ISP China Desk
ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများ၏အရွေ့နှင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ ဇွန် နောက်ဆုံးပတ်)

တရုတ်နိုင်ငံအား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ရရှိစေမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မကြာမီပြန်လည်စတင်တော့မည့်အကြောင်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းများအနက်မှ မူဆယ်-ရွှေလီစီမံကိန်းအတွက် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို စတင်မည့်အစီအစဉ် စသည်တို့အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၉၀ ဝန်းကျင်ကို ယခုသီတင်းပတ်အတွင်း၌ ISP-Myanmar China Desk က စုစည်းခဲ့ပြီး ၎င်းတို့အား ကဏ္ဍတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

ရင်းနှီးမြှုပ်နှံမှု

ယခုတပတ်အတွင်းတွင် တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းများတွင် တိုးတက်မှုများကိုတွေ့ရသည်။

တရုတ်နိုင်ငံအား အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ရရှိစေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ အဓိကစီမံကိန်းဖြစ်သည့် ရေနက်ဆိပ်ကမ်းကို မကြာမီတွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာဖွယ်ရှိသည်ဟုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဆိုသည်။ လက်ရှိတွင် စီမံကိန်းကြောင့် လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်ထိခိုက်နိုင်ခြေတို့ကို လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်သည်။

ထို့အတူ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုန်စီမံကိန်းများအနက်မှ မူဆယ်-ရွှေလီစီမံကိန်းအတွက်လည်း မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို စတင်တော့မည်ဖြစ်သလို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပြီး တနာရီလျှင် ကီလိုမီတာ ၁၆၀ မှ ၂၂၀(မိုင် ၁၀၀ မှ ၁၄၀ ဝန်းကျင်)အကြား မြန်နှုန်းဖြင့် မောင်းနှင်နိုင်မည့် မကွေး-ကျောက်ဖြူ အမြန်လမ်းစီမံကိန်းအတွက်လည်း အကြိုလေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ရန် Billionaire Phyo Construction & Engineering ကုမ္ပဏီက ရခိုင်ပြည်နယ်အစိုးရထံသို့ တင်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်မည့် ကွမ်းလုံတံတားစီမံကိန်းအတွက် တရုတ်ကျွမ်းကျင်ဝန်ထမ်း ရှစ်ဦးသည် မြန်မာနိုင်ငံသို့ ယခုတပတ်အတွင်း ရောက်ရှိခဲ့ပြီး တံတားတည်ဆောက်ရေးစီမံကိန်းကို စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းတံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ယူနန်ပြည်နယ်အကြား လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို များစွာတိုးတက်စေမည်ဖြစ်သည်ဟုဆိုသည်။

အတိုးနှုန်းကြီးမားခြင်းကြောင့် ဝေဖန်ခံနေရသည့် တရုတ်နိုင်ငံ၏ ချေးငွေများနှင့်ပတ်သက်၍လည်း ယခုတပတ်အတွင်းတွင် ပြည်သူလူထုအနေနှင့် သတိပြုဖွယ်ရာ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံ၏ ချေးငွေတို့သည် အတိုးနှုန်းကြီးမားသောကြောင့် ထပ်မံချေးယူမည်မဟုတ်သော်လည်း မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် တရုတ်၏စီမံကိန်းများအတွက်တွင်မူ အတိုးနှုန်းသက်သာပါက လွှတ်တော်၏ စိစစ်ခွင့်ပြုချက်ဖြင့် ချေးယူသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုခဲ့သည်။

ယခုတပတ်အတွင်း သတိပြုဖွယ် သတင်းတပုဒ်မှာ လောင်းကစားများကြောင့် လူအများက သတိပြုစောင့်ကြည့်လာသည် ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီက ပြန်လည်ရှင်းလင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီဒေသအတွင်း ဆောင်ရွက်လျက်ရှိသော ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအနေနှင့် ကာစီနိုလောင်းကစားခြင်းများကို တရားမဝင် ဖွင့်လှစ်မည်မဟုတ်ဘဲ အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းဆောင်ရွက်လျက်ရှိသည့် Shwe Kokko Yatai City က ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်ရေး

ကုန်သွယ်ရေးကဏ္ဍအနေနှင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်မူ ပြဿနာနှင့် အကျပ်အတည်းများ ဆက်လက်ရှိနေသေးသည်။ အစိုးရ၏ အချက်အလက်များအရ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ယခင်က နယ်စပ်မှ တင်ပို့နိုင်မှုသည် ၇၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါတွင် ၃၀ ရာခိုင်နှုန်းသာ ရှိတော့သည်။ ယခုနှစ် ဇွန်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ယမန်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်စီ ကျဆင်းခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် ကုန်စည်စီးဆင်းမှုများ အဟန့်အတားမဖြစ်စေရေး ကူညီဆောင်ရွက်ပေးရန် ဇွန် ၁၈ ရက်က ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ ဗီဒီယိုကွန်ဖရင့်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က တောင်းဆိုခဲ့သည်။

သို့သော် အခြေအနေတို့မှာ ပြောင်းလဲလာခြင်းမရှိဘဲ တရုတ်သို့တင်ပို့မည့် မြန်မာ့ထုတ်ကုန်များသည် နယ်စပ်တွင် ရက်ရှည်ကြာ ပိတ်မိနေဆဲဖြစ်သည်။ မူဆယ်နယ်စပ်တွင် ကုန်စည်တင်မော်တော်ယာဉ်တို့အနေနှင့် တရုတ်ဘက်ခြမ်း ကျယ်ဂေါင်သို့ ရောက်ရှိရန် နှစ်ပတ်ခန့် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ မူဆယ်မှ ကျယ်ဂေါင်သို့ ရောက်ရှိရန်မှာ ယခင်က တရက်၊ နှစ်ရက်သာ ကြာမြင့်ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံအနေနှင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုနှေးကွေးသော်လည်း ရေထွက်ကုန်တင်ပို့မှုအား စနစ်တကျလုပ်ဆောင်ခဲ့သဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရမှုသည် မြင့်တက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။ ယခုဘဏ္ဍာနှစ်၊ ဇွန်ဒုတိယပတ်အထိ ရေထွက်ကုန်တန်ချိန် ငါးသိန်းခြောက်သောင်းကျော်တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၆၇၈ သန်းကျော် ရရှိထားရာ ယမန်နှစ်ကာလတူထက် တန်ချိန် ခုနစ်သောင်းကျော်(တန်ဖိုးအားဖြင့် ဒေါ်လာ ၉၉ သန်းကျော်) ပိုမိုခဲ့ခြင်း ဖြစ်သည်။

ထပ်မံ၍ စိတ်ဝင်စားဖွယ်ရာ သတင်းဖော်ပြမှုတခုမှာ မြန်မာနိုင်ငံအနေနှင့် တဆင့်ခံကုန်သွယ်မှု(Transit Trade) ကို ဆောင်ရွက်ရာတွင် တိုးတက်မှုများရှိလာသည်ဆိုသည့် သတင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဥပမာအားဖြင့် ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းတခုတည်းမှပင် အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါး ရရှိခြင်းကို ညွှန်းဆိုသည်။

အခြားသတိပြုဖွယ်ရာအကြောင်းအရာများ

နယ်စပ်လုံခြုံရေး

ထိုင်း-မြန်မာ နယ်စပ်နှင့် တရုတ်-မြန်မာ နယ်စပ်တွင်  တရုတ်နိုင်ငံထုတ် လက်နက်နှင့် ခဲယမ်းမီးကျောက်များကို ဖမ်းဆီးရမိမှုတို့မှာ သတိပြုဖွယ်ရာဖြစ်သည်။

မဲဆောက်မြို့၊ မယ်သောင်ကျေးရွာ၊ အမှတ် ၂ ရပ်ကွက်ရှိ ထိုင်းနိုင်ငံသားတဦး၏ နေအိမ်မှ AK 47၊ စက်လတ်၊ တင့်ကားဖျက်မိုင်း၊ လက်ပစ်ဗုံးများကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ်ပစ္စည်းများ ဖြစ်သည်။ ယင်းလက်နက်များသည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များထံ ပို့ဆောင်မည့်လက်နက်ဖြစ်ဖွယ်ရှိသည်ဆိုသည့် သံသယများလည်း ရှိနေသည်။

အလားတူပင် တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့တွင်လည်း လက်နက်ခဲယမ်း အချို့ကို ဖမ်းဆီးရမိခဲ့သည်။

နေရပ်ပြန်များအရေး

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လာနေမှုများသည်လည်း ဆက်လက်ရှိနေသေးပြီး ယခုတပတ်အတွင်းတွင် ၆၀၀ ဦးဝန်းကျင် ရှိနေသည်။

အများစုသည် ရှမ်းပြည်နယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်မှ ဝင်ရောက်သူ ငါးဆယ်ကျော်၏ စာရင်းကိုလည်း တွေ့ရှိရသည်။  ဧပြီ ၃၀ မှ ယခု ဇွန်လနောက်ဆုံးပတ်အထိ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူပေါင်း တသောင်းနှစ်ထောင်ကျော် ရှိပြီဖြစ်သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရွှေလီမြို့၊ စီကိုင်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၂၀၅ ဦးကိုလည်း မူဆယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။