ISP China Desk
BRI၊ တရုတ်လက်နက်များနှင့် နောက်ကြောင်းမရှင်းသော ရင်းနှီးမြှုပ်နှံမှုများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် - ၂၀၂၀၊ မေ ပထမပတ်)

 

ယခုသီတင်းပတ်အတွင်းတွင် ISP-Myanmar China Desk က စုစည်းခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၉၀ ဝန်းကျင်ရှိခဲ့သည်။ သတင်းဖော်ပြမှုအများစုတွင် မြန်မာရွှေ့ပြောင်းအလုပ်သများ တရုတ်နိုင်ငံမှ အလုံးအရင်းဖြင့် နေရပ်ပြန်လာနေကြမှု၊ နယ်စပ်ကုန်သွယ်ရေးတွင် ဆန်နှင့် သစ်သီးဝလံအပါအဝင် လယ်ယာထွက်ကုန်များသည် အကျပ်အတည်းများနှင့်ကြုံတွေ့နေရပြီး ပမာဏများစွာ နစ်နာနေရမှု၊ ကိုဗစ် ၁၉ ကပ်ဘေးအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ ဆက်လက်ရှိနေမှု စသည်တို့ဖြစ်သည်။ ယင်းအပြင် ယခုတပတ်အတွင်း ထူးခြားချက်အနေဖြင့် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ယှက်နွယ်နေသည့် မြန်မာနိုင်ငံအတွင်းက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၊ ကိုဗစ်ကပ်ဘေးကာလတွင် စီမံကိန်းများကို ရှေ့ဆက်နိုင်ရေး ဆွေးနွေးမှုများနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာကိစ္စရပ်အချို့ကို တွေ့ရှိရပြီး အဆိုပါဖော်ပြမှုများကို အလေးပေး တင်ပြသွားပါမည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာ

ရက္ခိုင်လက်နက်ကိုင်အဖွဲ့(AA) သို့ တရုတ်ထုတ်လက်နက်များ ပံ့ပိုးပေးနေသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စိစစ်စုံစမ်းလျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

တရုတ်ထုတ်လက်နက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် AA ထံသို့ ပံ့ပိုးလျက်ရှိကြောင်း ဧပြီလအတွင်းက နိုင်ငံတကာဝက်ဆိုက် တခုဖြစ်သည့် Easternlink တွင် ရေးသားဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ၎င်းက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ပြီးခဲ့သည့်လအတွင်းက ကျယ်ဂေါင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ဖြေရှင်းထားကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ဧပြီလ ၂၃ ရက်နေ့ညပိုင်းက မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့ရှိ ပန်ဆေးပြည်သူ့စစ်ပိုင် အဆောက်အအုံသည် လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်တွင် တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင်သို့ လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ သံရုံးမှတဆင့် ဆက်သွယ်မေးမြန်းလာခဲ့ရာတွင် ပြန်လည်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်၏ ရာဇဝတ်ဂိုဏ်းများ ပတ်သက်မှု

ကရင်ပြည်နယ်၊ မြဝတီဒေသ၊ ထိုင်း-မြန်မာ နယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ ပူးပေါင်းတည်ဆောက်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်း၏ နောက်ကွယ်တွင် အာရှ၏ နာမည်ကျော် လူဆိုးဂိုဏ်းကွန်ရက်များ ပါဝင်ပတ်သက်လျက်ရှိနေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သလို ယင်းကို ကိုးကား၍ ရေးသားသည့် ဧရာဝတီသတင်းဌာန၏ ဆောင်းပါးတွင် ဖော်ပြပါရှိသည်။(ရွှေကုက္ကိုမြို့သစ်တွင် ပါဝင်နေသော ကုမ္ပဏီများနှင့် စီမံကိန်းနောက်ခံအချက်အလက်များ၊ သုတေသနအစီရင်ခံစာများကို ယခု Link များတွင် ဆက်လက်လေ့လာကြည့်ရူနိုင်ပါသည်။ ရွှေကုက္ကိုစီမံကိန်းYatai International Holding Group‘တို့မြေများကို လောင်းကစားပစ်ခြင်း’) နောက်ကွယ်မှ အဓိကခေါင်းဆောင်မှာ အာရှတွင် အမည်ဆိုးအကျော်ကြားဆုံး လူဆိုးဂိုဏ်းခေါင်းဆောင်များအနက် တဦးဖြစ်သူ ဝန်ကော့ကွိုင် Wan Kuok-kui ဖြစ်ပြီး 14 k မာဖီးယား ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ လူသတ်မှု ၁၄ မှုဖြင့် မကာအိုတွင် စွဲချက်တင်ခံရပြီး ၁၉၉၉ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ တရုတ်ရာဇဝတ်ဂိုဏ်းဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ ထိုအဖွဲ့သည် အမေရိကန်ပြည်ထောင်စုတွင် ဘိန်းဖြူရောင်းဝယ်ရေး၊ တရားမဝင်လောင်းကစား၊ ငွေညှစ်ခြင်းနှင့် လူကုန်ကူးခြင်းများတွင် ပါဝင်ပတ်သက်နေသည်။ စီမံကိန်းသည် ရာဇဝဏ်ဂိုဏ်းများနှင့် ပတ်သက်နေသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးကာ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်က ရှင်းလင်းပြောဆိုထားသည်။

ယင်းကဲ့သို့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများတွင် ပြဿနာများရှိနေကြောင်း ပေါ်ပေါက်လာစဉ်မှာပင် အခြားတဖက်တွင်လည်း မြန်မာနိုင်ငံရှိ အခြားစီမံကိန်းများကို ရှေ့ဆက်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှုများလည်း ရှိနေသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မေ ၆ ရက်တွင် မြန်မာနိုင်ငံစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တွေ့ဆုံကာ တရုတ်နိုင်ငံမှအဆိုပြုထားသော ရပ်ဝန်းလမ်းကြာင်းစီမံကိန်းအစိတ်အပိုင်းများဖြစ်သော ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများ၏ ရှေ့ဆက်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါစီမံကိန်းများသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် သဘောတူညီထားခဲ့သည်များ ဖြစ်သည်။

အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လျက်ရှိသည့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ

ကမ္ဘာတလွှားတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေခြင်းနှင့် မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွာမှုများ ရှိနေချိန်အတွင်း တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် နေရပ်သို့ ပြန်လာလျက်ရှိနေရာ ယခုတပတ်အတွင်း ပြန်လာမှုသည် အများအပြားရှိနေသည်။

သတင်းဖော်ပြမှုများအရ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာအလုပ်သမား သောင်းချီရှိနေသည်။ တရားဝင် စာရင်းအတိအကျကို မသိရသော်လည်း သတင်းဖော်ပြမှုများအရ ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူသည် ဧပြီ ၁၆ မှ မေ ၅ အထိ ခုနစ်ထောင်ကျော်၊ ဧပြီ ၂၈ မှ မေ ၆ အထိ မိုင်းလားအထူးဒေသ(၄)မှ ဝင်ရောက်လာသူ တထောင့်ခုနစ်ရာကျော်၊ ဧပြီ ၃၀ မှ မေ ၆ အထိ ချင်းရွှေဟော်ဂိတ်မှ ဝင်ရောက်လာသူ တထောင့်ငါးရာကျော်ရှိသည်။

ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ရခိုင်တို့အပါအဝင် နိုင်ငံတဝန်းမှ ဖြစ်သည်။

ပြန်လာသူများတွင် ကိုဗစ် ၁၉ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ၂၄၂ ဦးလည်း ပါဝင်သည်။ ဘေဂျင်းရှိ မြန်မာသံရုံးကမူ အဆိုပါ ၂၄၂ ဦးမှာ ကျန်းမာရေးထောက်ခံချက်ပါရှိသဖြင့် ကိုဗစ် ၁၉ ရောဂါအတွက် စိုးရိမ်ဖွယ်ရာမရှိဟု ဆိုသည်။

အလားတူပင် တရုတ်နိုင်ငံအတွင်း ပြည်နယ် ခုနစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် မြန်မာနိုင်ငံသား သုံးရာကျော်ကိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှတဆင့် ရှမ်းပြည်နယ်အစိုးရသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အဆင်ပြေချော့မွေ့စေရေးအတွက် အစိုးရက စီစဉ်ဆောင်ရွက်သည့်အနေဖြင့် ရပ်ဆိုင်းထားသည့် မန္တလေး-လားရှိုး ရထားပြေးဆွဲမှုကို  မေလ ၆ ရက်နေ့က ပြန်လည်ပြေးဆွဲခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးကျဆင်းမှုနှင့် အစားထိုးဝင်ရောက်လာသော အွန်လိုင်းအရောင်းအဝယ်

နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်းသည် ယခင်သီတင်းပတ်များနည်းတူ ဆက်လက်ဖြစ်ပေါ်နေသေးသည်ကို သတင်းဖော်ပြမှုများအရ သိရှိရသည်။

တရုတ်နိုင်ငံဘက်က အဝင်မခံသဖြင့် ပြောင်းဖူး(ချို)များသည် နယ်စပ်တွင် ပိတ်မိနေခဲ့ရပြီး ပျက်စီးခဲ့ရရာ နေ့စဉ် တန်ပေါင်းများစွာကို ရွှေလီမြစ်အတွင်းသို့ သွန်ပစ်ခဲ့ရသည်။ တရုတ်ရဲနှင့် တပ်မတော်က ဖမ်းဆီးနေမှုကြောင့် နေ့စဉ် ပျမ်းမျှအားဖြင့် ဖြောင်းဖူးတန် ၇၅ တန်မှ တန် ၁၀၀ အကြား ဆုံးရှုံးနေရခြင်း ဖြစ်သည်။ ကာလပေါက်ဈေးအားဖြင့် ပြောင်းဖူးတတန်လျှင် ယွမ် သုံးထောင်(ကျပ် ခြောက်သိန်း) ဝန်းကျင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ရောဂါြဖစ်ပွားမှုများ ရှိနေခြင်းကြောင့် နယ်စပ်အဝင်အထွက်များကို တရုတ်ဘက်က တင်းကျပ်ထားခြင်းဖြစ်သည်။ ယင်းကြောင့် ကုန်စည်ပို့ဆောင်ခများလည်း ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားသလို လုပ်သားရှားပါးမှုကြောင့် အလုပ်သမားခနှုန်းထားများလည်း နှစ်ဆဝန်းကျင် တက်သွားကြောင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ မော်တော်ယာဉ် ၆၀၀ စီးဝန်းကျင်သည်လည်း နယ်စပ်တွင် သောင်တင်နေခဲ့ရသည်။

အလားတူပင် ဆန်အိတ် တသိန်း(တန်ချိန် ငါးထောင်)မှာလည်း ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်မပါဟုဆိုကာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မရရှိဘဲ နယ်စပ် ကျယ်ဂေါင်တွင် ဧပြီ ၁ ရက်ကတည်းက ပိတ်မိနေသည်။ မြန်မာနိုင်ငံအနေနှင့် ယခုဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် နှစ်သန်းကို ပြည်ပသို့ တင်ပို့ရန် လျာထားသည့်အနက်မှ ယခုမေလအတွင်းတွင် ဆန်တန်ချိန် တသိန်းခွဲကို တင်ပို့နိုင်ရန် စီစဉ်ထားရှိသည်။ ကိုဗစ် ၁၉ ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဧပြီလတွင် ဆန်တင်ပို့မှုကို ရပ်ဆိုင်းခဲ့သော်လည်း ပြည်တွင်းစားသုံးမှုအတွက် ဖူလုံသဖြင့် ဆန်တင်ပို့မှုကို အစိုးရက ဆက်လက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကျယ်ဂေါင်တွင် ပိတ်မိနေသော ဆန်တန်ချိန် ငါးထောင်အတွက် တရုတ်သံရုံးတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုထားသည်။

နယ်စပ်ကုန်သွယ်ရေးသည် မြေပြင်တွင် အကျပ်အတည်းများဖြင့် ရှိနေချိန်အတွင်း ကုန်သည်များသည် အွန်လိုင်းရောင်းဝယ်ရေးစနစ်ဘက်ဆီသို့ ဦးလှည့်လာကြသည်ကိုလည်း တွေ့ရှိရသည်။

မန္တလေးအွန်လိုင်းဈေးကွက်တွင် ပဲယင်း အရောင်းအဝယ်သွက်လျက်နေသလို စိန်တလုံးသရက်သီးကိုလည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဝီချက်(We Chat)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရာသီပေါ်အသီးအနှံဖြစ်သော  တရက်လျှင် ၁၀ တန်ဝန်းကျင်အထိ ရောင်းချနေရပြီး မူဆယ် (၁၀၅)မိုင်မှ ဝမ်တိန်သို့ နေ့စဉ် သရက်သီးတင်ပို့သည့်ကုန်တင်ယာဉ်အစီးရေ ၃၀၀ ခန့်အထိရှိနေကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။

နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အခြားသတင်းဖော်ပြမှုအနေနှင့် အလိုလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(MACCS) ကို မူဆယ်တွင် ယခုနှစ်အတွင်း အပြီးသတ်တပ်ဆင်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်သည်။ အဆိုပါစနစ်သည် ကုန်သွယ်ရေးအတွက် အကောက်ခွန်ရုံးတွင် လာရောက်လုပ်ဆောင်ရသော လုပ်ငန်းစဉ်များကို များစွာလျှော့ချနိုင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ရန်ကုန်တွင် စတင်တပ်ဆင်အသုံးပြုခဲ့သည်။ ယင်းနောက် ၂၀၁၈ ခုနှစ်တွင် မြဝတီတွင် တပ်ဆင်ခဲ့သည်။ မြန်မာ့နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် မူဆယ်သည်အကြီးဆုံးဖြစ်ပြီး ကုန်သွယ်မှုပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးဘီလီယံမျှ ရှိနေသည်။

ကိုဗစ်အရေး ထောက်ပံ့ကူညီမှုများ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ကပ်ဘေးအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများသည် ဆက်လက်ရှိနေသေးသည်။ ယခုတပတ်အတွင်းတွင် ယင်းကူညီထောက်ပံ့မှုများအကြောင်း သတင်းဖော်ပြမှုအများအပြားရှိခဲ့ပြီး အစိုးရ၊ စီးပွားရေးလုပ်ငန်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကူညီထောက်ပံ့ခြင်း ဖြစ်သည်။

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးဆောင်၍ ပိုးလမ်းမတလျှောက် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်  ပညာရေးဝန်ကြီးဌာနသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများများကို လှူဒါန်းခဲ့သည်။ (တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ နောက်ခံအချက်အလက်များကို ယခု Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ China Foundation for Peace and Development-CFPD )

လှူဒါန်းမှုကို ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးချုပ် Mr. Xu Jianguo က ဘေဂျင်းရှိ မြန်မာသံရုံးမှတဆင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Masks) ၁၅၂၀၀၀၀၊ တကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) ၃၉၀၀၊ ရောဂါကာကွယ်ရေးမျက်မှန် (Medical Eye Shields) ၁၀၀၀၀၊ အပူချိန်တိုင်းကိရိယာ (Non-Contact Infrared Thermometer) ၁၀၀၀ တို့ဖြစ်ပြီး စုစုပေါင်း တရုတ်ယွမ်ငွေ ၅၅ သိန်း(ကျပ် တဘီလီယံကျော်) တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အလားတူပင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ် ရေးအတွက် CITIC Group ကလည်း ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖြန်းစက် ၁၀ လုံးကို လှူဒါန်းခဲ့သည်။ CITIC Group သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို လုပ်ဆောင်ခွင့်ရရှိထားသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့အတူ ရန်ကုန်၊ မူဆယ်၊ လားရှိုး၊ လွိုင်လင် စသည့်ဒေသများတွင်လည်း တရုတ်နိုင်ငံအဖွဲ့အစည်းများက ကိုဗစ် ၁၉ အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းခဲ့ကြသေးသည်။

ကိုဗစ် ၁၉ နှင့် ပတ်သက်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာအကူအညီများ ထောက်ပံ့ကူညီနေချိန်အတွင်း အခြားတဖက်တွင် မြန်မာအစိုးရ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) နှာခေါင်းစည်းများနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ထားသည်။ ဘူးခွံတွင် တရုတ်စာများဖြင့် ဖော်ပြထားသည့် နှာခေါင်းစည်းများအား သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။