ISP China Desk
သမ္မတခရီးအလွန် စကားပြောကြေးနန်းနှင့် ပါတီများနှင့်စုပေါင်းဓာတ်ပုံရိုက်ခြင်း

၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက တရုတ်သမ္မတလည်းဖြစ်၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးစဉ်သည် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အရှေ့အာရှနိုင်ငံများမှသည် ဥရောပနှင့် အမေရိကန်နိုင်ငံအထိ ရိုက်ခတ်ခဲ့ပြီး ဝါရှင်တန်၊ နယူးဒေလီ၊ တိုကျို နှင့်ဆိုးလ်အထိ သတိပေးခေါင်းလောင်းထိုးခဲ့သည်။ သမ္မတရှီနှင့် သမ္မတ ဦးဝင်းမြင့်တို့အကြား စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခဲ့မှုကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြုလျက် ဝါရှင်တန်နှင့် ဘေဂျင်းအကြား တင်းမာမှုမြင့်မားနေဆဲကာလနှင့် တိုက်တိုက်ဆိုင်ဆိုင် အကွက်ရွေ့သည့် သဘောဆောင်နေသည်။ ဘေဂျင်းအနေဖြင့် ကိုဗစ်အလွန်ကာလတွင် နေပြည်တော် အပါအဝင် အာဆီယံနှင့် သံခင်းတမန်ခင်းကို ဗျူဟာမြောက် ချဲ့ထွင်ဖို့ ခြေလှမ်းပြင်နေပြီဟု မှတ်ချက်ပြုရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာတဝှမ်းတိုက်ဖျက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ခေါင်းဆောင်မှုအား တရုတ်နိုင်ငံအနေဖြင့် မြန်မာ အပါအဝင် အခြားနိုင်ငံများနှင့်အတူ ယှဉ်တွဲပံ့ပိုး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိ ကြောင်း သမ္မတရှီကျင့်ဖိန်က သမ္မတဦးဝင်းမြင့်ကို စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။  ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)အပေါ် ဝါရှင်တန်၏ သတိပေးသံများ၊ ဖိအားပေးမှုများ မြင့်မားနေဆဲကာလ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၀ ရက်တွင် တရုတ်သမ္မတနှင့် မြန်မာသမ္မတတို့သည် စကားပြောကြေးနန်းဖြင့် ဆွေးနွေး၊ အမြင်ဖလှယ်ခဲ့ကြသည်။ WHO အကျပ်အတည်းနှင့်စပ်လျဉ်း၍ ဘေဂျင်းအနေဖြင့် နေပြည်တော် အပါအဝင် အာဆီယံနိုင်ငံများကို သူနှင့်တသားတည်း ရပ်တည်ဖို့ စည်းရုံးရေးဆင်းမည့်အရိပ်အယောင်များဟုဆိုလျှင် မှားမည်မထင်မိပါ။

သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ဖြင့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်ရန်၊ ကိုဗစ်-၁၉ တည်ငြိမ်လာသည့်အခါ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်း အမှတ်အခမ်းအနားများ ကျင်းပ၍ နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရန်၊ နယ်စပ်ဒေသ တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်တို့ကို တယ်လီဖုန်းမှတဆင့် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သမ္မတရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန်အဟုန်မပျက် ဆက်အကောင်အထည်ဖော်သွားရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု သ တင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။

ဘေဂျင်းသည် လတ်တလော ကိုဗစ်-၁၉ အကျပ်အတည်းကို ရှေ့တန်းတင်သကဲ့သို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီက လာရောက်ခဲ့သည့် သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်၊ အဆိုပါခရီးစဉ်အတောအတွင်း အကောင်အထည်ဖော်ရန်ဆွေးနွေးခဲ့သည့် စီမံကိန်းများကို ဦးစားပေးဆွေးနွေးခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အေးအတူပူအမျှ၊ ကံတူအကျိုးပေး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဖော်ဆောင်နိုင်ဖို့ ဇောင်းပေးနေပြီး အလွှာပေါင်းစုံနှင့် ထိတွေ့ဆက်ဆံမှုချဲ့ထွင်နိုင်ရေးကို ရှေ့တန်းတင် ဖော်ဆောင်လျက်ရှိသည်။ ဘေဂျင်းသည် ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုကျယ်ကျယ်လောင်လောင် ကြွေးကြော်နေလင့်ကစား နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးတွင် အပေါ်ယံဆန်သည့်သဘော၊ အနှစ်သာရအားနည်းသည့်သဘောများကိုလည်း မြင်နေတွေ့နေရသည်။ မည်သို့ဆို စေကာမူ သမ္မတရှီ၏ မြန်မာနိုင်ငံခရီးစဉ်သည် အလွန်အမင်း အရေးပါခဲ့သည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။

ရှီကျင့်ဖိန်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးလာရောက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြား ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကို အကြောင်းပြုလျက် ၂၀၂၀ ပြည့်နှစ်ကုန်သည့်တိုင် တခုတည်းသော နိုင်ငံရပ်ခြားချစ်ကြည်ရေး ခရီးစဉ်ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ် ကြည်ရေး၊ ကံကြမ္မာတူ၊ အကျိုးတူ အသိုက်အဝန်းပူးတွဲတည်ထောင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ခေတ်သစ်တခုဆီတက် လှမ်းရေးစသည့် ရည်မှန်းချက်များနှင့်အတူ သမ္မတ ရှီကျင့်ဖိန်၏ခရီးစဉ်သည် မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင် အာရှဒေသ၊ အာရှဒေသနှင့် နိုင်ငံတကာ သံခင်းတမန်ခင်းချိန်ခွင်လျှာတို့နှင့် ဆက်စပ်၍ ဗျူဟာမြောက်အရေးပါသောခရီး စဉ်ဖြစ်ခဲ့သည်။

နှစ်သစ်တွင် ပထမဆုံးမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ၏ သံတမန်ဆက်ဆံရေးတခုလုံးတွင် အရေးပါသည့် အိမ်နီးချင်းသံတမန်ဆက်ဆံရေးလှုပ်ရှားမှုဖြစ်ပြီး ကာလတိုတောင်းသော်လည်း အခမ်းအနားအစီအစဉ်အပြည့်နှင့် အောင်မြင်မှုရလဒ်ကောင်းများရရှိခဲ့ကြောင်း၊ သမ္မတရှီသည် နိုင်ငံတော်အခမ်းအနားအစီအစဉ် ၁၂ ခုကို တက်ရောက်ခဲ့သည့်အပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ ၂၉ ခု လက်မှတ်ရေးထိုးခြင်းကို သက်သေပြုခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရှင်းလင်းပြော ကြားခဲ့သည်။  သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၇ ရက် နေ့လည် ၁၂ နာရီ ၅၅ မိနစ်တွင် နေပြည်တော်သို့ ဆိုက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့သဖြင့် မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် ၂၅ နာရီ ၄၀ မိနစ်ကြာမြင့်ခဲ့သည်။ 

မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတရှီ ကျင့်ဖိန်သည် နေပြည်တော်တွင် နိုင်ငံရေးပါတီ ၁၆ ပါတီ၏ ခေါင်းဆောင်များနှင့် နှုတ်ဆက်၍ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားရေးနှစ် စတင်ခြင်းအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ရန် နိုင်ငံရေးပါတီ ၁၇ ပါတီ၏ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။ အဆိုပါအခမ်းအနားမစတင်မီ ရှီကျင့်ဖိန်သည် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ဓာတ်ပုံတွဲရိုက်ခဲ့ခြင်းဖြစ်သည်။ ဖိတ်ကြားခံရသောနိုင်ငံရေး ပါတီများအနက် ၁၀ ပါတီသည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုသည့်ပါတီများဖြစ်ပြီး ပါတီလေး ပါတီမှလွဲ၍ ကျန်ပါတီများသည် လွှတ်တော်များတွင် ကိုယ်စားပြုနေသောပါတီများဖြစ်သည်။

ရှီကျင့်ဖိန်ကို နှုတ်ဆက်၍ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သော နိုင်ငံရေးပါတီခေါင်း ဆောင်များမှာ ဒေါက်တာအောင်မိုးညို (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသန်းဋ္ဌေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးသာထွန်းလှ (ရခိုင်အမျိုးသားပါတီ)၊ စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမောင်ခိုင် (တအာင်းပလောင်အမျိုးသားပါတီ)၊ ခွန်စံလွင်(ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်)၊ ကမ်လမ်ခုပ် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)၊ ဦးရွှေမင်း (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)၊ ဦးသိန်းထွန်း (တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ)၊ စိုင်း အိုက်ပေါင်း (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)၊ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ – မြန်မာ)၊ ဦးခင်နု (ရခိုင့်ဦးဆောင် ပါတီ)၊ နိုးထန်ကပ် (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးသက်ထွန်းမောင် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊ သူရဦးရွှေမန်း (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) နှင့် ဦးကိုကိုကြီး (ပြည်သူ့ပါတီ)  တို့ဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာသည် ဖိတ်ကြားခံရသည့်စာရင်းတွင် ပါရှိခဲ့သော်လည်း စုပေါင်းဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ ဒေါက်တာမနန်တူးဂျာကို ကျန်းမာရေးအခြေအနေမေးမြန်းရာ ဗိုက်အောင့်၍ဆေးသောက်ထားကြောင်း ပြန်ဖြေခဲ့သဖြင့် ကျန်းမာရေးအခြေအနေအရ ချန်လှပ်ထားခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။  ဒေါက်တာမနန်တူးဂျာအနေဖြင့် ကချင်အရပ် ဘက်အဖွဲ့အစည်းများ၏ ပေးစာတစောင်ကို သမ္မတရှီကျင့်ဖိန်ထံ လက်ရောက်ပေးအပ်ရန်လည်း အစီအစဉ်မရှိခဲ့ဟု ကြားသိရသည်။ အကြောင်းကိစ္စတခုခုကြောင့် ဒေါက်တာမနန်တူးဂျာကို သမ္မတရှီကျန့်ဖိန်နှင့် နှုတ်ဆက်၊ ဓာတ်ပုံရိုက်ရာတွင် ချန်လှပ်ထားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သံများလည်းကြားခဲ့ရသည်။ လတ်တလောအခြေအနေတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ဘေဂျင်းနှင့် ဆက်ဆံရေးကောင်းမွန်နေသည်ဟုလည်း ကြားသိရသည်။

ပေါက်ဖော်သံခင်းတမန်ခင်းသည် ဘေဂျင်းနှင့် နေပြည်တော်ဆက်ဆံရေးတွင် ဗျူဟာမြောက်သော့ချက် ကျသထက် ကျလာနေသည်။ အေးအတူပူအမျှ တရုတ်-မြန်မာ အသိုက်အဝန်း၊ တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပူး တွဲတည်ဆောက်ရန် သမ္မတရှီကျင့်ဖိန်က ချစ်ကြည်ရေးခရီးစဉ်အတွင်း တိုက်တွန်းခဲ့သည်။ သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးမှုတွင် အလွန်အရေးပါသည့် သမိုင်းမှတ်တိုင်တခု ဖြစ်လာမည်ဟု မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်အနေဖြင့် ယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့သည်။  ခမ်းနားကြီးကျယ်၍ ဗျူဟာမြောက်အရေးပါသည့် ချစ် ကြည်ရေးခရီးစဉ်ကြီးတွင် သမ္မတရှီကျင့်ဖိန်သည် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တလုံးတပါဒမျှ ဆွေးနွေးအမြင်ဖ လှယ်ခြင်းကင်း၍ စုပေါင်းဓာတ်ပုံ ရိုက်ကူးရုံမျှသာပြုနိုင်ခဲ့သည်မှာ ပါတီနှင့် ပါတီချင်း ဆက်ဆံရေးအခင်းအကျင်းတွင် အလွန် အမင်း အားမလိုအားမရဖွယ်ရာဟု သုံးသပ်ရမည်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးဆုံထောင်းသည် သမ္မတရှီကျင့်ဖိန်နှင့် နှုတ်ဆက်၊ ဓာတ်ပုံရိုက် အစီအစဉ်မတိုင်မီ နိုင်ငံရေးပါတီ ၁၇ ပါတီ၏ ခေါင်းဆောင်များကို မိနစ်သုံးဆယ်ခန့် တွေ့ဆုံခဲ့သော်လည်း နှုတ်ဆက်၊ မိတ်ဆက်သည့် သဘောသက်သက်သာဖြစ်ပြီး၊ သမ္မတရှီကျင့်ဖိန်နှင့် တွေ့ဆုံ၊ နှုတ်ဆက်စဉ် ဆောင်ရန်၊ ရှောင်ရန်များကိုသာ အဓိကအသိပေးပြောကြားခဲ့သည်။ နိုင်ငံရေးပါတီခေါင်းဆောင်များအနေဖြင့် ဝန်ကြီးဆုံထောင်းနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကိုပင် ဆွေးနွေး၊ အမြင်ဖလှယ်နိုင်ခဲ့ခြင်းမရှိပေ။  သို့ဖြစ်၍ သမ္မတရှီကျင့်ဖိန်နှင့် ဝန်ကြီးဆုံထောင်းတို့သည် မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံမှုက နိုင်ငံရေးအရဟန်ပြသက်သက် အစီအစဉ်တခုသာ ဖြစ်ခဲ့ပြီး အနှစ်သာရရှိရှိ တွေ့ဆုံအမြင်ဖလှယ်မှုမဖြစ်ခဲ့ဟု ကောက်ချက် ပြုရမည်ဖြစ်သည်။

သမ္မတရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံချစ်ကြည်ရေးခရီစဉ်အတွင်း နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် စုပေါင်းဓာတ်ပုံရိုက်ပြီး ဓာတ်ပုံနိုင်ငံရေးဆန်ဆန်လုပ်ခဲ့သည့်သဘော သက်ရောက်ခဲ့သည် ဟုလည်း သုံးသပ်မှုများရှိသည်။ မစ္စတာရှီကျင့်ဖိန်သည် နိုင်ငံရေးပါတီ ၁၇ ဖွဲ့မှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ စုပေါင်းဓာတ်ပုံရိုက်ကြသည်ဟု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။  နိုင်ငံရေးပါတီအများစု၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေဖြင့် မြစ်ဆုံစီမံကိန်းအပါအဝင် တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုများအပေါ် စိုးရိမ်ပူပန်မှု မြင့်မားနေဆဲဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးနိုင်ရန် ဆန္ဒရှိနေသူများပင်ဖြစ်သည်။

သမ္မတရှီကျင့်ဖိန်က ၂၁ ရာစု ပိုးလမ်းမသစ်စီမံကိန်း(Belt and Road Cooperation)နှင့်ပတ်သက်၍ ပူးပေါင်းပါဝင် သောနိုင်ငံများ၏ ပြည်သူများ ဆင်းရဲမွဲတေမှုလျော့ချရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး အပါအဝင် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ရှေ့တန်းတင်၊ ဦးစားပေးရန်နှင့် အဆိုပါနိုင်ငံများတွင်လည်း ပြည်သူလူထုဗဟိုပြု ချဉ်းကပ်ဖော်ဆောင်ရန် လမ်းညွှန်ခဲ့သည်ကို ဖတ်ခဲ့ရသည်။  သို့ဖြစ်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများကို သမ္မတရှီကျင့်ဖိန် လမ်းညွန် မှာကြားချက်နှင့်အညီ ဖော်ဆောင်ခြင်းရှိ၊ မရှိ ဘေဂျင်းအနေဖြင့် စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ သို့ရာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် အစိုးရနှင့် အစိုးရချင်းဆက်ဆံရေးကိုသာ ဇောင်းပေးလွန်းခြင်း၊ စီမံကိန်းများနှင့် ဆက်စပ်နေသော ဒေသများမှ ပြည်သူလူထုအများစုကို ကိုယ်စားပြုသည့်နိုင်ငံ ရေးပါတီများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် အမြင်ဖလှယ်ဆွေးနွေးမှု မရှိခဲ့ခြင်းတို့ကို ကြည့်မည်ဆိုလျှင် မြန်မာ နိုင်ငံတွင် သမ္မတရှီ၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူလူထု ဆန္ဒနှင့် အသံကို ဗဟိုပြုလျက် စင်္ကြံလမ်းစီမံကိန်းများ ဖော်ဆောင်ရေး မြေပြင်မှာ ခရီးပေါက်ပါ့မလား စိုးရိမ်ပူပန်မိသည်။

ဘေဂျင်းအနေဖြင့် လက်ရှိအာဏာရပါတီ၊ အာဏာရပါတီဟောင်း၊ အာဏာရပါတီဖြစ်နိုင်ခြေရှိသော ပါတီတို့နှင့်သာ ဦးစားပေး၊ ရှေ့တန်းတင် ဆက်ဆံနေမည်ဆိုလျှင် အမြော်အမြင်ရှိသော ချဉ်းကပ်မှုမဖြစ်နိုင်ဟု ဆန်းစစ်မိသည်။ ဗမာမဟုတ်သော တိုင်းရင်းသားပါတီများနှင့်ဆက်ဆံရေးကို ဗျူဟာမြောက်ချဲ့ထွင်၍ ပါတီနှင့် ပါတီချင်း ဆက်ဆံရေးအခင်းအကျင်းကို ပိုမိုအားကောင်းမောင်းသန်အောင် တည်ဆောက်နိုင်မည်ဆိုလျှင် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး၊ သူလည်း နိုင်၊ ကိုယ်လည်း နိုင် ဖြစ်ရေးတို့အတွက် ပိုမိုခရီးပေါက်လိမ့်မည်ဟု ဆင်ခြင်မိသည်။ ဗမာမဟုတ်သော တိုင်းရင်းသားပါတီများသည်လည်း တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီတို့နှင့် သူလည်း နိုင်၊ ကိုယ် လည်းနိုင်၊ တန်းတူရည်တူဆက်ဆံရေးကို အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့နှင့် အမြင်ဖလှယ်၊ ဆွေးနွေးညှိနှိုင်း၍ တည်ဆောက်ရန် ဆန္ဒစောလျက်ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။

အချုပ်ဆိုရသော် သမ္မတနှစ်ဦးအကြား စကားပြောကြေးနန်းဖြင့် အမြင်ဖလှယ်ဆွေးနွေးခဲ့သည်မှာ ချစ်ကြည်ရေး ခရီးအလွန် ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုအားကောင်းစေလိမ့်မည်ဟု ကောက်ချက်ပြုနိုင်လင့်ကစား သမ္မတရှီ၏ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်သည် နေပြည်တော်တွင်သာ အပြီးသတ်ခဲ့သဖြင့် မြန်မာပြည်သူလူထုနှင့် ကင်းကွာခဲ့ပြီး၊ ပြည်သူ-ပြည်သူချင်း ဆက်ဆံရေးနှင့် အလှမ်းဝေးခဲ့သည်။ နိုင်ငံရေးပါတီများနှင့်လည်း ဓာတ်ပုံနိုင်ငံရေးသက်သက်ဖြစ်ခဲ့သဖြင့် ပါတီ-ပါတီချင်း ဆက်ဆံရေးကလည်း တွင်ကျယ်သင့်သလောက်မတွင်ကျယ်ခဲ့ပေ။ မည်သို့ပင် အလွှာပေါင်းစုံ ဆက်ဆံရေးကို ဦးတည်နေသည်ဟု ဆိုသော်ငြား အစိုးရ-အစိုးရချင်း၊ တပ်မတော်-တပ်မတော်ချင်း ဆက်ဆံရေးဘောင်ထဲတွင် ပိတ်မိနေဆဲပင်ဖြစ်သည်။ ဆန်းသစ်၍ ဖောက်ထွက်မည့် စဉ်းစားချက်အပေါ် အခြေပြုပြောင်းနိုင်၊ ပြင်နိုင်ခြင်းမရှိသရွေ့၊ တရုတ်-မြန်မာဆက် ဆံရေးသည် ပြည်သူလူထုကို ဗဟိုပြုသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး စစ်စစ်ဖြစ်ဖို့ ခဲယဉ်းနေဦးမည်ဖြစ်ပြီး နှစ်နိုင်ငံ သံခင်းတမန်ခင်းသည်လည်း ခဲလေသမျှ သဲရေကျရမည့် ကိန်းဆိုက်မည့်ဘက်သို့သာ ရှေးရှုနေနိုင်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။ 

ဒေါက်တာရန်မျိုးသိမ်း

၂၀၂၀ ခုနှစ်၊ မေ ၂၆ ရက်


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။