ISP China Desk
တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ တရုတ်ဟက်ကာများနှင့် မြန်မာ့ဆိုင်ဘာလုံခြုံရေး (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ မေ ဒုတိယပတ်)

 

ယခုသီတင်းပတ်အတွင်းတွင် ISP-Myanmar China Desk က စုစည်းခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း  ၈၀ ကျော် ရှိခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုအသစ်တချို့ကို ခွင့်ပြုလိုက်မှု၊ ယခင်က သဘောတူထားသည့် စီမံကိန်းများကို အကောင်ထည်ဖော်ရန် တရုတ်ဘက်က တွန်းအားပေးလာနေမှု၊ တရုတ်လုပ်ငန်းရှင်တဦး အသတ်ခံရမှု၊ မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏ အစိုးရပိုင် နည်းပညာကုမ္ပဏီများကို တရုတ်ဟက်ကာများက ပစ်မှတ်ထားနေမှု စသဖြင့် စိတ်ဝင်စားဖွယ်တွေ့ရသည်။  ယင်းဖော်ပြမှုများကို ကဏ္ဍတခုချင်းစီခွဲခြမ်း၍ ဖော်ပြသွားပါမည်။

ရင်းနှီးမြှုပ်နှံမှု

ယခုတပတ်အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးခုကို ခွင့်ပြုလိုက်ရာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်ခဲ့သည်။ လက်ခစားစနစ်(CPM) ဖြင့် ဆောင်ရွက်မည့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ Separating Sorting, Packaging, Export and Local Sales of Recycle Products(Such as Metal, Aluminium) စသည့် လုပ်ငန်းများဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၈၈ သန်း တန်ဖိုးရှိမည်ဖြစ်သည်။ ခွင့်ပြုမှုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လူဦးရေ ၁၈၈၁ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် V-Power ကုမ္ပဏီ၏ LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မေလ ၁၀ ရက်နေ့တွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ စမ်းသပ်မောင်းနှင်မည်ဆိုသည့် သတင်းဖော်ပြမှုကိုလည်း တွေ့ရှိရသည်။ နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းကို ဖြည့်တင်းနိုင်ရန် စီမံချက်များအနက် တခုဖြစ်သည့် အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည်ဖြစ်ပြီး သာကေတမြို့နယ်တွင် တည်ရှိသည်။

ရပ်ဝန်းလမ်းကြောင်းစီမံကိန်း(BRI)အောက်တွင် ပါဝင်သည့်  ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ တရုတ်- မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စသည့် စီမံကိန်းများနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးကို ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်သံအမတ်ကြီး ချင်းဟိုင်တို့ ဆွေးနွေးခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအချို့ကို ရပ်နားထားရကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတဦး၏ ပြောဆိုမှုကို ကိုးကား၍ သတင်းတပုဒ်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရသည်။ လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်း၏ လုပ်ငန်းစဉ်အချို့ကို ရပ်နားထားသလို နယ်စပ်ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်ရေးကိစ္စသည် ရှေ့မဆက်နိုင်သေးဘဲ ရပ်တန့်လျက်ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသအတွင်း တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ရွှေကုက္ကိုစီမံကိန်းသည် နောက်ကွယ်တွင် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခဲ့မှုများနှင့်ပတ်သက်၍ စီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီဘက်က တုံ့ပြန်လာသည်ကို တွေ့ရသည်။

ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်လာနေမှုနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးရယူထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အနေနှင့်လည်း ကြပ်မတ်ဆောင်ရွက်မည်ဖြစ်သလို ထွက်ပေါ်နေသည့် သတင်းများအတိုင်း တိကျခိုင်မာသည့် အထောက်အထားများ ရရှိပါက အစိုးရနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူက ဧရာဝတီသတင်းဌာနသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်မှု

ယခုတပတ်အတွင်း ထူးခြားချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် တရုတ်လုပ်ငန်းရှင်တဦး အသတ်ခံရခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။

အသတ်ခံရသူမှာ လှိုင်သာယာ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ Myanmar Golden Forever စက်ရုံပိုင်ရှင် အသက် ၆၃ နှစ်အရွယ် မစ္စတာရန်ဘန်ချောင် ဖြစ်သည်။ စက်ရုံသည် သံမဏိ၊ သံထည် ရောင်းဝယ်ရေးနှင့် ဂိုထောင်အဆောက်အအုံများ ဆောက်လုပ်ခြင်း ဖြစ်သည်။

အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ တရားခံ နှစ်ဦးကိုလည်း ဖမ်းမိထားပြီး ဖြစ်သည်။

ဖမ်းမိထားသူ နှစ်ဦး၏ ထွက်ဆိုချက်အရ အဆိုပါလုပ်ငန်းရှင်၏ မော်တော်ယာဉ်က ၎င်းတို့၏ ဆိုင်ကယ်ကို ပွတ်တိုက်မိသည်ကို လျော်ကြေးငွေတောင်းဆိုရာမှ အချင်းများရန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ ယင်းဖြစ်စဉ်သည် ငွေကြေးလိုချင်သောကြောင့် အယောင်ဆောင်ဖန်တီးခဲ့ဖွယ်ရှိကြောင်း သံသယများထွက်ပေါ်ခဲ့သည်။

လုံခြုံရေး

တရုတ်ဟက်ကာများသည် မြန်မာအပါအဝင် အာဆီနိုင်ငံများ၏ အစိုးရပိုင် နည်းပညာကုမ္ပဏီများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အစ္စရေးနိုင်ငံ၏ ထိပ်တန်းနည်းပညာကုမ္ပဏီ Check Point Software Techonologies က သတိပေးမှုကို သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။ တရုတ်စစ်တပ်နှင့် ဆက်နွှယ်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် ဟက်ကာအုပ်စုတခုသည် ဩစတေးလျနိုင်ငံ၏ အစိုးရပိုင် နည်းပညာများနှင့် ကွန်ပျူတာတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ ထိန်းချုပ်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အစီရင်ခံစာတခုကလည်း ဖော်ပြခဲ့ကြောင်း ယင်းသတင်းတွင် ပါရှိသည်။ ၎င်းတို့သည် ငါးနှစ်ကြာဆင်နွဲမည့် လှုပ်ရှားမှုးဖြင့် ဩစတေးလျသာမက မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် စသည့် အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံအစိုးရများ၏ နည်းပညာ ကုမ္ပဏီများကို ပစ်မှတ်ထားလျက်ရှိသည်ဟု ဆိုသည်။

မြန်မာ့ ကိုဗစ်-၁၉ အတွက် တရုတ်၏ ကူညီထောက်ပံ့မှု

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဆက်လက်ရှိနေသည့်နည်းတူ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများသည်လည်း ဆက်လက်ရှိနေသေးသည်။ အဆိုပါကူညီထောက်ပံ့မှုများသည် တရုတ်နိုင်ငံ၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပေးအပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဗဟိုအဖွဲသို့ တိုက်ရိုက်လှူဒါန်းသည်များပါဝင်သလို ဒေသန္တရအဖွဲ့အစည်းများသို့ ခွဲဝေလှူဒါန်းခြင်းတို့လည်း ပါဝင်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဝမ်ပေါင်မုံရွာကြေးနီစီမံကိန်းက ကျပ်သိန်း ၄၈၀ တန်ဖိုးရှိသည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသန တို့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

စီးပွားရေးလုပ်ငန်းများဖြစ်သည့် Maynmar Shwe Nagar Agricultural Group Co., Ltd(မြန်မာ့ ရွှေနဂါး) နှင့် China Merchants Group တို့ ပူးပေါင်း၍ ကျပ်သိန်း တထောင့်ငါးရာတဆယ့်ငါးသိန်း(၁၅၁၅ သိန်း) တန်ဖိုးရှိ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ သို့လှူဒါန်းခဲသည်။

အလားတူပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လှူဒါန်းသည့် ရောဂါကာကွယ်ရေးဝတ်စုံ PPE ၁၀၀၀၀ အပါဝင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများသည်လည်း ယခုတပတ်အတွင်းတွင် အထူးလေယာဉ်ဖြင့် ထပ်မံရောက်ရှိလာခဲ့ပြီး သံအမတ်ကြီး ချင်းဟိုင်နှင့် စစ်သံမှူးတို့မှတဆင့် ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ၊ ယူနန်နယ်စပ် စစ်ဆေးရေးဌာနချုပ် ရွှေလီ ပြည်ဝင်/ပြည်ထွက် နယ်စပ်ကာကွယ်ရေးဌာနကလည်း တာဝန် ရှိသူများက ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး(တောင်ကြီးမြို့)သို့  နှာခေါင်းစည်း ၁၀၀၀၀၊ PPE ဝတ်စုံ ၁၀၀၊ ပိုးသတ်ဆေးရည်ပုံး ၂၀၊ ကိုအပူချိန်တိုင်းစက် အခု ၂၀၊ မူဆယ်နယ်စပ် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(၇) သို့ နှာခေါင်းစည်း ၃၀၀၀ နှင့်  ကိုယ်အပူချိန်တိုင်းစက် ငါးခုတို့ကို လှူဒါန်းခဲ့သည်။ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကလည်း ဆေးရုံသုံးနှာခေါင်းစည်း ၁၀၀၀၀၊ N95 ၂၀၀၀၊ အပူချိန်တိုင်းကိရိယာ ၁၀၀၀၊ လက်သန့်ဆေးရည်ဘူး ၄၈၀ နှင့် တရုတ်လုပ်ငန်းရှင်များက ကျပ်သိန်း ၁၀၀ တို့ကိုလည်း မန္တလေးမြို့သို့ လှူဒါန်းခဲ့သည်။

နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်းတခုဖြစ်သည့် Huawei ကလည်း မြန်မာ့ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပေးသွားမည်ဟု ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး

ယခင်အပတ်များနည်းတူပင် နယ်စပ်ကုန်သွယ်ရေးအခြေအနေသည် ချောမွေ့အဆင်ပြေနေခြင်း မရှိသေးဘဲ သစ်သီးဝလံနှင့် ရေထွက်ကုန်ပစ္စည်းများသည် အရောင်းအဝယ်ဈေးကွက် ပျက်လျက်ရှိသည်။

ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာတခုမှာ မြန်မာနိုင်ငံမြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သတင်းဖော်ပြမှု ဖြစ်သည်။ ကိုဗစ်-၁၉ ကို အကြောင်းပြု၍ တရုတ်-မြန်မာ နိုင်ငံ နယ်စပ်ဝင်ပေါက်များကို ပိတ်ထားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားပြီး ယင်းသို့ ရိက္ခာပြတ်လပ်မှုကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

အစိုးရက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၁ မှ မေ ၁ ရက်အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အခြေအနေသည် ယမန်နှစ်ကာလတူထက် ဒေါ်လာ သန်းတရာကျော် ကျဆင်းခဲ့ကြောင်း သိရှိရသည်။ အဓိက ကုန်သွယ်ရေးစခန်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း၏အခြေအနေမှာလည်း ယခု ၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလတာ စာရင်းများအရ လစဉ်လျာထားချက်အား ပြည့်မီခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

အခြားတဖက်တွင် မြန်မာနိုင်ငံမှ ကျွဲ၊ နွားများအား တရားမဝင်လမ်းကြောင်း တရုတ်နိုင်ငံသို့ တင်ပို့နေမှု မြင့်တက်လာနေကြောင်း ဖော်ပြမှုကိုလည်း တွေ့ရသည်။ တရက်လျှင် ကျွဲ၊ နွားကောင်ရေ ငါးရာမှ နှစ်ထောင်ဝန်းကျင်ခန့် ရှိနေပြီး တခါတရံတွင် ကောင်ရေ သုံးထောင်ဝန်းကျင်အထိပင် ရောက်ရှိတတ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း၌ ပြဿနာများ ရှိနေခဲ့သော်လည်း ယခုတပတ်တွင်မူ  တပတ်လျှင် ဆန်အိတ်ရေ ရှစ်သောင်းခန့်(တန်ချိန် လေးထောင်ဝန်းကျင်)ကို တင်ပို့နိုင်ခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။ ယခုတင်ပို့မှုသည် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်ဖြင့် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်များက ကျယ်ဂေါင်တွင် ပိတ်မိတ်လျက်ရှိသည့် အိတ်တသိန်းမှာမူ တင်ပို့ခွင့်ရရှိရေး ဆက်လက်ဆွေးနွေးလုပ်ဆောင်ရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် နှစ်သန်းကို ပြည်ပသို့ တင်ပို့ရန် လျာထားချက်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပြဿနာများ ရှိနေချိန်၌ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှတဆင့် တန်ချိန် တသိန်းခန့် တင်ပို့နိုင်ရန်ကိုလည်း စီစဉ်လျက်ရှိသည်။

ဆက်လက်ရှိနေဆဲဖြစ်သည့် နေရပ်ပြန်များ

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် နေရပ်သို့ ပြန်လာနေမှုများသည် ယခုကာလအတွင်းအထိ ဆက်လက်၍ ရှိနေသေးသည်ကို တွေ့ရသလို မြန်မာနိုင် တဝန်းရှိ ဒေသများတွင် အဆိုပါနေရပြန်များကို ပြန်လည်လက်ခံ၊ ထားရှိရေးအတွက် လုံးပမ်းစီစဉ်နေကြသည့် သတင်းဖော်ပြမှုများကို တွေ့ရသည်။

သတင်းဖော်ပြမှုများသည် တစုတစည်းထဲ ရေးသားဖော်ပြခြင်းမဟုတ်သည့်အတွက် ၎င်းတို့၏ စုစုပေါင်းအရေအတွက်အား မသိရသော်လည်း ယခုတပတ်အတွင်းမှာပင် နေရပ်ပြန်သူပေါင်း‌ ထောင်ဂဏန်းဝန်းကျင် ရှိမည် ဖြစ်သည်။ ဧပြီ ၃ ရက်နေ့မှ မေ ၁၁ ရက်အထိ မူဆယ်နယ်စပ်၊ နန်းတော်ဂိတ်မှ ဝင်ရောက်လာသူသည် တသောင်းဝန်းကျင် ရှိသွားပြီဖြစ်ကာ ပျမ်းမျှတရက်လျှင် ၅၀၀ ခန့်ရှိသည်။  ဗန်းမော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အဆိုအရ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားဦးရေသည် မေ ၁၁ အထိ ခုနစ်ထောင်ခန့်ရှိနေပြီး ဗန်းမော်ဒေသခံ တထောင်ဝန်းကျင် ပါဝင်သည်။

ယင်းအပြင် တရုတ်အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့်  မြန်မာနိုင်ငံသား ၂၀၀ ကျော်ကိုလည်း မြန်မာဘက်လွှဲပေးခဲ့သလို   စီကျန်းပြည်နယ်၊ ကွမ်းတုံးပြည်နယ်၊ ရှန်ဟိုင်းပြည်နယ်၊ ကွမ်းရှီးပြည်နယ်၊ ကွေ့ကျုံးပြည်နယ်၊ ဟိုင်နန်ပြည်နယ်အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သား ၇၂ ဦးကို ယခုတပတ်အတွင်းမှာပင်  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။