ISP China Desk
နှစ်နိုင်ငံဆက်ဆံရေး အမြန်လမ်းကြောင်းနှင့် BRI စီမံကိန်းများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ ဇွန် တတိယပတ်)

ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၈၀ ကျော်ကို  ISP-Myanmar China Desk က ယခုသီတင်းပတ်အတွင်း၌ စုစည်းခဲ့ပြီး ၎င်းတို့အား အကြောင်းအရာတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

ရင်းနှီးမြှုပ်နှံမှု

ကိုဗစ်ကပ်ဘေး မပြီးဆုံးသေးသော်လည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများမှ တရုတ်နိုင်ငံသားများအနေနှင့် ခရီးသွားလာခွင့်ရပြီး အလုပ်ပြန်လုပ်ခွင့်ရရန် နှစ်နိုင်ငံဆက်ဆံရေးတွင် မြန်ဆန်သော လမ်းကြောင်းတခုကို ထူထောင်ထားကာ စီမံကိန်းများအား ပြန်လည်စတင်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကားထားသော သတင်းဖော်ပြချက်တခုကို သတိပြုဖွယ်ရာတွေ့ရသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတိပြုဖွယ်ရာ အခြားသတင်းဖော်ပြမှုများအဖြစ် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို အကောင်အထည်ဖော်ရာ၌ မူဆယ်-ရွှေလီတွင် စတင်အကောင်အထည်ဖော်ရန် တရုတ်ဘက်က အကြံပြုထားပြီး မြေပြင်ဧရိယာသတ်မှတ်နိုင်ရန် မကြာမီ ဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ထပ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအတွက် တရုတ်ကုမ္ပဏီကတင်ပြထားသော ဖြစ်တန်ချေလေ့လာဆန်းစစ်ချက် အစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက်သည့် Third Party အဖွဲ့တခုမှ အခမဲ့လေ့လာ ပေးသွားမည်ဆိုသည့်သတင်းမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ရပ်ဝန်းလမ်းကြောင်း စီမံကိန်း(BRI)များအနက် မူဆယ်-လာရှိုး အမြန်လမ်းသစ် ဖောက်လုပ်မှုစီမံကိန်း၊ နေပြည်တော်-ကျောက်ဖြူလမ်း လုပ်ငန်းစီမံကိန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းစီမံကိန်း၊ တောင်ကြီး-လွိုင်ကော်လမ်းပိုင်း စီမံကိန်းတို့အား ဦးစားပေးသွားမည်ဖြစ်ကြောင်း စသည့် ဖော်ပြမှုတို့ကို ယခုတပတ်အတွင်းတွင် တွေ့ရှိရသည်။

အလားတူပင် ရပ်ဝန်းလမ်းကြောင်းဆိုင်ရာ အဆင့်မြင့်အစည်းအဝေးကိုလည်း ယခုတပတ်အတွင်းတွင် အင်တာနက် အွန်လိုင်းမှတဆင့် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် ဝန်ကြီးအဆင့် အရာရှိများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့က ပူးတွဲကျင်းပသည့် ထိုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်များ မြှင့်တင်ရေး၊ လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုများ ပြန်လည်စတင်ရေးအတွက် အတွေ့အကြုံဖလှယ်ခြင်းနှင့် မူဝါဒ ညှိနှိုင်းဆောင်ရွက်ခြင်းများ ဆက်လက်လုပ်ဆောင်ရေးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ အရည်အသွေးမြင့် ပူးတွဲလုပ်ဆောင်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လတ်တလောတွင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ ဆွေးနွေးငြင်းခုံနေကြသည့် ကိစ္စရပ်တခုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နှင့် ဆက်စပ်မြို့နယ်များရှိ မြေဧက တသိန်းရှစ်သောင်းကျော်တွင် ကြေးနီနှင့်ဆက်စပ်သတ္တုများ စူးစမ်းရှာဖွေခွင့်ကို PanAust ကုမ္ပဏီသို့ ခွင့်ပြုလိုက်သည့် ကိစ္စဖြစ်ပြီး ယင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုအစိုးရထံသို့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ယခုတပတ်အတွင်း သဘောထားထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ သတ္တုရှာဖွေရန် ခွင့်ပြုလိုက်မှုတွင် ဒေသခံ ကဒူး၊ ကဏန်းတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ရယူခဲ့ခြင်း မရှိမှုကို ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုထားသည်။

ကုန်သွယ်ရေး

ကိုဗစ်-၁၉ ကြောင့် နယ်စပ်အဝင်အထွက်အား တရုတ်နိုင်ငံဘက်က တင်းကျပ်ထားရာ နယ်စပ်ကုန်သွယ်ရေးမှာ သီတင်းပတ်ပေါင်းများစွာကြာအောင် အခက်အခဲများ ကြုံတွေ့နေရပြီး ယခုအထိ ဆက်လက်ရှိနေသေးသည်ကို တွေ့ရှိရသည်။

နယ်စပ်ကုန်သွယ်ရေး၏ အဓိကဂိတ်တံခါးဖြစ်သည့် မူဆယ်နယ်စပ်တွင် ကုန်တင်မော်ယာဉ် စီးရေ ငါးရာကျော်သည် ယခုတပတ်အတွင်း ပိတ်မိနေခဲ့ရသဖြင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ မြန်မာဘက်မှ မော်တော်ယာဉ်များအနေနှင့် နယ်စပ်ဖြတ်ကျော်၍ တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် တရုတ်နိုင်ငံမှ ယာဉ်မောင်းများဖြင့် အစားထိုးမောင်းနှင်စေပြီး ယာဉ်မောင်းဦးရေ လုံလောက်စွာထားရှိမပေးနိုင်ခြင်းကြောင့် ထိုကဲ့သို့ ကြန့်ကြာရခြင်း ဖြစ်သည်။ အဆိုပါအခက်အခဲအား ပြေလည်စေနိုင်ရေးအတွက် မြန်မာယာဉ်မောင်းများအား နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုရန် မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းက တရုတ်နိုင်ငံဘက်သို့ တောင်းဆိုထားသည်ဆိုသည့်သတင်းကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၊ မြို့တော် ဘေဂျင်းတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများရှိလာနေခြင်းကြောင့် တရုတ်အစိုးရအနေနှင့် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်မြှင့်တင်မည်ဖြစ်ရာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ရှိနေသည့် တင်းကျပ်ထားမှုများကို ဖြေလျှော့နိုင်ရေးမှာလည်း အလှမ်းဝေးနေမည့်အနေအထားတွင် ရှိနေသည်။

ပြီးခဲ့သည့်ကာလများအတွင်း ကြီးမားစွာ အရှုံးပေါ်ခဲ့သလို လက်ရှိအချိန်အထိလည်း နယ်စပ်ကုန်သွယ်ရေးတွင် ပြဿနာများ ရှိနေရာ လာမည့်ကာလများအတွက် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရေးအခြေအနေတို့မှာ မရေရာမှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်းရှိ ဖရဲစိုက်ခင်းမြေများအား ငှားရမ်းသူမရှိဖြစ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဖရဲသခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးလွင်၏ ပြောဆိုမှုကို ကိုးကား၍ သတင်းတပုဒ်က ဖော်ပြခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော လယ်ယာထွက်ကုန်ပစ္စည်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် သယံဇာတတွင်းထွက်ပစ္စည်းများ တင်ပို့မှုမှာ ယမန်နှင့်ကာလတူထက် များပြားနေခြင်းကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၂၀ တန်ဖိုးရှိသော မြန်မာ့ကျောက်စိမ်း တန်ချိန် ၁၉၆၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပြီး အဆိုပါပမာဏသည် ယမန်နှစ် ကာလတူတွင်ရှိခဲ့သည်ထက် တန်ချိန် ၅၅၈ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၂ သန်း ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ အခြားသတင်းဖော်ပြမှုမှာ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတခုက မြန်မာနိုင်ငံမှ ဆန်နှင့် ပဲမျိုးစုံဝယ်ယူရန် ချိတ်ဆက်လာသည်ဆိုသည့် သတင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ AE Trading Company က ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ထံသို့ မေ ၂၉ ရက်က လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဟောင်ကောင်နှင့် မြန်မာ ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံက ကျောက်မျက်၊ ငါးနှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ အထည်များ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆ သန်းကျော်ရှိခဲ့ပြီး ဟောင်ကောင်မှ မြန်မာသို့ တင်ပို့မှုမှာ ဒေါ်လာ လေးသန်းကျော်ဖိုးသာ ရှိနေသည်။

ချေးငွေအရေး

အတိုးနှုန်းမြင့်မားသည့် တရုတ်နိုင်ငံ၏ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ်ရာတွင် အခက်အခဲများကြုံတွေ့နေရမှုနှင့် စပ်လျဉ်းသော သတင်းဖော်ပြမှုများကိုလည်း ယခုတပတ်အတွင်း မီဒီယာဖော်ပြမှုများတွင် တွေ့ရှိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမအသင်း ဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့အပြင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် တရုတ်နိုင်ငံထံမှ ကျပ်သန်းပေါင်း ငါးသောင်းရှစ်ထောင်ကျော်(၅၈ ဘီလီယံ) ချေးယူခဲ့ရာ ယင်းအတွက် လက်ရှိအချိန်၌ တိုင်းဒေသကြီးအစိုးရအတွက် ကြွေးမြီဝန်ပိမှုဒဏ်ကို ကြုံတွေ့နေရခြင်း ဖြစ်သည်။ ယင်းချေးငွေတို့ကို အတိုးနှုန်းပမာဏကြီးမားသော ၄ ရာခိုင်နှုန်းဖြင့် ချေးယူခဲ့ခြင်း ဖြစ်ပြီး ပြန်လည်ဆပ်နိုင်ရန် ရုန်းကန်နေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တဦးက ပြောဆိုခဲ့သည်။

တချိန်တည်းမှာပင် လက်ရှိ၌ ကမ္ဘာ့နိုင်ငံများစွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေး ဆိုက်လျက်ရှိရာ စီးပွားရေးထိခိုက်ကျဆင်းမှုကို ရင်ဆိုင်နေရသည်။ ယင်းအတွက် တရုတ်နိုင်ငံအနေနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို ထုတ်ချေးထားသည့် ၎င်းတို့၏ ချေးငွေများအား ပြန်လည်ဆပ်ရမည့်အချိန်ကို ယာယီဆိုင်းငံ့ထားရန် စီစဉ်လျက်ရှိသည်။ ယင်းနိုင်ငံတို့တွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံထံမှ ချေးယူထားမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံဝန်းကျင် ရှိနေသည်။

နယ်နိမိတ်အရေး

နှစ်နိုင်ငံနယ်နိမိတ်ကို ပြန်လည်တိုင်းခြင်း လုပ်ငန်းစဉ်များအတွက် နယ်မြေကွင်းဆင်းခြင်းတို့ကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံ၏အချုပ်အခြာအာဏာပိုင် နယ်မြေကို တလက်မမျှ ပါမသွားစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယခုတပတ်အတွင်းပြလုပ်သည့် အစိုးရ၏ လေးနှစ်တာကာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြစ်ရေ ညစ်နွမ်းနောက်ကျိနေမှုကြောင့် ဓာတ်ခွဲစစ်ဆေးရန် လားရိူးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ဇွန် ၁၄ ရက်တွင် ရေနမူနာရယူခဲ့သည်။ အဆိုပါမြစ်ရေညစ်နွမ်းမှုသည် မြစ်အထက်ပိုင်းဒေသများတွင် တရားမဝင် မြေသားတူးဖော်ခြင်း၊ ပုဂ္ဂလိက တောင်ပေါ် မော်တော်ယာဉ်လမ်းများ ဖောက်လုပ်ခြင်း၊ တောင်ယာစိုက်ခင်းတို့မှ စီးဆင်းလာသည့် မြောင်းရေတို့ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း အစိုးရသတင်းစာက ဖော်ပြခဲ့သည်။

ပြစ်မှု

နယ်စပ်ဒေသများ၏ လောင်းကစားစီးပွားရေးလုပ်ငန်းများသည် နောက်ကွယ်တွင် တရုတ်နိုင်ငံသားများက ငွေလုံးငွေရင်းကြီးမားစွာဖြင့် ပါဝင်ပတ်သက်နေမှုများရှိနေသည်။ လတ်တလောတွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ထိန်းချုပ်ရာ မြဝတီဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုလ်စီမံကိန်းသည်လည်း ကာစီနိုလောင်းကစားလုပ်ငန်းများနှင့်ပတ်သက်၍ နာမည်ကျော်လျက်ရှိနေသည်။ မြန်မာအစိုးရကမူ ၎င်း၏ အုပ်ချုပ်ရေးလက်တံအတွင်းတွင် မည်သည့် ကာစီနိုကစားဝိုင်းများအား ခွင့်ပြုထားခြင်းမရှိကြောင်း ပြောဆိုခဲ့သလို ရွှေကုက္ကိုလ်ကိစ္စနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာ၊ ဒုတိယဝန်ကြီးက အစိုးရအဖွဲ့၏ လေးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ယခု ၂၀၂၀ ပြည့်နှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံ၌ လူကုန်ကူးမှု စုစုပေါင်း ၄၃ ခု ရှိခဲ့သည့်အနက်မှ ထက်ဝက်ကျော်ဖြစ်သည့် ၂၆ မှုသည် တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်ရန် ရောင်းစားခံခဲ့ရမှုများဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ

ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများအနေနှင့် နေရပ်သို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယခုတပတ်အတွင်းတွင် ရှစ်ရာဝန်းကျင် ရှိသည်။ အများစုသည် ချင်းရွှေဟော်နယ်စပ်မှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာအဖွဲ့အစည်းများက လားရှိုးမှတဆင့် မီးရထားဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာ ခရီးသွားလာမှုများကို ကန့်သတ်ပိတ်ပင်ထားရာ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနှင့်လည်း နေရပ်သို့ ပြန်ရန် အခက်အခဲများ ရှိနေချိန်တွင် ဟောင်ကောင်နှင့် မကာအိုတို့တွင်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် မြန်မာနိုင်ငံအစိုးရအနေနှင့် ဟောင်ကောင်အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးကာ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ရန်ကုန်နှင့် ဟောင်ကောင်အကြား ကယ်ဆယ်ရေးလေယာဉ် အပြန်အလှန် ပြေးဆွဲမှုကို ဇွန် ၂၉ ရက်တွင် စတင်မည်ဖြစ်သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။