ISP China Desk
ပြန်လည်အသက်ဝင်လာသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများနှင့် အခက်ပွေဆဲ နယ်စပ်ကုန်သွယ်ရေး (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ ဇူလိုင် ပထမပတ်)

 

ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၆၀ ဝန်းကျင်ကို ISP-Myanmar China Desk က ယခုသီတင်းပတ်အတွင်း၌ စုစည်းခဲ့ပြီး ၎င်းတို့အား အကြောင်းအရာတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

သံတမန်ရေး

တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်(ဘေဂျင်း)၊ တရုတ်(နန်နင်း)၊ တရုတ်(ဟောင်ကောင်)၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးမှုကို ယခုတပတ်အတွင်း ပြုလုပ်ခဲ့သည်။ စီးပွားရေးသံမှူးများအနေနှင့် အဆိုပါနိုင်ငံများအတွင်း ကိုဗစ်ကာလ စီးပွားရေးပြန်လည်ထူထောင်မှု ဆောင်ရွက်နေများနှင့် ဈေးကွက်အခြေအနေတို့ကို စောင့်ကြည့်ရန် ပြည်ထောင်စုဝန်ကြီးက အမှာပါးခဲ့သည်။

အလားတူပင် ၂၆ ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် တက်ရောက်ခဲ့ပြီး အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အနာဂတ်အလားအလာတို့ကို ဆွေးနွေးခဲ့သည်။

ကုန်သွယ်ရေး

ကိုဗစ်-၁၉ ကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေး၌ ယမန်နှစ်နှင့် နှိုင်းစာပါက ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် မြန်မာ့ပို့ကုန်များတွင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယခုဘဏ္ဍာနှစ် ပထမခုနစ်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၃၉ ဘီလီယံရှိခဲ့ရာတွင် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်းမှုသည် လေးဘီလီယံနီးပါးဖြစ်ပြီး အသာစီးရလျက်ရှိသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် အဓိကဂိတ်ဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာမူ ကိုဗစ်-၁၉ ကာကွယ်ရေး တရုတ်နိုင်ငံ၏ ကန့်သတ်တားမြစ်ချက်များကြောင့် နှောင့်နှေးကြန့်ကြာဆဲဖြစ်ပြီး ပုံမှန်အနေအထားထက် သုံးပုံတပုံမျှကျဆင်းသွားကြောင်း မီဒီယာဖော်ပြချက်များအရ သိရှိရသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံက ဝယ်ယူမှုမရှိသောကြောင့် အထိနာခဲ့ရသည့် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ(ဥပမာ ပြောင်း)၏အခြေအနေနှင့်ပတ်သက်၍လည်း ဆွေးနွေးလျက်ရှိသည်ကိုဟု သိရှိရသည်။ ယခု ဖရဲရာသီပြီးဆုံးပါက မူဆယ်နယ်စပ်ရှိ သစ်သီးဝလံပွဲရုံများအနေနှင့် လုပ်ငန်းများ ပိတ်သိမ်းရမည့်အခြေအနေရှိနေရာ လာမည့်ကာလတွင် မြန်မာ့ ဖရဲစိုက်ပျိုးရေးလုပ်ငန်းများအနေနှင့် ရပ်ဆိုင်းသွားနိုင်ဖွယ်ရှိသည်ဟုလည်း မူဆယ်မြို့ရှိ ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်၏ သုံးသပ်ချက်ကိုလည်း တွေ့ရှိရသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဖရဲစိုက်ခင်းများအနေနှင့် ယခုနှစ်တွင် အရှုံးပေါ်ခဲ့ရာ ထပ်မံစိုက်ပျိုးရန် အရင်းအနှီးမရှိတော့ဘဲ အခက်တွေ့လျက်ရှိသည်ဆိုသည့် သတင်းဖော်ပြမှုကိုလည်း တွေ့ရှိရသည်။

အဆိုပါအခြေအနေများ ရှိနေသော်လည်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုများ ပုံမှန်ဖြစ်ထွန်းလျက်ရှိနေသည်။ လက်ရှိကာလတွင် တရက်လျှင် ဆန်အိတ်ရေတသောင်းခွဲဝန်းကျင် ဝင်ရောက်လျက်ရှိကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။ အဆိုပါဆန်များမှာ ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားသည့် တန်ချိန်ငါးသောင်းအနက်မှ ဖြစ်သည်။

ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်အဖြစ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်နေမှုများအပေါ် သတိပေးမှုကိုလည်း မီဒီယာဖော်ပြမှုများတွင် တွေ့ရှိရသည်။ တရားမဝင်ကုန်သွယ်မှုများကို လျစ်လျူရှုထားမည်ဆိုပါက ဆက်လက်တားဆီး၍ ရနိုင်မည့်အနေအထား ရှိနိုင်မည်မဟုတ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုကို တားဆီးရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တရားမဝင်ကုန်သွယ်မှုများကို တားဆီးကာကွယ်တိုက်ဖျက်ရာ၌ သက်ဆိုင်ရာဌာနများက ပံ့ပိုးကူညီမှု အားနည်းနေခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းဖြစ်သည်ဟု ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။ ယင်းသို့ တရားမဝင်ကုန်သွယ်နေမှုကို မတားဆီးနိုင်ပါက တရားဝင်သတ်မှတ်ထားသော ကုန်စည်များပါ တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းဘက်သို့ ရောက်ရှိသွားနိုင်သည်ဟု ဆိုသည်။

ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ဖော်ပြမှုမှာ ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတခုက မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို တနှစ်လျှင် ကောင်ရေ တသန်းမှ ငါးသန်းအထိ ဝယ်ယူရန် ကမ်းလှမ်းသည်ဆိုသည့် သတင်းဖြစ်သည်။ တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနက တဆင့် ဇွန်လအတွင်းက ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှု

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ ရေနက်ဆိပ်ကမ်းစီမံကိန်းကို လူမှုသဘာဝထိခိုက်မှုလေ့လာဆန်းစစ်ချက်(EIA/ SIA) လုပ်ငန်းများ စတင်ဆောက်ရွက်နေပြီဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူက ပြောဆိုခဲ့သည်။ ယင်းလုပ်ငန်းစဉ်များအပေါ်မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်တနှစ်ဝန်းကျင်တွင် စတင်နိုင်လိမ့်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။ ထို့ကြောင့် ရပ်နားထားခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် ပြန်လည်စတင်ဖြစ်ပြီကြောင်း သုံးသပ်ရသည်။

နောက်ထပ် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်သော ဝေဖန်သုံးသပ်ချက်ကိုလည်း ယခုတပတ်အတွင်းတွင် တွေ့ရှိရသည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့်အစိုးရလက်ထက်ကတည်းက အငြင်းပွားနေခဲ့ရပြီး လက်ရှိအစိုးရသက်တမ်းကုန်ဆုံးခါနီးအထိ ရှုပ်ထွေးမှုများရှိနေကာ နှောင့်နှေးကြန့်ကြာနေခြင်းနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းများနှင့်ပတ်သက်၍ မေးခွန်းထုတ်ခံနေရခြင်း ဖြစ်သလို အကျိုးအမြတ်ကို တရုတ်နိုင်ငံဘက်က ပမာဏကြီးမားစွာ ရယူထားမှု၊ မြေယာလျော်ကြေးနှင့်ပတ်သက်၍ မပြေလည်မှုများကို ဆောင်းပါးက ထောက်ပြထားသည်။ ယင်းအပြင် ယခုအစိုးရ လက်ကျန်သက်တမ်းအတွင်း အဆိုပါစီမံကိန်းကို မစတင်နိုင်ပါက နောင်လာမည့်အစိုးရလက်ထက်တွင် မည်ကဲ့သို့ ဆက်လက်ဖြစ်နိုင်ဖွယ်ရှိသည်ကိုပါ ရှင်းလင်းပြောဆိုရန် တောင်းဆိုထားသည်။

အလားတူပင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ စက်မှုဇုန်တွင် တည်ဆောက်လျက်ရှိသည့် သတ္တုစက်ရုံနှင့်ပတ်သက်၍ ဒေသခံများက စိုးရိမ်လျက်ရှိသည်ဆိုသည့်သတင်းမှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ယင်းသတ္တုသန့်စင်စက်ရုံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်မှု(EIA) လုပ်ဆောင်ခြင်းမရှိဘဲ တည်ဆောက်နေသောကြောင့် ထိုသို့ စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား

မြန်မာနိုင်ငံအနေဖြင့် ဓာတ်အားလိုအပ်ပါက ဝယ်ယူနိုင်ရေးနှင့် ပိုလျှံပါက အိမ်နီးချင်းနိုင်ငံများသို့ ပြန်လည်ရောင်းချနိုင်ရေးအတွက်  တရုတ်အပါအဝင် အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ညှိနှိုင်းလျက်ရှိသည်ဆိုသည့် သတင်းမှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု ကျဆင်းလျက်ရှိသလို LNG မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ ကမ်းလွန်သဘာဝဓာတ်ငွေ့အား ပိုမိုထုတ်လုပ်နိုင်ရေးတို့ကို လုပ်ဆောင်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံထံမှ LNG လျှပ်စစ်ဓာတ်အား စုစုပေါင်း ၅၈၀ မဂ္ဂါဝပ် ဝယ်ယူရေးကို မကြာသေးခင်က လက်မှတ်ရေးထိုးခဲ့သည်။

နေရပ်ပြန်များအရေး

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နေရပ်ပြန်မှုများသည် ယခုတပတ်အတွင်း မီဒီယာဖော်ပြချက်များအရ ငါးရာဝန်းကျင်ရှိခဲ့ပြီး အားလုံးနီးပါးမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဧပြီလကုန်မှ ဇွန် ၂၇ အထိ အဆိုပါနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း တသောင်းနှစ်ထောင်ကျော် ရှိပြီဖြစ်သည်။

ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများအနေနှင့် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကာ နေရပ်သို့ ပြန်လည်ဝင်ရောက်လာနေခြင်းဖြစ်သည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံအတွင်း သွားရောက်လုပ်ကိုင်ရာတွင် ဖမ်းဆီးထိန်းသိမ်း၊ အကျဉ်းချခံရမှုများလည်း ရှိနေသည်။ ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်မှ ယခုတပတ်အတွင်းတွင် ၁၃၂ ဦးကို မူဆယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။