ISP China Desk
ကိုဗစ် ၁၉ ဒဏ်သင့် မြန်မာသို့ တရုတ်၏အကူအညီနှင့် စီးပွားရေးစင်္ကြံစီမံကိန်း (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ မတ် စတုတ္ထပတ်)

တပတ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ၊ အကြောင်းအရာများ၊ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းနှင့် ဖြစ်ရပ်များ၊ သုံးသပ်ချက်များကို ISP-Myanmar China Desk မှ အနှစ်ချုပ်ထုတ်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ပြီခဲ့သည့် တပတ်တာအတွင်း ISP-Myanmar China Desk မှ ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြလျက်ရှိသော တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ သတင်းပေါင်း ၆၀ ကျော်ကို စုစည်းမှတ်တမ်းတင်ခဲ့ပါသည်။  သတင်းဖော်ပြချက်အများစုမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနှင့် နောက်ဆက်တွဲ လူမှုစီးပွားအခြေအနေများ ဖြစ်သည်။ ယခင်သတင်းပတ်များကဲ့သို့ပင် စက်ရုံများပိတ်သိမ်းမှုသတင်းများ၊ နယ်စပ်စီးပွားရေး သတင်းများဖြင့် လွှမ်းမိုးနေခဲ့သည်။

တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် သုံးလကျော်က စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်နေသည့် ကိုဗစ် ၁၉ ကြောင့် ပြီးခဲ့သောလမှစတင်ကာ မြန်မာ့အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခြင်း၊ အလုပ်သမားလျော့ချခြင်းများ ရှိနေခဲ့ရာ ယခုရက်သတ္တပတ်အတွင်းတွင်လည်း အလားတူ သတင်းများကို ဆက်လက်တွေ့ရလျက်ရှိသည်။ ယခုတပတ်အတွင်းတွင် ရန်ကုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် လုပ်သားလျှော့ချရန် စီစဉ်လာမှုကြောင့် ရာနှင့်ချီသည့် အလုပ်သမားများဆန္ဒပြခဲ့ကြပြီး အစိုးရက ကြားဝင်စေ့စပ်ပေးခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း အထည်ချုပ်လုပ်သား သုံးထောင်နီးပါးကို လျှော့ချခဲ့သည်ဆိုသည့် ဖော်ပြမှုကိုလည်း တွေ့ရသည်။

နယ်စပ်စီးပွားရေးနှင့်စပ်လျဉ်း၍မူ တရုတ်နိုင်ငံ၌ ကိုဗစ် ၁၉ ကို ထိန်းချုပ်နိုင်လိုက်ပြီးသည့်နောက် ဝယ်လိုအားများ ပြန်လည်မြင့်တက်ခဲ့ရာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ယခင်အခြေအနေနီးပါးသို့ ပြန်လည်ရောက်ရှိနေပြီဟု သတင်းများတွင်ဖော်ပြထားသည်။ ပျမ်းမျှအားဖြင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့ရမှုအခြေအနေမှာ နေ့စဉ် မော်တော်ယာဉ် ငါးရာမှ ခြောက်ရာအထိ ရှိနေပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်ဖိုး ဖြစ်သည်။ သို့သော် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကြောင့် နယ်စပ်အဝင်တွင် သစ်သီးဝလံတင်ဆောင်ထားသည့် မော်တော်ယာဉ် တထောင်ကျော်မှာ သောင်တင်ခဲ့သည်။ ယင်းသို့ ကြန့်ကြာမှုကြောင့် ကုန်တင်ခနှုန်းထားများလည်း ပုံမှန်ထက် နှစ်ဆခန့် မြင့်တက်သွားခဲ့သလို ယွမ်ငွေဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာဘက်မှ တင်ပို့နေရသည့် ကုန်စည်များအတွက် ထိခိုက်နစ်နာရမှုများ ရှိနေသည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်နေမှုလည်း ဆက်ရှိနေသေးသည်။

ယခုအခါတွင် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလာမှုကြောင့် နိုင်ငံတဝန်းတွင် အသွားအလာကန့်သတ်ခြင်း၊ ထိန်းချုပ်ခြင်းများ ရှိလာသလို တရုတ်နိုင်ငံဘက်မှလည်း နယ်စပ်အဝင်အထွက်ကို ပိုမို သတိထားတင်းကြပ်စွား ကိုင်တွယ်လာမည့် နေအထားများရှိရာ လာမည့်သီတင်းပတ်များအတွင်းတွင် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားကဏ္ဍအပေါ် သက်ရောက်လာနိုင်ခြေ ရှိနေသည်။

နိုင်ငံတဝှမ်းတွင် ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှင့် နောက်ဆက်တွဲလူမှုစီးပွား အကျိုးဆက်များကို အာရုံစိုက်နေချိန်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းဆွေးနွေးမှုများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း အထူးစီမံကိန်းရန်ပုံငွေပေးအပ်မှုနှင့် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်မှုများ အစရှိသည့် တရုတ်-မြန်မာဆက်ဆံရေးတွင် သတိပြုစရာ သတင်းဖော်ပြချက်အချို့အား ISP China Desk မှ စုစည်းတင်ပြထားပါသည်။

တရုတ်မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း

ယခုတပတ်အတွင်း သတင်းဖော်ပြမှုများအနက် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်၌ သဘောတူခဲ့သော စီမံကိန်းတွင်ပါဝင်သလို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်တွင် အကျုံးဝင်သည့် မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရေးအတွက် မြန်မာဘက်ခြမ်းတွင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်မှာ သတိပြုစရာဖြစ်သည်။

မြန်မာအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါဇုန် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီသည် ယင်းတို့၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းအစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာ နယ်စပ်စီးပွားရေးဇုန်သုံးခု တည်ဆောက်ရန် ရှိနေသည့်အနက် ယခု မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကို အဦးဆုံး အကောင်အထည်ဖော်မည်ဖြစ်သည်။ ယင်းအတွက် နှစ်ဖက်နားလည်မှုမူဘောင်ကို လက်မှတ်ထိုးရန် ရှိနေသေးသည်။

စီမံကိန်းအတွက် တရုတ်နှင့် မြန်မာအကြား မူဘောင်သဘောတူညီမှု လက်မှတ်ထိုးနိုင်ရေးအတွက် နှစ်ဖက် အလျင်အမြန်ဆွေးနွေးနိုင်ရေး၊ နှစ်နိုင်ငံပူးတွဲကော်မတီများ ဖွဲ့စည်းရေး၊ ကော်မတီများတွင် ပါဝင်မည့်သူများကို ရွေးချယ်ရေးများနှင့် နားလည်မှုစာချွန်လွှာပါ ဆွေးနွေးမှုလုပ်ငန်းစဉ်များ တိုးတက်စေရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းဖော်ပြမှုအရ သိရှိရသည်။

တဆက်တည်းမှာပင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသည့် မြစ်ကြီးနားစီးပွားရေးဇုန်၊ ကုန်စည်ဖလှယ်ရေးဇုန်နှင့် ကန်ပိုက်တီစီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့နှင့်ပတ်သက်၍လည်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဆွေးနွေးခဲ့သည်။ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း(ကျပ် ၃၃ ဘီလီယံ)ဖြင့် မြေဧရိယာ ၇၅ ဧကပေါ်တွင် ဆောင်ရွက်မည့် ကန်ပိုက်တီ စီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းအတွက်လည်း ကချင်ပြည်နယ်အစိုးရနှင့် Myanmar Hein Investment Development Company တို့အကြား ယခုတပတ်အတွင်းတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်းတွင် ဝန်ထမ်းအိမ်ရာများ၊ ခရီးသွားပြည်သူများ နားနေရန်နေရာများ၊ မော်တော်ယာဉ်ရပ်နားရန် နေရာများနှင့် အများသုံးအိမ်သာများကို ပထမဆင့်တွင် အကောင်အထည်ဖော်မည်ဖြစ်ကာ ဒုတိယအဆင့်တွင် လျှပ်စစ်နှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ် ၁၉ အကျပ်အတည်းကာလအတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းဆိုင်ရာကိစ္စရပ်များတွင် တိုးတက်ပြောင်းလည်းမှုများရှိနေရာ မျက်ခြေမပြတ်စေရန် သတိချပ်ရမည်ဖြစ်သည်။

မြန်မာသို့ တရုတ်၏အကူအညီ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းတည်ဆောက်ရေး အရှိန်မြှင့်တင်ရန် ကြိုးပမ်းမှုများအပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးရန်ပုံငွေအဖြစ် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်း ထောက်ပံခဲ့ခြင်းများမှာလည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးများတွင် တရုတ်နိုင်ငံ၏ ဦးစီးဦးဆောင်ပြုနိုင်ရေး ကြိုးပမ်းချက်ခြေလှမ်းများ ထင်ဟပ်နေသည်။

ပြည်ထဲရေး၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေး၊ နိုင်ငံခြားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ တိုင်းရင်းသားရေးရာ စသည့် ဝန်ကြီးဌာန ၁၀ ခု အောက်တွင် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက် နည်းပညာ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှု စသည့် နယ်ပယ်များမှ စီမံကိန်း ၂၂  ခုတွင် အသုံးပြုရန်ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဖြင့် ယခုလှူဒါန်းမှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်း ၁၀ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် စီမံကိန်း ၁၉ ခု အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ သန်းကို ပေးအပ်ထောက်ပံ့ခဲ့သည်။

ကိုဗစ်  ၁၉၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်မှုများဆောင်ရွက်နိုင်ရေးအတွက် နှာခေါင်းစည်း ခြောက်သောင်းကိုလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ဖြစ်ပွားလာခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ပြောဆိုချက်ကို တရုတ်နိုင်ငံပိုင်သတင်းဌာနတခုဖြစ်သည့် Global Times တွင်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည့် အတွေ့အကြုံများရှိနေရာ  မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်မှုမှ ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၏ပါဝင်မှုအခန်းကဏ္ဍနှင့် အထောက်အပံ့အကူအညီများ ပိုမိုများပြားလာနိုင်သည်ဟု သုံးသပ်ရပါသည်။

တရားမဝင် နေထိုင်မှုများ

တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်၊ လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်သည့် ဖြစ်ရပ်တခုလည်း ယခုတပတ်အတွင်း ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တော်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် နေထိုင်ရန် သက်ဆိုင်ရာသို့တင်ပြထားသည့် အရေအတွက်ထက် ပို၍နေထိုင်မှုကြောင့် တရုတ်နိုင်ငံသား ၁၂၀ ဦးကို ဗီဇာသိမ်းယူလိုက်သလို ကိုဗစ် ၁၉ ထိန်းချုပ်ရေးအတွက် ၎င်းအိမ်အတွင်း ၁၄ နေထိုင်စေကာ စောင့်ကြည့်လျက်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက အရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းဖော်ပြမှုများတွင် တွေ့ရှိရသည်။ သို့သော် အရေးယူရာတွင် မည်သို့သော ပြစ်မှုမျိုးကိုဆိုလိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသလို အဆိုပါ တရားမဝင်နေထိုင်သူများအနေနှင့် မည်သည့်ကိစ္စကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်၊ မည်သည့်လုပ်ငန်းများကို လုပ်ကိုင်နေသည်ဆိုသည်နှင့်ပတ်သက်၍လည်း မသိရသေးပေ။

အလားတူပင် လမ်းမတော်မြို့နယ်အတွင်းတွင် ဗီဇာသက်တမ်းလွန်နေသည့် တရုတ်နိုင်ငံသား လေးဦးကို စစ်ဆေးစဉ် ပတ်စ်ပို့စာအုပ် ၂၀၀ ကိုတွေ့ရှိရပြီး သက်ဆိုင်ရာ ဖမ်းဆီးအရေးယူခဲ့သည့်ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ တစ်ရှူးငှက်ပျောစိုက်ခင်းများသို့ တရုတ်နိုင်ငံသားဝင်ရောက်မှုနှင့်ပတ်သက်၍လည်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက လွန်ခဲ့သည့်သီတင်းပတ်များကတည်းက ကန့်ကွက်လျှက်ရှိသည်မှာ ယခုထက်ထိ ဆက်လက်ကန့်ကွက်နေဆဲ ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးရန်နှင့် တရားမဝင်နေထိုင်သူများကို အရေးယူပေးရန်အပါအဝင် အချက် ၇ ချက်ကို အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော် စုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ ပေးပို့တောင်းဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်၊ လုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ ပြဿနာများသည် မကြာခဏပေါ်ပေါက်လျက်ရှိနေရာ အစိုးရအနေနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာနယ်ပယ်ကို ယခုထက်ပို၍ ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်ချက်များရှိနေသည်ဟု သုံးသပ်ရပါသည်။ အထူးသဖြင့် ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းဆိုင်ရာပြဿနာကို ဖြေရှင်းရန်သည် ယခုကဲ့သို့ ကိုဗစ် ၁၉ ကာလအတွင်းတွင် အရေးကြီးသည့် ကိစ္စတရပ်ဖြစ်ပါသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။