ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။ ဦးဆောင်အဖွဲ့တွင် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ စစ်ကောင်စီ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူထားသည်။ (ဦးတိန့်ဆောင်သည် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်သူ ဇခုန်တိန့်ယိန်း (Zahkung Ting Ying) ၏ သားဖြစ်သည်။ NDA-K သည် ပန်ဝါမြို့ရှိ ကချင်အထူးဒေသ-၁ တွင်အခြေစိုက်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တခုဖြစ်သည်။) အသစ်ဖွဲ့စည်းသည့် ဦးဆောင်အဖွဲ့သည် ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်သည့် SPIC Yunnan International Power Investment (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်ပူးပေါင်း၍ စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။

ဦးဆောင်အဖွဲ့သည် စီမံကိန်းကိစ္စများကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ကြောင်း စစ်ကောင်စီ အတွင်းရေးမှုး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ပြန်တမ်းတွင် ဖော်ပြထားသည်။ SPICYN သည် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) မှ အမည်ပြောင်းလဲခဲ့သော ကုမ္ပဏီဖြစ်ပြီး ကိုဗစ်ရောဂါဖြစ်ပွားသော ကာလဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရုံးများအတွက် အထောက်အကူပြုပစ္စည်းများကိုလည်း လှူဒါန်းခဲ့သေးသည်။ လက်တလောတွင် စီမံကိန်းအတွက် သုတေသနလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများအတွက် စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည်။ ထို့အပြင် မြစ်ဆုံစီမံကိန်းအတွက် မူလရေးဆွဲထားသည့် ပမာဏဖြစ်သော ဆည်အမြင့်ပေ ၅၀၀ ထက် နိမ့်၍ ဆောက်လုပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်တွင် Myitkyina News Journal သို့ ပြောခဲ့သည်။

နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့ကို စီမံကိန်းဦးဆောင်အဖွဲ့က ဖွဲ့စည်းမည်ဖြစ်သည်။ အဆိုပါအဖွဲ့များ၏ စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များအပေါ်  ဦးဆောင်အဖွဲ့က ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေများအား စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန် ရည်ရွယ်ထားသည်။ ထူးခြားချက်မှာ စီမံကိန်းအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့ ကို အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

၂။ အချိန်ကာလပြဇယား

စဥ်ခုနှစ်အကြောင်းအရာ

၂၀၀၂

 မြေနေရာ လေ့လာတိုင်းထွာမှုစတင်။ ကန်ဆိုင်းလျှပ်စစ်ဓာတ်အားကုမ္ပဏီက တန်ဖဲရွာတွင် အသေးစားမိုးလေဝသနှင့် ဇလဗေဒဌာနတခု တည်ဆောက်။
၂၀၀၆

CPI နှင့် MOEE တို့နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ထိုး။

၂၀၀၇

မြစ်ဆုံအပါအဝင် ဆည်ခုနှစ်တည်ဆောက်ရေး မြန်မာနှင့် တရုတ်အစိုးရတို့ မူဝါဒပိုင်းဆိုင်ရာ သဘောတူ။ မြစ်ဆုံနှင့် ချီဖွေဆည်တို့ကို ပန္နက်ချ။

၂၀၀၉

BANCA ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု အစီရင်ခံစာ (EIA) ထွက်ရှိ။ နားလည်မှုစာချွန်လွှာ (MOA) အား အပြီးသတ်လက်မှတ်ထိုး။

၂၀၀၉-၂၀၁၀

စီမံကိန်းနှင့် မလွတ်သည့် ကျေးရွာများကို စတင်ရွှေ့။ တည်ဆောက်ရေးစီမံကိန်းအဆင့် ၁ ကို စတင်။

၂၀၁၀

မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပေါက်ကွဲမှုလေးကြိမ်ဖြစ်။ သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရ။

၂၀၁၁

စီမံကိန်းအား သူ၏ သက်တမ်းအတွင်း ရပ်ဆိုင်းကြောင်း သမ္မတဦးသိန်းစိန် ကြေညာ။

၂၀၁၆

အစိုးရသစ်က မြစ်ဆုံစီမံကိန်းများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ရေး ကော်မရှင်ဖွဲ့။ ကော်မရှင်က အစီရင်ခံစာ တင်သွင်း။

၂၀၁၈

စီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်နိုင်ငံဘက်က တွန်းအားပေးလှုပ်ရှားလာ။

၁၀၂၀၁၉

မြစ်ဆုံဆည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေနှင့် စကားတည်ရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား။

၁၁၂၀၂၄

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို စစ်ကောင်စီ ဖွဲ့စည်း။

 

မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

 

၃။ စီမံကိန်း အသေးစိတ်အချက်အလက်များ

တည်နေရာမြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
စီမံကိန်းအမျိုးအစားရေအားလျှပ်စစ်နှင့် ဆည်တည်ဆောက်ရေး
ဆည်နယ်မြေအကျယ်အ၀န်း၁၈,၀၀၀ စတုရန်းမိုင်
အထက်ရေလှောင်ကန်ကြီး၏ ရေအမြင့်၉၈၀ ပေ (၂၉၉ မီတာ)
ဆည်အမြင့်၅၀၀ ပေ (၁၅၂ မီတာ)
ရေလှောင်ကန်ကြီး၏ အမြင့်ဆုံးထိန်းနိုင်သောရေအမြင့်၉၅၀ ပေ (၂၉၀ မီတာ)
ရေလှောင်ကန်ကြီး၏ အများဆုံးထိန်းထားနိုင်သောရေထု၃၄ ဧကပေသန်း
ပင်မဆည်၏ အလျား၅၀၀ ပေ (၁၅၂ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၁အလျား ၄,၂၀၀ ပေ (၁,၂၈၀ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၂               အလျား ၄,၃၀၀ ပေ (၁,၃၁၁ မီတာ)
အထက်ဆည်(တောင်ကြော) အမှတ် ၃               အလျား ၁,၈၅၀ ပေ (၅၆၄ မီတာ)
ဆည်အမျိုးအစား                                                                                ကျောက်စီကွန်ကရစ်ကိုင် (ရေဖြည့်ဆည်)
သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အား                            ၆,၀၀၀ မဂ္ဂါဝပ်
အမာခံ လျှပ်စစ်ဓာတ်အား                                                              ၁,၁၀၀ မဂ္ဂါဝပ်
နှစ်စဉ်ထုတ်လုပ်မှု                                                                             ၃၀,၈၆၀ ကီလိုဝပ် နာရီသန်းပေါင်း
ရင်းနှီးမြုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ
စီမံကိန်းစတင်သည့် ရက်စွဲ၂၀၀၂ ခုနှစ်
စီမံကိန်းလက်ရှိ အခြေအနေဆုံးဖြတ်ချက်တစ်ရပ်ကို စောင့်ဆိုင်းနေသည့် ကြားကာလ
လုပ်ငန်းစတင်လည်ပတ်သည့် ရက်စွဲ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ
လုပ်ငန်းဆောင်ရွက်ခွင့် ကနဦးကာလ  နှစ် ၄၀ (၅ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ)
အလုပ်အကိုင်အခွင့်အလမ်း၂,၀၀၀ မှ ၂၈,၀၀၀ အထိ

၄။ အစုရှယ်ယာရှင်များ

မြစ်ဆုံဆည်စီမံကိန်း စာချုပ်အရ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက ငါးရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြမည်ဖြစ်ပြီး ငွေကြေးစိုက်ထုတ်မှုအားလုံးကို တရုတ်ဘက်မှ စိုက်ထုတ်မည်ဖြစ်သည်။ သို့သော် စီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအချက်အလက်များကို အများပြည်သူသို့ အသိပေးထုတ်ပြန်ခြင်းမရှိပေ။ လျှပ်စစ်ဓာတ်အား ခွဲဝေမှုတွင် CPI က ၉၀ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၁၀ ရာခိုင်နှုန်း (၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်လုပ်ခဲ့သည့် လျှပ်စစ်ပမာဏနှင့် ညီမျှသည်။) ဖြစ်သည်။

အကျိုးအမြတ်ခွဲဝေမှုတွင် CPI က ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရမှ ၂၀ ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက အကျိူးဆောင်ခ ၁၀ ရာခိုင်နှုန်း ရရှိမည်ဟု နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)၊ မြန်မာနိုင်ငံ အမှတ် ၂  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် အေးရှားဝေါကုမ္ပဏီတို့ စုပေါင်းကာ  မြန်မာ-တရုတ်ဖက်စပ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ဧရာဝတီ မြစ်ဆုံ-မြစ်ညှာ-မြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလိမိတက်ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သည်။

(က) CPI

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးတစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ မတ် ၃၁ ရက်တွင် ထူထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံ နျူကလီးယားစွမ်းအင်နည်းပညာကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (SPIC) ဟု အမည်ပြောင်းလဲခဲ့သည်။

(ခ) MOEE

၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့  (န၀တ) ကို ဖျက်သိမ်းကာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကို ဖွဲ့စည်းလိုက်သည်။ ယင်းနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို  လျှပ်စစ်စွမ်းအားဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရေအားလျှပ်စစ်ဌာနဟူသော ဌာနသုံးခုဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၀၆ ခုနှစ်၊ မေ ၁၅ ရက်တွင် ယင်းဝန်ကြီးဌာနကို အမှတ် ၁ နှင့် ၂ ဟူ၍ ၀န်ကြီးဌာန နှစ်ခု ခွဲထုတ်လိုက်သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ပြန်လည်ပြင်ဆင်ခဲ့ပြီး NLD အစိုးရလက်ထက်တွင်မူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

(ဂ) Asia World Company Myanmar

အေးရှားဝေါကုမ္ပဏီသည်  မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီ၏ဥက္ကဋ္ဌမှာ ဦးထွန်းမြင့်နိုင် (စတီဗင်လော) ဖြစ်သည်။

၅။ ဆက်စပ်ကန်ထရိုက်တာများ

ChinaMyanmarOthers
China Gezhouba Group Corporation  Suntac Technologies Co. Ltd.,  Kansai Electric Power Co,Inc (KEPCO)
China Power Investment Corporation Materials and Equipment Co. Ltd  Asia World Company, Yangon   
Sinohydro China  Ministry of Electric Power (1), Naypyidaw 
Yunnan Machinery Equipment Import & Export CompanyBiodiversity and Nature Conservation Association, Yangon 
China Southern Power Grid  
Changjiang Institute of Survey, Planning, Design and Research (CISPDR)  
Kunming hydropower Institute of Design  
Shi Pe Exploration and Design College  

၆။ သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ

CPI ကုမ္ပဏီမှ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု ပြုလုပ်ရန်အတွက် Changjiang Institute of Survey, Planning, Design and Research (CISPDR) က ဦးဆောင်ကာ မြန်မာနိုင်ငံမှ ပညာရှင်အဖွဲ့ဖြစ်သော Biodiversity and Nature Conservation Association (BANCA) က ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာကို CPI နှင့် Changjiang Institute of Survey, Planning, Design and Research (CISPDR) သို့ ပေးပို့ခဲ့သည်။

စီမံကိန်းများ လုပ်ဆောင်ခြင်းကြောင့် ဒေသခံအများအပြား ပြောင်းရွှေ့ရမည်။ ပြောင်းရွှေ့ရမည့်သူများအနေနှင့် သူတို့၏ ဘ၀နှင့် စီးပွားရေးအပေါ် ထိခိုက်စေမည်။ ပြင်ပမှ အလုပ်သမားများ ၀င်ရောက်လာမည်ဖြစ်ရာ ‌ဒေသခံတို့၏ ယဥ်ကျေးမှုနှင့် ဓလေ့စရိုက်များအပေါ် ၎င်းတို့က လွှမ်းမိုးစေလိမ့်မည်။ တရားမ၀င် တောရိုင်းတိရိစ္ဆာန်ရောင်း၀ယ်မှုနှင့် တရားမ၀င် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆိုးရွားလာစေနိုင်သည်။ တောရိုင်းတိရိစ္ဆာန်များ၏ ကျက်စားရာနယ်မြေများ ကျဥ်းသွားနိုင်သည်။ မြစ်ဆုံသည် သဘာ၀အမွေအနှစ်တစ်ခုဖြစ်ရာ ဆည်တည်ဆောက်လိုက်ပါက ယင်းအမွေအနှစ်တို့ကို ထာ၀ရ ဆုံးရှုံးရမည်ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

BANCA ၏ EIA အစီရင်ခံစာသည် အချိန်ငါးလ၀န်းကျင်အတွင်း ဖုတ်ပူမီးတိုက် ပြုစုခဲ့ခြင်းကို ပညာရှင်များက ထောက်ပြကြသည်။ နိုင်ငံတကာတွင် ဧရာ၀တီနှင့် အရွယ်အစားတူညီသည့် မြစ်ကြီးများအတွက် EIA ဆောင်ရွက်ရာတွင် အချိန် လေးနှစ်မှ ခြောက်နှစ်၀န်းကျင် ယူကြခြင်း ဖြစ်သည်။ ယင်းအပြင် ယခုအစီရင်ခံစာသည် ဇီ၀မျိုးစုံမျိုးကွဲများကိစ္စကိုသာ အဓိက လေ့လာဆန်းစစ်ထားခြင်းဖြစ်ပြီး အခြားအရေးပါသည့်သက်ရောက်မှုတို့ ပါ၀င်ခြင်း မရှိပေ။

၂၀၁၀ ခုနှစ်၊ မတ်လတွင် BANCA ၏ EIA အစီရင်ခံစာကို အခြေပြု၍ CISPDR ကလည်း ၎င်းတို့၏  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာအပြည့်အစုံကို CPI သို့ တင်ပြခဲ့သည်။ ယင်းအစီရင်ခံစာတွင် မည်သည့်အချက်များပါ၀င်သည်ကိုမူ မသိရပေ။ သို့သော် CPI အနေနှင့် လူမှုရေးလေ့လာဆန်းစစ်မှု အစီရင်ခံစာကိုမူ အပြီးသတ်အောင် ပြုလုပ်ခဲ့နိုင်ခြင်း မရှိပေ။

၂၀၁၃ ခုနှစ်က မြစ်ဆုံဆည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာနှင့် ပက်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော တတ်သိပညာရှင်များ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို နိုင်ငံတကာမြစ်ချောင်းများ လေ့လာရေးသုတေသနအဖွဲ့ နှင့် စိမ်းလန်းအမိမြေအဖွဲ့တို့ မှ ထုတ်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာက BANCA ၏ EIA အစီရင်ခံစာသည် အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိဘဲ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းကိုသာ အဓိကထားရေးသားထားသည်ဟု ဝေဖန်သည်။ BANCA ၏ EIA အစီရင်ခံစာတွင် ပတ်ဝန်းကျင်ဆိုင်ရာဂေဟစနစ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ သဟဇာတဖြစ်အောင် ထည့်သွင်းထားမှု မရှိသလို ရေအရင်းအမြစ် အပြောင်းအလဲဖြစ်ခြင်းကိုတွက်ဆရာတွင် လျော့ပေါ့တွက်ထားသည်ဟု ဆိုသည်။ ယင်းအပြင် မြစ်များကို ပိတ်ဆို့လိုက်သည့်အခါ မြစ်ကြောင်း တစ်လျှောက်တွင် အနည်ပို့ချမှုများ လျော့နည်းသွားနိုင်ပြီး မြစ်အောက်ပိုင်းရှိ မြေနုကျွန်းစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းများ ပျက်စီးသွားနိုင်သလို ဆည်တည်ဆောက်ရေးအတွက် ၀င်ရောက်လာမည့် လုပ်သားများကြောင့် လိင်မှတဆင့်ကူးစက်သည့် ရောဂါများကိစ္စကိုလည်း ထည့်သွင်းတွက်ချက်ပြထားသည်။ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် မသင့်ကြောင်း လွတ်လပ်ပြီး အမှီအခိုကင်းသော တတ်သိပညာရှင်များ၏ အစီရင်ခံစာက ဆိုသည်။

ပညာရှင်များ၏အစီရင်ခံစာအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်သည့် ဧရိယာသည် စင်ကာပူနိုင်ငံအရွယ်အစား၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်သည်။ စီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနှင့် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်သာဝေးရာ ငလျင်လှုပ်ပါက ရေကာတာပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည်။ အကယ်၍ ရေကာတာပြိုကျပါက မြစ်ကြီးနားမြို့သည် ရေလွှမ်းမိုးနိုင်သည်ဟု အစီရင်ခံများက ဆိုကြသည်။

၂၀၁၅ ခုနှစ်၊ နို၀င်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် အစိုးရအဖြစ်တာ၀န်ယူသည်။ သြဂုတ်လတွင် မြစ်ဆုံဆည်စီမံကိန်းများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်” ကို ဖွဲ့စည်းခဲ့သည်။

စီမံကိန်းများသည် (က) သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းများကို လိုက်နာခြင်း ရှိ၊ မရှိ၊ (ခ) စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ (ဂ) စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ (ဃ) စီမံကိန်းများကို ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ်ညာပိုင်း (Up Stream)၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း (Down Stream)၊ မြစ်ကြောင်းတလျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှု အခြေအနေ၊ (င) မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (စ) နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေနှင့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ (ဆ) စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ (ဇ) စီမံကိန်းဆိုင်ရာ စာချုပ်များအပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည်တို့နှင့်ပတ်သက်၍ ကော်မရှင်က လေ့လာဆန်းစစ်စုံစမ်းကာ အကြံပြုချက်များနှင့်အတူ အစီရင်ခံစာ ရေးသားတင်ပြရန် ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နို၀င်ဘာလတွင် အဆိုပါကော်မရှင်အနေနှင့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့သော်လည်း အစီရင်ခံစာပါ အချက်အလက်များကိုမူ အများပြည်သူသို့ ထုတ်ပြန်အသိပေးခြင်း မရှိပေ။ သို့သော် အဆိုပါစီမံကိန်းများသည် မြေယာနှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်နစ်နာမှု၊ လူမှူစီးပွား ဆုံးရှုံးမှုတို့ ကြီးမားသလို ဆည်များတည်ဆောက်မည့် ဧရိယာသည် ငလျင်ကြောအတွင်း ရှိနေသောကြောင့် ဆက်လက်မလုပ်ဆောင်သင့်ကြောင်း ကော်မရှင်အဖွဲ့၀င်တချို့က သီးခြားအကြံပြုချက်များ ပေးထားသည်။

၇။ လူထုတုံ့ပြန်မှု

ဧရာ၀တီမြစ်သည် မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းဒေသတွင် မြစ်ဖျားခံပြီး အလယ်ပိုင်း မြေပြန့်လွင်ပြင်တလျှောက် ဖြတ်သန်းစီးဆင်းကာ တောင်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီး၀င်သည်။ မိုင်ပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားပြီး သမိုင်းတလျှောက်တွင် မြန်မာတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကနေရာက ရှိနေခဲ့သည်။

ဧရာ၀တီ မြစ်ဆုံနှင့် မြစ်ညာ၊ မြစ်၀ှမ်း‌ဒေသတွင် ဆည်တည်ဆောက်ခြင်းသည် နိုင်ငံ၏ အသက်သွေးကြောကို ပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်ကာ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုတို့အပြင် မြစ်ကို အမှီပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး စသည့် စီးပွားရေးအသိုက်အအုံကိုပါ ထိခိုက်ဆုံးရှုံးမည်ကို ပြည်သူလူထုက စိုးရိမ်ပူပန်လျက်ရှိသည်။

မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများသည် ၂၀၁၀ ပြည့်နှစ်၀န်းကျင်မှ စတင်ကာ ရှိနေခဲ့သည်။ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာလိုက်ပြီးနောက်တွင် အနည်းငယ်ငြိမ်သက်သွားခဲ့သည်။  ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် တရုတ်အနေနှင့်  စီမံကိန်းကို ပြန်လည်စတင်ရန် စည်းရုံးလှုံ့ဆော်လာရာ မြန်မာလူထုဘက်ကလည်း ကန့်ကွက်သည့်လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာသည်။ ကချင်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာ၀တီ အစရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် နိုင်ငံရပ်ခြားရောက် ကချင်တိုင်ရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားတို့ကလည်း စီမံကိန်းရပ်ဆိုင်းပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။ အစိုးရဟောင်းနှင့် လက်ရှိအစိုးရတို့၏ အရာရှိတချို့ကမူ အစိုးရအနေနှင့် တရုတ်နှင့် ဆက်ဆံရေးကို ထောက်ထားသောအားဖြင့် စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန်ထက် အရွယ်အစားကို ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် နေရာပြောင်းရွေ့ခြင်း စသည့် တစ်နည်းနည်းဖြင့်လည်း ဆောင်ရွက်နိုင်သည်ဟု ပြောဆိုလေ့ရှိကြသည်။

မြစ်ဆုံအရေးနှင့်ပတ်သက်၍ တပ်မတော်အနေနှင့် ပြည်သူလူထု၏ သဘောထားအတိုင်း ရပ်တည်မည်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၈ ခုနှစ်၊ မြစ်ကြီးနားခရီးစဥ်တွင် ပြောဆိုခဲ့သည်။ သို့သော် ယင်းအတွက် အဆုံးအဖြတ်ပေးမည့်သူမှာ လွှတ်တော်ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ နေရာရွေ့ပြောင်းရန် သို့မဟုတ် အရွယ်အစားလျှော့ချရန် သို့မဟုတ် ယင်းစီမံကိန်းများအစား အခြားစီမံကိန်းများနှင့် အစားထိုးလဲလှယ်ရန် အစိုးရအနေနှင့် အပူတပြင်း စဉ်းစားလျက်ရှိသည်ဟုရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးသောင်းထွန်းက ၂၀၁၉ နှစ်ထဲတွင် ပြောဆိုခဲ့သည်။

မြန်မာကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးရန် မြန်မာအစိုးရတာ၀န်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတထံသို့လည်း ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက စာရေးသား ပေးပို့ထားသည်။

လက်ရှိတွင် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးအတွက် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းပေါင်း ရာနှင့်ချီစုပေါင်းကာ နိုင်ငံလုံးဆိုင်ရာကွန်ရက်တစ်ခုကို ဖွဲ့စည်းထားသလို ဆည်စီမံကိန်းအတွက် ကနဦးကုန်ကျထားသည့် ကုန်ကျစရိတ်များကို ပြည်သူ့အလှူငွေထည့်၀င်မှုဖြင့် လျော်ကြေးပေးကာ အပြီးတိုင် ရပ်ဆိုင်းရန်အတွက်လည်း အချို့က လှုပ်ရှားလျက်ရှိသည်။

၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီက မြစ်ဆုံစီမံကိန်းအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကချင်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ရန် ပြင်ဆင်လာကြသည်။ ထို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက “ယခုအကြိမ်တွင်လည်း ပြည်သူလူထုက ကန့်ကွက်မည်ဟု ယုံကြည်ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရေး လှုပ်ရှားမှုများသည် ထိရောက်မှုရှိမည်မဟုတ်ကြောင်း” တုံ့ပြန်ခဲ့သည်။

စီမံကိန်းနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်မှုများရှိနေသော်လည်း မြစ်ဆုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မှုအား ထောက်ခံကြောင်းနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် ပြန်လည်စတင်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းတို့က NP News ၏ မေးမြန်းမှုတွင် ဖြေဆိုခဲ့ကြသည်။

မှတ်ချက် – စီမံကိန်းအခြေအနေများကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

Loading...