ISP China Desk
လက်နက်ကိုင်အဖွဲ့အစည်းများအား တရုတ်၏ထောက်ပံ့နေမှုများနှင့် မြန်မာ့ မျက်မှောက်အခြေအနေများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာ သတင်းအနှစ်ချုပ် - ၂၀၂၀၊ ဇူလိုင် ဒုတိယပတ်)



၂၀၂၀ ပြည့်နှစ် ဇူလိုင် ဒုတိယပတ်အတွင်း ပြည်တွင်း၊ ပြည်ပ သတင်းဌာနများက တရုတ်-မြန်မာဆက်ဆံရေးနှင့် ပတ်သက်သော သတင်းဖော်ပြမှုပေါင်း ၆၀ ကျော် ရှိခဲ့ပါသည်။ ထိုသို့ ဖော်ပြခဲ့သည်များတွင် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲ့အစည်းများအား တရုတ်နိုင်ငံက လက်နက်များ ထောက်ပံ့နေမှု၊ အရှုံးပေါ်နေသော မြင်းခြံ သံမဏိစက်ရုံ စီမံကိန်းလုပ်ပိုင်ခွင့် ပဏာမစာရင်းတွင် တရုတ်ကုမ္ပဏီတခုပါဝင်လာခြင်း၊ စစ်ဘေးသင့် ရခိုင်ပြည်နယ် အတွင်း တရုတ် စီမံကိန်းများ ရပ်ဆိုင်းပေးရန် တောင်းဆိုင်ခြင်းနှင့် လူကုန်ကူးမှုအခြေအနေများ စသည်တို့မှာ အာရုံစိုက်စရာများ ဖြစ်ခဲ့ပါသည်။ မီဒီယာများက ဖော်ပြခဲ့သည့် သတင်းအကြောင်းအရာများကို ISP-Myanmar China Desk က စုစည်းခဲ့ပြီး ကဏ္ဍတခုချင်းအလိုက် သုံးသပ် ဖော်ပြပေးပါမည်။

သတင်းသုံးသပ်ချက်များ

ယခုတပတ်အတွင်း ထူးခြားချက်အနေနှင့် ပြည်တွင်း ပြည်ပသတင်းဌာနများတွင်ဖော်ပြလာသည့် တရုတ်-မြန်မာဆိုင်ရာ သတင်းသုံးသပ်ချက်တို့ကို ညွှန်းဆိုလိုပါသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော အဖွဲ့အစည်းများကို လက်နက်များ တပ်ဆင်ပေးလျက်ရှိကြောင်း၊ ယင်းပြဿနာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ကူညီဖြေရှင်းပေးရန် မြန်မာဘက်က တောင်းဆိုကြောင်း အိန္ဒိယအခြေစိုက် ဟိန္ဒူစတန်တိုင်းမ်သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ အကြမ်းဖက်အဖွဲ့အစည်းများသည် အေအေနှင့် အာဆာအဖွဲ့တို့ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။ ဇွန်လအတွင်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ပြောဆိုမှုများကို ကိုးကား၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ အလားတူပင် Catch News သတင်းဌာနကလည်း တရုတ်နိုင်ငံအနေနှင့် အိန္ဒိယကို အားနည်းစေရန် အေအေအဖွဲ့သို့ လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် တရုတ်နိုင်ငံအား မယုံကြည်မှုသည် ယခင်က သိုဝှက်စွာရှိနေခဲ့သော်လည်း ယခု အခါတွင် ထင်ထင်ပေါ်ပေါ်ဖြစ်လာကြောင်း ပြည်တွင်းသတင်းဌာနတခုဖြစ်သည့် ဧရာဝတီသတင်းဌာနက ရေးသား ခဲ့ပါသည်။

အဆိုပါ သုံးသပ်ချက်များသည် တရုတ်နှင့် မြန်မာအကြား အလွန်အမင်း ရင်းနှီးကျွမ်းဝင်သည့် ပေါက်ဖော် ဆက်ဆံရေးရှိနေသည်ဆိုသော ထင်မြင်မှုများကို အံ့အားသင့်စေမည်ဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး မီးစတဖက်၊ ရေမှုတ်တဖက် မူဝါဒကို ကျင့်သုံးနေသလောဆိုသည့် သံသယများကို ပို၍ ကြီးထွားလာစေမည်ဖြစ်သည်။

သို့သော် တချိန်တည်းမှာပင် အထက်ပါသုံးသပ်ချက်များနှင့် ကွဲလွဲစွာ ဖော်ပြလာသည့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာန၏ ရေးသားမှုမှာ သတိပြုဖွယ်ရာ ဖြစ်ပါသည်။ အမေရိကန်နှင့် တရုတ်တို့၏ အားပြိုင်မှုအတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမို နီးကပ်သွားပြီ ဖြစ်ကြောင်း (အမေရိကန်အနေနှင့် မြန်မာကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း) New Age သတင်းဌာနက သုံးသပ်ရေးသားထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်များ၊ ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်နှင့် မျက်မှောက်ခေတ် တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေ၊ တရုတ်နိုင်ငံ၏ ရပ်ဝန်း လမ်းကြောင်းစီမံကိန်းနှင့် မြန်မာနိုင်ငံအတွင်း တရုတ်၏ ခြေလှမ်းများကို သုံးသပ်၍ အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် တရုတ်ကောင်စစ်ဝန်ချုပ်တို့ တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့မှုသည်ကလည်း ယခုတပတ်အတွင်း တရုတ်-မြန်မာစီးပွားရေးဆိုင်ရာသတင်းများအနက် သတိပြုစရာ တခု ဖြစ်ပါသည်။

အလားတူ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ နောက်ထပ် စိတ်ဝင်စားဖွယ် သ တင်းတရပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင်ဒေသ၌ ကြေးနီနှင့် ဆက်စပ် သတ္တုရှာဖွေရေးလုပ်ရန် အစိုးရထံ တင်ပြခဲ့သော ကိစ္စဖြစ်သည်။ အဆိုပါဒေသအတွင်း ဧက ၁၀,၀၀၀ ဝန်းကျင်တွင် ရှာဖွေရေးလုပ်ကိုင်ခွင့်ပြုရန် တရုတ်စီးပွားရေးလုပ်ငန်းဖြစ်သည့် Kincaid Exploration က ပြည်ထောင်စုအစိုးရသို့ မေလအတွင်း၌ တင်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းကိစ္စကို ပြန်လည် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ယခုတပတ်အတွင်းတွင် ကုမ္ပဏီက အစိုးရအဖွဲ့သို့ အကြောင်းကြားခဲ့သည်။ ရှေး ဟောင်းသမိုင်းဝင် ဒေသမှန်း မသိခဲ့သဖြင့် မှားယွင်းလျှောက်ထားခဲ့သည်ဟုလည်း ဆိုသည်။

နောက်ထပ် သတိပြုစရာ ကိစ္စရပ်တခုမှာ အရှုံးပေါ်နေသဖြင့် ရပ်နားထားသည့် မြင်းခြံ သံမဏိ စက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ပဏာမစာရင်းကို အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မြင်းခြံ သံမဏိစက်ရုံ လုပ်ကိုင်ခွင့်အတွက် ပဏာမအောင်မြင်ခဲ့သည့်စာရင်းတွင် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပါအဝင် တရုတ်ကုမ္ပဏီ Sinosteel Equipment Engineering ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။ အဆိုပါသံမဏိစက်ရုံမှာ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေး(MEC)နှင့် အီတလီကုမ္ပဏီ Denienli တို့ ပူးပေါင်း၍ ၂၀၀၄ ခုနှစ် နိုဝင်ဘာတွင် စတင် လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့သည်။ သို့သော် နှစ်စဉ် ဒေါ်လာ သန်း ပေါင်းများစွာ အရှုံးပေါ်နေသောကြောင့် ယခုအစိုးရလက်ထက်တွင် ရပ်နားခဲ့သည်။

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ယခုတပတ်အတွင်း နောက်ထပ် သတိပြု ရန်မှာ ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်စီမံကိန်းများအား ရပ်ဆိုင်းထားရန် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(AOW)က အစီခံစာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ စီမံကိန်းများ (ဥပမာအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း)သည် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပဋိပက္ခကို ပိုကြီးထွားစေကာ လက်ရှိတိုက်ပွဲများကို အရှိန်မြင့်လာစေသည်ဟု ၎င်းတို့က ဆိုသည်။

တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် ရွှေပြည်သာစက်မှုဇုန်ရှိ ABLE GLAD Myanmar အထည်ချုပ် စက်ရုံတွင် အလုပ်သမားများကို လုပ်ခလစာမပေးဘဲ ပိုင်ရှင်မှာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းမှာလည်း စောင့် ကြည့်ဖွယ်ရာဖြစ်ပါသည်။ ယင်းစက်ရုံတွင် အလုပ်သမား ၇၀၀ ဦး ဝန်းကျင် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ လုပ်ခလစာများအတွက် စက်ရုံတွင် ကုန်ကြမ်းအပ်နှံထားသည့် လုပ်ငန်းရှင်သုံးဦးက စိုက်ထုတ် ဖြေရှင်း ပေးခဲ့သည်ကို နောက်ဆက်တွဲသတင်းများတွင် တွေ့ရှိရသည်။

ကုန်သွယ်ရေး

တရုတ်နိုင်ငံဘက်မှ ရွှေတုံးအတုများ ဝင်ရောက်နိုင်ဖွယ်ရှိသောကြောင့် မြန်မာ ရွှေကုန်သည်များ အနေဖြင့် သတိထား ရောင်းဝယ်ကြရန် ရွှေလုပ်ငန်းရှင်များအသင်းချုပ်က သတိပေးခဲ့သည်မှာ စိတ်ဝင်စားဖွယ်ရာ သတင်းတခုဖြစ်သည်။ တရုတ်နိုင်ငံအတွင်း ကြေးနီကို ရွှေအုပ်ထားသည့် ရွှေအတုများ ပေါင်နှံ၊ ရောင်းချခြင်းတို့ ပျံ့နှံ့နေရာ မြန်မာဘက်သို့လည်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနိုင်မည့် အန္တရာယ် ရှိနေသောကြောင့် ပုံမှန် မဟုတ်သည့် ရောင်းဝယ်မှုများကို သတိထားနိုင်စေရန် ယင်းသို့ သတိပေးခြင်း ဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အကျပ်အတည်းများသည် ဆက်လက်ရှိနေပြီး တရုတ်ဘက်သို့ ဝင်ရောက်မည့် ကုန်တင်မော်တော်ယာဉ်များမှာ နယ်စပ်တွင် ရက်ရှည်ကြာ ပိတ်မိနေဆဲဖြစ်ပါသည်။ သို့သော် မြန်မာ အစိုးရ၏ သတင်းတပုဒ်ကမူ တရုတ်နိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်မှုအခြေအနေသည် ယခု ဘဏ္ဍာနှစ်(ဇွန် ၂၆ ရက်အထိ) ဒေါ်လာ သုံးဘီလီယံ ဝန်းကျင်ရရှိထားပြီး ယမန်နှစ် ကာလတူထက် သန်း ၅၀၀ ဝန်းကျင် သာလွန်သည်ဟု ဆိုသည်။

အဆိုပါအခြေအနေအတွင်း တရုတ်နိုင်ငံသို့ သကြားတန်ချိန် ၁၅၀,၀၀၀ ကို တရားဝင်တင်ပို့နိုင်ရေး ဘေဂျင်းရှိ မြန်မာသံရုံးနှင့် ချိတ်ဆက်လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါသည်။

နေရပ်ပြန်အလုပ်သမားများ

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေရပ်ပြန်လာနေမှုများ ဆက်ရှိနေသေးသည်ကို တွေ့ရှိရသည်။ ယခုတပတ်အတွင်း သတင်းဖော်ပြမှုများအရ ၄၀၀ ကျော် ရှိပြီး အားလုံး နီးပါးသည် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် တရုတ် နိုင်ငံအတွင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၁၁၁ ဦးကိုလည်း မူဆယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့ထဲတွင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) စာအုပ် အနီတွင် ဝင်/ထွက်တံဆိပ်တုံး ရက်ကျော်မှု၊ နယ်မြေကျော်လွန် သွားလာမှုနှင့် ပြည်ဝင်ခွင့်တစုံတရာမရှိဘဲ သွားရောက် လုပ်ကိုင်မှုများပါသည့်အပြင် အချို့မှာ ပြစ်မှုကြီးများ ကျူးလွန်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သူများထဲတွင် ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသူ တဦးလည်း ပါဝင် ခဲ့သည်။

လူကုန်ကူးမှု

၂၀၂၀ ပြည့်နှစ်၊ ပထမခြောက်လအတွင်း မြန်မာနိုင်ငံတွင် လူကုန်းကူးမှု ၅၈ မှု ရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့အား ကိုးကား၍ ဖော်ပြသည့် သတင်းအချို့ကိုလည်း တွေ့ရှိရသည်။ တရုတ်နှင့် မလေးရှားနိုင်ငံတို့သို့ လူကုန်ကူးခြင်းဖြစ်ပြီး အဆိုပါအမှုများအနက် ၄၀ သည် တရုတ်နိုင်ငံသို့ ဇနီးမယားဖြစ် ရောင်း စားမှုများဖြစ်သည်။ လူကုန်ကူးမှုများအတွက် ၁၆၆ ဦးကို အရေးယူနိုင်ခဲ့သည်ဟုလည်း သိရှိရသည်။

အဆိုပါသတင်းနှင့်အတူ ယခုတပတ်အတွင်း တွေ့ရှိရသည့် လူကုန်ကူးမှုဆိုင်ရာ သတင်းဖော်ပြမှုမှာ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက သားအမိ လေးဦးကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည့် ဇနီးမောင်နှံ တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဆိုသည့်သတင်းနှင့် မန္တလေးမှ အမျိုးသမီးငယ် သုံးဦးကို တရုတ်နိုင်ငံသို့ ရောင်းစားရန်ကြံစည်ခဲ့သည့် တရားခံသုံးဦးအနက် နှစ်ဦး(တဦးမှာ ထွက်ပြေးနေဆဲ)ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်ဆိုသည့် သတင်းတို့ကို တွေ့ရှိရသည်။

ပြစ်မှု

တရုတ်နိုင်ငံသားများနှင့်ပတ်သက်သော အမှုအခင်းဖြစ်စဉ်များမှာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တဦး၊ မန္တလေးတွင် ငါးဦးကို ယခုတပတ်အတွင်း ဖမ်းမိခဲ့ကြောင်း သိရှိရပါသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။