ISP China Desk

တရုတ်နိုင်ငံနှင့်  မြန်မာနိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှု၏ အစောဆုံးသမိုင်းမှတ်တမ်းအား သရေခေတ္တရာ ပျူဘုရင်လက်ထက်၊ တရုတ်နိုင်ငံသို့ သံအဖွဲ့စေလွတ်ခဲ့သည့် အေဒီ ၈၀၂ ခုနှစ်တွင် တွေ့ရှိခဲ့ရသည်ဟု အထောက်အထားများက ဖော်ပြကြသည်။  ထိုအချိန်မှစတင်ရေတွက်ပါက ယနေ့အချိန်အထိ နှစ်ပေါင်း ၁၂၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မျက်မှောက်ခေတ်မြန်မာနိုင်ငံအထိ တရုတ်-မြန်မာဆက်ဆံရေးတို့သည် ပြီးခဲ့သော ထောင်စုနှစ်တခုအတွင်း ခေတ်အဆက်ဆက်ရှိ သံတမန်ရေးရာဆက်သွယ်မှုများ၊ စစ်ပွဲများ၊ စီးပွားရေးကူးလူးဆက်ဆံမှုများဖြင့် ကင်းကွာ၍မရသော အကျိုးဆက်ဟု ဆိုရမည်ဖြစ်သည်။

တစ်နည်းဆိုသော် မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူများ၏ တစ်ဖက်နှင့်တစ်ဖက် ရှုမြင်ပုံနှင့် နိုင်ငံရေးဓလေ့တို့သည် မသဲကွဲသေးသော အနာဂတ်အမျှော်အမြင်ထက် သမိုင်းအမှတ်သညာ၏ ပြဋ္ဌာန်းချက်များအပေါ်တွင် အခြေတည်ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမိုင်းထဲတွင် သင်ခန်းစာယူစရာများရှိသည်။ သမိုင်းထဲတွင် အဖြေများကို ရှာဖွေနိုင်သည်။ သမိုင်းကိုလေ့လာခြင်းသည် ပစ္စုပ္ပန်ကို ပိုမိုနားလည်ရန်နှင့် အနာဂတ်ကို မှန်းဆပုံဖော်နိုင်ရန် အထောက်အကူပြုနိုင်သည်။ ဤစာမျက်နှာတွင် တရုတ်-မြန်မာဆက်ဆံရေးသမိုင်းအတွင်းရှိ အရေးပါသည့် ဖြစ်ရပ်များ၊ အချိုးအကွေ့များကို ဖော်ပြသွားမည်ဖြစ်ပါသည်။