ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ ပထမပတ် (အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ် အခြေအနေ

မြန်မာပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိနေချိန်တွင် တရုတ်က နယ်စပ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်က နယ်စပ်နေရာသုံးခု၌ ခြံစည်းရိုးများ ကာရံခဲ့ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး နယ်စပ်တွင် တရုတ်က ခြံစည်းရိုးကာရံနေမှု မြေပြင်အခြေအနေကို စစ်ဆေးနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း 7 Day Daily သတင်းစာက ဖော်ပြထားသည်။

ထူးခြားသော သတင်းတပုဒ်မှာ အောက်တိုဘာ ၈ ရက်က တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီမြို့တွင် NLD ပါတီ ဝန်းရံသူ ထောင်ဂဏန်းနီးပါး အင်အားပြ လှည့်လည်ခဲ့ကြသည် ဆိုသည့် သတင်းဖြစ်သည်။ ၎င်းတို့ကို  တရုတ်နိုင်ငံ ရွှေလီရဲဌာနက ခွင့်ပြုချက်မရှိဘဲ လှည့်လည်မှု ပြုလုပ်သဖြင့် စီတန်းလှည့်လည်မှုနှင့် သက်ဆိုင်သည့် ဥပဒေဖြင့် ဖမ်းဆီခဲ့ပြီး ရွှေလီစီကိုင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီးခံရသူ ၉၀၄ ဦးအနက် ၉၀၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဦးဆောင်ဦးရွက်ပြုသူဟု ယူဆရသည့် သုံးဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။ ရွှေလီနှင့် ကျယ်ဂေါင်မြို့တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်စာအုပ် အနီသာရှိပြီး နိုင်ငံကူးလက်မှတ် Passport စာအုပ် မရှိခြင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည် ‌ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင်သာ ရှိခြင်းကြောင့် မဲသွားရောက်ပေးနိုင်ခြင်း မရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ နေထိုင်ခွင့်စာအုပ်ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သိန်းကျော် ရှိကြောင်း Eleven Media Group ၏ သတင်းဖော်ပြချက်များရှိခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး သတင်းများတွင် တရုတ်နိုင်ငံ၏ အမျိုးသားနေ့ပိတ်ရက်ရှည်ကြောင့်  မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုပြုလုပ်သည့် နယ်စပ်ဂိတ်များကို အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ ရှစ်ရက်ကြာ ယာယီပိတ်ထားကြောင်း သိရသည်။ အခြားသတင်းတပုဒ်တွင်မူ ပြည်တွင်း၌ ဖရဲစိုက်ပျိုးမှု နည်းခြင်းကြောင့် တရုတ်သို့ တင်ပို့သည့် ဖရဲသီးဈေး သုံးဆခန့် မြင့်တက်လျက်ရှိကြောင်း Myanmar Times သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်းကို ယခုတပတ်အတွင်း စတင်ခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် နယ်စပ်ဂိတ် ကုန်တင်ယာဉ်မောင်း တဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ၎င်းနှင့် ထိတွေ့ခဲ့သူ ၂၁၂ ဦးကို ကျန်းမာရေး စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိဟု 7 Day Daily သတင်းစာ ဖော်ပြချက်တွင် တွေ့ရသည်။

ဆိုလာစီမံကိန်းများကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထားဆဲ

၂၀၂၁ ခုနှစ်တွင် လိုအပ်လာမည့် ခန့်မှန်းလျှပ်စစ်စွမ်းအင်အတွက် ဆိုလာစီမံကိန်းတင်ဒါများ စတင်ခေါ်ယူစဉ်ကတည်းက တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီပေါင်း ၅၂ ခုအနက် ၈၅ ရာခိုင်နူန်းကျော်မှာ တရုတ် ကုမ္ပဏီများ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ဆိုလာစီမံကိန်း ၂၉ ခု ၏ ပထမအဆင့်တင်ဒါ အောင်မြင်သူစာရင်းကို ထုတ်ပြန်ခဲ့ပြီး ယင်းအနက် စီမံကိန်း ၂၇ ခု ကို တရုတ်ကုမ္ပဏီများက အောင်မြင်ခဲ့ကြောင်း တွေ့ရသည်။ ယင်းနောက် အောက်တိုဘာ ၅ ရက်တွင် ထိုစီမံကိန်း ၂၉ ခု အနက်မှ စီမံကိန်း ၁၆ ခု ကို အကောင်အထည်ဖော်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီမံကိန်းသဘောတူညီမှု စာချွန်လွှာ (Letter of Agreements – LOA) ထုတ်ပေးခဲ့သည်။ ထိုစီမံကိန်း ၁၆ ခုကို တရုတ်ကုမ္ပဏီ ခြောက် ခု တင်ဒါ အောင်မြင်သွားပြီး ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ပါဝင်မှု အကြောင်းအရာအပြည့်အစုံကို ISP China Desk Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ရွှေကုက္ကို သတင်းများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည် နယ်ခြားစောင့်တပ်မှ ပေးသည့် လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် အနည်းဆုံး တပ်မတော် အရာရှိကြီး ၃ ဦး စုံစမ်း စစ်ဆေးခံနေရကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်ရှိခဲ့သည်။ ကရင်ပြည်နယ်ရှိ တပ်ရင်းမှူး နှစ်ဦးနှင့် ဗျူဟာမှူး တဦးတို့မှာ နယ်ခြားစောင့် တပ်ဖွဲ့၏ ငွေကြေးများကို လက်ခံထားခဲ့သည်ဟု သံသယရှိသဖြင့် တပ်မတော်က နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးလျက်ရှိသည်။ ယခုဖြစ်စဉ်သည် စီမံကိန်းတည်ဆောက်ရေးနှင့် မသက်ဆိုင်ဘဲ စီမံကိန်းနေရာအတွင်းရှိ ကာစီနိုလုပ်ငန်းများနှင့်သာ ဆက်စပ်နေပြီး ဒေသဆိုင်ရာ အာဏာပိုင်များလည်း ပါဝင်နေနိုင်ကြောင်း ဖော်ပြထားသည်။ ရွှေကုက္ကိုစီမံကိန်းကို ဦးဆောင် အကောင်အထည်ဖော်ရာတွင် တပ်မတော်လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တချို့ ပါဝင်နေသော်လည်း အဆိုပါစီမံကိန်းမှာ တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် တရားမဝင်လောင်းကစားမှုများ၊ တရုတ်နိုင်ငံသားများ၏ တရားမဝင် ဝင်ထွက်သွားလာမှုများ စသော ရာဇဝတ်မှုများနှင့် လူမှုရေးပြဿနာများကြောင့် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

စင်္ကာပူအခြေစိုက် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်သော  Fincy ကလည်း ၎င်း၏ ရွှေကုက္ကိုစီမံကိန်းအတွင်း ပါဝင်မှုကို လုံးဝရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်ဟု သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ Fincy အနေဖြင့် ရာဇဝတ်မှုနှင့် ငြိစွန်းသောလုပ်ငန်းများကို လုံးဝငြင်းဆိုပြီး ကျင့်ဝတ်ဖောက်ဖျက်သော တရားမဝင်လုပ်ငန်းများ ကိုလည်း လုံးဝ နားလည်ခွင့်ပြုသွားမည် မဟုတ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ရွှေကုက္ကိုစီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ ဝေဖန်မှုမြင့်တက်လျက်ရှိသော ကာစီနိုလုပ်ငန်းများမှာ စီမံကိန်း၏ အဓိကဝင်ငွေရလမ်းဖြစ်နေသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း အဆိုပါမြို့သစ်စီမံကိန်းမှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

အခြား

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၊  တယ်ဟုန်ပြည်နယ်ခွဲကြက်ခြေနီအသင်းမှ ရှမ်းပြည်နယ် ကြက်ခြေနီအသင်းအတွက် ပိုးသတ်ဆေးရည်ဘူး ၁,၀၀၀ လှူဒါန်းခဲ့သည်။  ထို့အပြင် တရုတ်ကုမ္ပဏီများနှင့် ဟွာဝေးမှလည်း နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအတွက် ကျပ်ငွေသိန်း ၄၀ တန်ဖိုးရှိ နှာခေါင်းစည်း ၈,၀၀၀ နှင့် လက်ဆေးရည်ဘူး ၁၂၀ ကို အသီးသီး လာရောက်လှူဒါန်းခဲ့သည်။

ထို့ပြင် နိုင်ငံတကာမှ တရုတ်သို့ တင်သွင်းနေသော အေးခဲအသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းကြောင့် တရုတ်အစိုးရက အေးခဲအသားများ တင်သွင်းခွင့် ယာယီရပ်နားထားမည်ဆိုသော သတင်းဖော်ပြချက်များလည်းရှိခဲ့သည်။။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများကို ထုတ်လုပ်တင်ပို့ ရောင်းချလျက်ရှိသည့် လုပ်ငန်းများအနေဖြင့် အစားအစာ ဘေးကင်းလုံခြုံစိတ်ချရမှုစနစ် ထူထောင်နိုင်ပါရန်၊ တရုတ်သို့ တင်ပို့မည့် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများ၌ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေ့ရှိလျှင် တင်ပို့မှု ဆိုင်းငံ့ထားရန် တရုတ်နိုင်ငံ GACC မှ အကြောင်းကြားလာသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံရောက် နေရပ်ပြန်မြန်မာများ ဆက်လက်ဝင်ရောက်လျက်ရှိပြီး နိုင်ငံပိုင် သတင်းစာများ ဖော်ပြချက်အရ ဧပြီ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်အထိ နေရပ်ပြန်သူ စုစုပေါင်း ၁၅၄၉၀ ဦး ရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။  ယခုတပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့တွင် တရုတ်နိုင်ငံသား ၁၈ ဦးကို ဖမ်းမိခဲ့ပါသည်။ မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်နေချိန်တွင် ဗီဇာအထောက်အထားမဲ့ ခရီးရှည်သွားလာခြင်းမှာ သတိပြုဖွယ် ဖြစ်သည်။ စက်တင်ဘာလအတွင်း တရားမဝင် ဝင်ရောက်လာသဖြင့် ပြင်ဦးလွင်၌ ဖမ်းဆီးခံခဲ့ရသော တရုတ်နိုင်ငံသား ရှစ်ဦးကို မူဆယ်တွင် တရုတ်နိုင်ငံသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Eleven သတင်းစာက ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများသည် မြန်မာပြည်တွင်း၌ ပြန်ပေးဆွဲခံရခြင်းများ၊ အတင်းအဓမ္မ လိင်ကျွန်ပြုကျင့် ခံရခြင်းများ ရှိနေသည့်အတွက် တရားဝင်လမ်းကြောင်းမှသာ သွားရောက်လုပ်ကိုင်ရန် တရုတ်နိုင်ငံက သတိပေးထားသည်ဟု South China Morning Post သတင်းဌာန၏ သတင်းဆောင်းပါးတွင်ဖော်ပြခဲ့သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။