ISP China Desk
တရုတ်၏ ရင်းနှီးမြုပ်နှံမှုအသစ်များနှင့် နယ်စပ်ကုန်သွယ်ရေး အထွေထွေဆွေးနွေးမှုများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ မေ တတိယပတ်)

တရုတ်နှင့် မြန်မာ သမ္မတချင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုများ၊ ကုန်သွယ်ရေးပြဿနာနှင့် တရားမဝင်ဝင်ရောက်မှုများနှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးမှု၊ မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းဆီးရမိမှု၊ တရုတ်နိုင်ငံသားများအား ဝပြည်နယ်တွင် သေဒဏ်ပေးလိုက်ခြင်း၊ နာမည်ကျော် စီးပွားရေးလုပ်ငန်း Alibaba ၏ လက်ခွဲလုပ်ငန်းက မြန်မာ့ငွေကြေးကဏ္ဍသို့ ဝင်ရောက်လာမှု၊ နှစ်နိုင်ငံအကြား လေကြောင်းလိုင်းသစ်တခု တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိမှု၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံအပေါ် လွှတ်တော်တွင် မေးခွန်းထုတ်လိုက်ခြင်း၊ လူကုန်ကူးခံထားရသူများ ပြန်လည်ကယ်ထုတ်ရေးအတွက် အခက်အခဲများ ရှိနေခြင်း စသည့် စိတ်ဝင်စားဖွယ်ရာသတင်းများအပြင် ကိုဗစ်-၁၉ အတွက် တရုတ်၏ အကူအညီများ၊ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကိစ္စတို့အပါအဝင် ယခုသီတင်းပတ်အတွင်းတွင် ISP-Myanmar China Desk က စုစည်းခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း  ၈၀ ဝန်းကျင် ရှိခဲ့သည်။ ထိုအထဲမှ တခုချင်းစီကို ထုတ်နုတ်တင်ပြသွားပါမည်။

သံတမန်ရေး

ယခုတပတ်အတွင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာသမ္မတ ဦးဝင်းမြင့်တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့မှုသည် ထူးခြားသည့် ဖြစ်ရပ်တခုဖြစ်ပါသည်။

မေ ၂၀၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးမှုတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် တိုက်ဖျက်မှု အခြေအနေများ၊ တရုတ်နိုင်ငံဘက်မှ အကူအညီများ ဆက်လက်ပေးအပ်သွားရန်ကိစ္စများ ပါဝင်ပြီး အဆိုပါအခြေအနေများအောက်မှတဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ရပ်ဝန်းလမ်းကြောင်းနှင့် တရုတ်-မြန်မာ  စီးပွားရေးစင်္ကြံစီမံကိန်းများအောက်မှ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ပြဿနာ အခြေအနေတည်ငြိမ်ပါက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပသွားရေးနှင့် နှစ်နိုင်ငံကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ရေးတို့လည်း ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည်။

အလားတူပင် ပြီးခဲ့သည့်လများအတွင်း အဆင်မပြေမှုများစွာ ရှိနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍လည်း ဘေဂျင်းရှိ မြန်မာသံရုံးအနေနှင့် တရုတ်နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း ယခုတပတ်အတွင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးတွင် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ တင်ပို့နေသည့် ကုန်စည်များတွင် အကျပ်အတည်း၊ အခက်အခဲများ ရှိနေမှုနှင့် ဆုံးရှုံးနစ်နာနေရမှုများ၊ ကုန်သွယ်ရေး နှေးကွေးနေမှုများကို ပြေလည်စေရန်  တရုတ်အစိုးရ၊ အကောက်ခွန် အထွေထွေစီမံကွပ်ကဲမှုအဖွဲ့အစည်း၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၏ အာရှရေးရာဌာနတို့ထံသို့ တင်ပြထားကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှု

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းစုတခုဖြစ်သည့် Alibaba ကုမ္ပဏီအုပ်စု လက်အောက်ခံ ကုမ္ပဏီသည် မြန်မာ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမည်ဆိုသည့် သတင်းမှာလည်း ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ် ဖြစ်သည်။

Alipay ၏ အော်ပရေတာဖြစ်သူ Ant Group သည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍတွင် ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိသည့် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ကာ Wave Money နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့် နီးစပ်မှုမရှိသေးသော လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးပေးနိုင်ရေး ရည်ရွယ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအသစ်တခု ဝင်ရောက်လာရန် စီစဉ်နေချိန်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတခုနှင့်ပတ်သက်၍ လွှတ်တော်အတွင်းတွင် မေးခွန်းထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားမြှင့်တင်ရေးဆိုင်ရာအဖွဲ့အစည်း၏ ကန့်ကွက်မှုတို့လည်း ပေါ်ပေါက်ခဲ့သည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်ပတ်သက်၍ ဖြစ်သည်။

အဆိုပါစက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိနှင့် စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုးပေးခဲ့ခြင်းကို ပြန်လည်သုံးသပ် ပေးရန် အစီအစဉ် ရှိ၊ မရှိကို မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက မေးမြန်းခဲ့ရာတွင် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်တို့၏ ဘောင်အတွင်း မောင်နှင်ရန် အထူးကြပ်မတ်စောင့်ကြည့်နေပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့သည်။

ယင်းအပေါ် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံး အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် MATA က ကန့်ကွက်လိုက်ပြီး ဝန်ကြီး၏ ဖြေဆိုမှုသည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေသည်ဟု ဆိုသည်။ ထို့အပြင် စက်ရုံကို အမြန်ဆုံးပိတ်သိမ်းရန်ကိုလည်း အဖွဲ့က တောင်းဆိုသည်။

နောက်ထပ် သတိပြုဖွယ်ရာ သတင်းတရပ်မှာ မြန်မာနိုင်ငံတွင် တရုတ်(ဟောင်ကောင်)၏ ရင်းနှီးမြှုပ်နှံမှုများ တိုးများလာခြင်း ဖြစ်သည်။

ယခုဘဏ္ဍာနှစ်(ပထမ ခုနစ်လ)အတွင်း ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုပမာဏာသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ရှိနေပြီ ဖြစ်သည်။ အိမ်ခြံမြေ၊ လျှပ်စစ်နှင့် အထည်ချုပ်လုပ်ငန်းများအတွက် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ ၃၉ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ပြီးနောက် ယင်းသို့ များပြားလာခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ အဆိုပါပမာဏသည် ယခုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်လာသည့် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုတွင် အများဆုံးပမာဏဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း (ဧပြီလကုန်အထိ) စာရင်းတွင် စင်ကာပူက ဒေါ်လာ သန်း ကိုးရာကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေကာ တရုတ်နိုင်ငံ(ပြည်မ)က ဒေါ်လာ သန်း လေးရာကျော်ဖြင့် တတိယနေရာတွင် ရှိနေသည်။

ကုန်သွယ်ရေး

ကိုဗစ်-၁၉ တားဆီးကာကွယ်ထိန်းချုပ်ရေးအတွက် နယ်စပ်အဝင်အထွက်ကို တရုတ်နိုင်ငံဘက်က တင်းကျပ်ထားခဲ့ရာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေသည် ယခင်သီတင်းပတ်များနည်းတူပင် အဖုအထစ်များဖြင့် တုံ့နှေးကျဆင်းလျက်ပင် ရှိနေဆဲ ဖြစ်သည်။

ယခုအပတ်အတွင်း ထူးခြားချက်မှာ အဆိုပါကုန်သွယ်မှုပြဿနာအတွက် တရုတ်မြန်မာနှစ်နိုင်ငံ တာဝန်ရှိသူများအကြား တရားဝင်ညှိနှုင်းဆွေးနွေးမှုများဖြစ်သည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့သည်  အင်တာနက် အွန်လိုင်းမှတဆင့် ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် မြန်မာဘက်မှ ကုန်စည်တင်မော်တော်ယာဉ်များ နှောင့်နှေးကြန့်ကြာခြင်းများဖြစ်ပေါ်နေမှုကို ဖြေလျှော့ပေးရေးအတွက် မြန်မာဝန်ကြီးက တိုက်တွန်းအကြံပြုခဲ့ပြီး တရုတ်ဘက်ကမူ လေ့လာရေးအဖွဲ့တဖွဲ့ စေလွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်လမ်းကြောင်းတွင် နေ့စဉ် မော်တော်ယာဉ် ရာနှင့်ချီစွာ ပိတ်မိသောင်တင်ရမှုများ ရှိနေရာ ယင်းကိစ္စနှင့် ပတ်သက်၍ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်ကလည်း ယူနန်ပြည်နယ်၊ စီးပွားရေးညွှန်ကြားရေးမှူးချုပ်နှင့် သွားရောက် ဆွေးနွေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းမှ ဆိတ်ကုန်သည်များအနေနှင့် လာအိုသို့ ဆိတ်များ တင်ပို့နေရကြောင်း  ယခုတပတ်အတွင်း ဖော်ပြလာမှုသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပြဿနာရှိနေကြောင်း ညွှန်ပြနေသည့် သတင်းတပုဒ်ဖြစ်သည်။

မြန်မာနိုင်ငံမှ တင်သွင်းသည့်ဆိတ်ကို တရားမဝင်ကုန်စည်အဖြစ် ၂၀၁၉၊ ဖေဖော်ဝါရီလက တရုတ်အစိုးရက သတ်မှတ်ခဲ့မှုကြောင့် လာအိုမှတဆင့် တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ခြင်းများဆောင်ရွက်နေရသည် ဟူသောသတင်းမှာလည်း တရုတ်မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး၏ ပြဿနာများကိုထင်ဟပ်နေသည်။

ခရီးသွားလာရေး

ပြီးခဲ့သည့်နှစ်အတွင်း ဇီးရိုးဘက်ဂျက်ဟူသော ခရီးသွားလာမှုပုံစံကို တရုတ်ခရီးသည်များက ကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းကို ကုစားနိုင်ရန် ဆွေးနွေးမှုလည်း ယခုတပတ်အတွင်းတွင် ရှိခဲ့သည်။

ဇီးရိုးဘက်ဂျက်ခရီးသွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများအနေနှင့် ကြိုတင်စီစဉ်ထားရှိသင့်ကြောင်း မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောဆိုခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့တွင် အခြေစိုက်ပြီး တရုတ်ခရီးသွားများအား ဝန်ဆောင်မှုများပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် အွန်လိုင်း ဗီဒီယိုကွန်ဖရင့်မှတဆင့် ဆွေးနွေးရာတွင် ဝန်ကြီးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြားတဖက်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ်အသစ်တခု တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားကြောင်း သတင်းတပုဒ်ကိုလည်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ လန်ချန်းမြို့မှ မြန်မာနိုင်ငံ ဟဲဟိုးမြို့သို့ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းခရီးစဉ်ကို ပြေးဆွဲရန်ရှိနေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အစိုးရအဖွဲ့၏ လေးနှစ်တာကာလ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောဆိုစဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ အတွက် တရုတ်၏ ထောက်ပံ့ကူညီမှု

မြန်မာနိုင်ငံက ရင်ဆိုင်နေသည့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိရာတွင် ယခုတပတ်အတွင်းတွင်လည်း ဆက်လက်ရှိနေခဲ့သည်။

မြန်မာနိုင်ငံအထက်ပိုင်း၏ မြို့တော်ဖြစ်သော မန္တလေးမြို့တွင်ပင် ရောဂါ ရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေးနိုင်မည့် ကိုဗစ်-၁၉ ဓာတ်ခွဲခန်းကို မကြာမီဖွင့်လှစ်လုပ်ဆောင်နိုင်တော့မည်ဖြစ်ရာ ယင်းအတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ခြောက်ဦးက လာရောက်သင်တန်းပေးရန် ရှိနေသည်။

ထို့အပြင် တရုတ်ကုမ္ပဏီ များမှလည်း မိမိတို့လုပ်ငန်းဆောင်ရွက်ရာဒေသများကို ဆိုင်ရာဆိုင်ရာ ပြုလုပ်နေသည်ကိုလည်းစိတ်ဝင်စားစရာတွေ့ရသည်။

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို လုပ်ဆောင်ခွင့်ရရှိထားသည့် CITIC Group ကလည်း ကျောက်ဖြူမြို့သို့ ဒုတိယအကြိမ် လှူဒါန်းခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကြေးနီတူးဖော်ရေးလုပ်ကိုင်လျက်ရှိသည့် ဝမ်ပေါင် မုံရွာကြေးနီစီမံကိန်းမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းခဲ့သည်။

အလားတူပင် တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအသင်းကလည်း နှာခေါင်းစည်း နှစ်သိန်း၊ ပိုးသတ်ဆေးရည် ၁၀ တန်၊ ရော်ဘာလက်အိတ်အစုံ တသောင်း၊ ရောဂါကာကွယ်ရေးဝတ်စုံ ၂၀၀ နှင့် ကျပ်သိန်း လေးရာတို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗုဒ္ဓဘာသာအသင်းနှင့် ပေကျင်းမြို့၊ လင်ကွမ်းကျောင်းတိုက်တို့က မြန်မာနိုင်ငံ၊ သံဃာ့နာယကအဖွဲ့အတွက် နှာခေါင်းစည်း တသောင်းကို တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ နိုင်ငံတကာရေးရာဌာနက ဘေဂျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး ဦးမျိုးသန့်ဖေထံသို့  ပေးပို့လှူဒါန်းခဲ့သလို ရှန်ဟိုင်းမြူနီစပယ်အစိုးရကလည်း နှာခေါင်းစည်းများ၊ ရောဂါကာကွယ်ရေး ဝတ်စုံများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပေးအပ်လှူဒါန်းခဲ့သည်။

ပြစ်မှု

ဝ အထူးဒေသ၊ UWSA/UWSP ထိန်းချုပ်ရာ နယ်မြေအတွင်း ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား သုံးဦးကို သေဒဏ်ပေးသည့် သတင်းဖော်ပြမှုမှာလည်း ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

၎င်းနယ်မြေအတွင်းရှိ နမ့်တစ်မြို့တွင်ဖွင့်လှစ်ထားသည့် ရွှေဆိုင်အား ဓားပြတိုက်ကာ လူသတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ဝ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သေဒဏ်ပေးမှုသည် ဝပြည်နယ်၏ ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် မူဆယ်မြို့အတွင်း တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ယခုတပတ်အတွင်းတွင် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့နှင့်အတူ ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ၉ မမ ပစ္စတို၊ အမ် ၁၆၊ အမ် ၂၂ စသည့် သေနတ် လေးလက်နှင့် ကျည်ဆန်များလည်း ပါဝင်သည်။

နေရပ်ပြန်များ

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများလည်း ယခုအပတ်အတွင်းတွင် ဆက်လက်ရှိနေသေးပြီး သတင်းဖော်ပြမှုများအရ ထောင်ဂဏန်းဝန်းကျင် ရှိမည်ဖြစ်သည်။ အများစုမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဖြစ်သည်။ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်ဝင်လာသည့် နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားသည် ဧပြီလကုန်မှ ယခု မေ ၁၅ ရက်အထိ  ၄၃၂၅ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ယခုသီတင်းပတ်အတွင်း ထူးခြားမှုအနေဖြင့် တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး နှစ်နိုင်ငံတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသည့် သတင်းတပုဒ်ကိုလည်း တွေ့ရှိရသည်။

တရုတ်နိုင်ငံအတွင်း လူကုန်ကူးခံရသူများ၊ တရားမဝင်နေထိုင်သောကြောင့် ဖမ်းဆီးခံရသူများ ပြန်လည်ပို့ဆောင်ရေး၊ အတင်းအဓမ္မစေခိုင်းခံသူများ၊ လုပ်အားခေါင်းပုံဖြတ်ခံရသူများအား ကူညီရေး၊ ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနှင့် မြန်မာသံရုံး တာဝန်ရှိသူများ တွေ့ဆုံ၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားရေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာဘိုတိုင်းအထည်ချုပ်မှ ယာယီအလုပ်ဖြုတ်ခံရသည့် အလုပ်သမားများနှင့်ပတ်သက်၍လည်း သတိပြုဖွယ်ရာ ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် အလုပ်သမား ၁၀၅ ဦးကို အလုပ်မှ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ စက်ရုံများအနေဖြင့် ကိုဗစ်ကာကွယ်ရေးအတွက် အလုပ်သမားများအကြား ခြောက်ပေခွာ၍ စီစဉ်ရမည်ဖြစ်သောကြောင့် လုပ်သားအင်အား လျှော့ချရခြင်းဖြစ်ကာ အလုပ်သမားများ၏ လုပ်သက်ခံစားခွင့်အပါအဝင် အခြားခံစားခွင့်ငါးမျိုးအတွက် ပေးလျော်ခဲ့သလို အလုပ်မှရပ်နားခြင်းသည် ယာယီသာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ပွင့်လန်းလာပါက မူလရာထူးဖြင့် ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း အလုပ်ရှင်ဘက်မှ ပြောဆိုခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။