ISP China Desk
တရုတ်အကျိုးစီးပွားရေချိန် – နိုင်ငံရေးဘောဂဗေဒအမြင်ဖြင့် ရှုမြင်ရန် ပိုမိုလိုအပ်လာသော အခြေအနေ

✤ အကျဉ်းချုပ်

◉ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နိုင်ငံနဲ့ စုစုပေါင်းကုန်သွယ်မှုဟာ အာဏာမသိမ်းခင် ခုနစ်လက ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကလည်း ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ဂိတ်အချို့ကို ပြန်ဖွင့်ခဲ့ပေမဲ့ တရုတ် ဘက်က မူဝါဒအပြောင်းအလဲ တွေကြောင့် ကုန်သွယ်မှု အကျပ်အတည်း ဆက်ဖြစ်နေပါတယ်။

◉ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဓိကကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့တဲ့အပြင် လအလိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလည်း လျော့နည်းကျဆင်းခဲ့ပါတယ်။ အသစ်ဝင်တာထက် ရှိပြီးသား လုပ်ငန်း တွေမှာ အနည်းငယ်ထပ်မံရင်းနှီးမြှုပ်နှံတာမျိုးပဲ ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်စီမံကိန်း အချို့ တိုက်ခိုက်ခံခဲ့ရသလို စစ်အာဏာရှင်ဖြုတ်ချရေး ခုခံ တွန်းလှန်စစ်တွေ ပိုမိုကျယ်ပြန့် ပြင်းထန်လာတာကြောင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုရင်တောင် ငွေပင်ငွေရင်းနဲ့ ဝင်ရောက် အကောင်အထည်ဖော်ဖို့ ခက်ဦးမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက လုပ်နေပါ တယ်။ ဒါပေမဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကျောရိုး စီမံကိန်းတွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။ တရုတ်ဆန့်ကျင်ရေး ရေချိန်မြင့်လာနိုင်တာနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအခင်း အကျင်းကို တရုတ်ကိုယ်တိုင် တွက်ချက်ပြီး စောင့်ကြည့်နေပုံ ရပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ကတဆင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်တဲ့ လမ်းကြောင်းသစ်ကို ဖွင့်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နှိုးဆော်တာကို အာဏာသိမ်းပြီး ဆယ်လအကြာမှာ ထုတ်ပြောလာပါတယ်။

◉ အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs) အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံ ကာကွယ် ရေးတပ်တွေ (PDF/LDF/CDF/ KNDF စသဖြင့်)နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့် ပြောင်းလဲ လာပါတယ်။ စီးပွားရေးစင်္ကြံ စီမံကိန်းတွေရဲ့ဆုံချက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ EAOs တွေရဲ့ လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေး အရ အသာစီးရဖို့ ကြိုးပမ်းချက်တွေ ရှိနေပါတယ်။ ဒါက ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာ အောင် ကြားခံတည်ဆောက်ထားလိုခြင်းလားနဲ့ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံ ချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

◉ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ တုံ့ပြန်ချဉ်းကပ်ပုံတွေဟာ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်း နိုင်ငံရေး (ဥပမာ- အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှုမျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာမလိုဘဲ အချိန်တန်တာနဲ့ လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓန ဩဇာအားကြီးသူ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးကို တရစ်ချင်း တည်ဆောက်တာ (၃) ကိုဗစ် ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿ နာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ် ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးတဲ့အခါ ဒီအချက် သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေး ဘောဂဗေဒအမြင်က ပိုမိုလိုအပ်လာပါတယ်။

Download as PDF

 

∎ နိဒါန်း

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးလည်း အလှည့် အပြောင်း ဖြစ်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရခေတ်ကလို စစ်အာဏာရှင်တွေဘက်က ရပ်ပြီး ပြောင်ပြောင်တင်းတင်း ကာကွယ်ပြောဆိုတာမျိုးကို တရုတ်က သတိထားလာပါတယ်။ စစ်အာဏာသိမ်းမှုဟာ မြန်မာ့ပြည်တွင်းရေး ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂမှာ သံတမန်ရေးဖိအား ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို ကာကွယ်ပေးတာမျိုးတော့ ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဘက်အသီးသီးဟာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲတရားဥပဒေ မူဘောင်အတွင်း ညှိနှိုင်း ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းတွေ ပြန်စဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ တခါ နိုင်ငံတကာမှာ မျက်နှာမပျက်ရအောင် အာဆီယံကို ကြားခံထားပြီး မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်ခဲ့သလို၊ ဒီလမ်းကြောင်းကို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုကလည်း လက်ခံခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂစင်မြင့်ထက် ကိုယ်စားပြုခွင့်ကို စစ်ကောင်စီ မရခဲ့တဲ့အပြင် တရုတ်-အာဆီယံထိပ်သီးလို တရုတ်ကိုယ်တိုင် ကမကထလုပ်တဲ့ အစည်းအဝေးကိုတောင် စစ်ကောင်စီ ဥက္ကဋ္ဌ တက်ခွင့်မရခဲ့ပါဘူး။

မြန်မာ့အရေးမှာ ဗီလိန်ဖြစ်ချင်ပုံမရတဲ့ တရုတ်ဟာ တချိန်က ရွေးကောက်ခံအစိုးရနဲ့ ပလဲနံပသင့်ခဲ့ပြီး၊ စစ်ကောင်စီကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်တာ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ နွေဦးတော်လှန်ရေး လှုပ်ရှား မှုနဲ့အတူ မြန်မာလူထုရဲ့ တရုတ်ဆန့်ကျင်ရေးရေချိန်က မြင့်တက်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်မှုဟာ ၂၀၁၁ ခုနှစ် မြစ်ဆုံဆည်ဖျက်သိမ်းရေး လှုပ်ရှားမှုနောက်ပိုင်း အမြင့်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကာလအတွင်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြသူတွေရှိခဲ့ပြီး စစ်ကောင်စီကို အကာအကွယ်မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြွေးကြော်လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေထဲက တရုတ်အလုပ်ရုံတချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရတာကလွဲပြီး တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ကြီးကြီးမားမားထိခိုက်ခြင်း မရှိခဲ့ပါဘူး။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနည်းပေါင်းစုံ လှုပ်ရှားမှုအတွင်း တရုတ်စီမံကိန်းကြီးတွေ ထိခိုက်တာမရှိခဲ့ပေမဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကတော့ အာဏာ သိမ်းပြီးနောက်ပိုင်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်တာ အပါအဝင် ကိုဗစ်ကပ်ဘေး ကာကွယ်တားဆီးရေး အစီအမံတွေ ကြောင့် ကုန်သွယ်ရေးဟာ ပုံမှန်လည်ပတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်လာတာလည်း နည်းပါး ခဲ့ပြီး ရှိရင်းစွဲလုပ်ငန်းတွေမှာပဲ ထပ်တိုးရင်းနှီးခဲ့ပါတယ်။ စစ်ကောင်စီကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း အစီအမံအောက်က စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ချင်ပုံ ရပါတယ်။ နယ်စပ် ကုန်သွယ်ရေး ပြန်စနိုင်ဖို့နဲ့ အားကောင်းဖို့အတွက် နည်းပေါင်းစုံသုံး ကြိုးပမ်းနေသလို လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်ငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ လုပ်ဆောင်ဖို့ သဘောတူထားတဲ့ စီမံကိန်းကြီးတွေ အမြန်ပြန်စဖို့ကိုလည်း စစ်ကောင်စီက ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကျောထောက်နောက်ခံ နိုင်ငံကြီးတခုအဖြစ် ရပ်တည်ခဲ့ပြီး၊ အခုလည်း ရပ်တည်ဆဲဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းဆိုင်ရာ အချက်အလက်တွေက တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒစဉ်းစားချက်တွေအပေါ် တစုံတရာ ထင်ဟပ်စေပါတယ်။ ဒါကြောင့် ISP-Myanmar က အခုဖော်ပြမယ့် အထူးကဏ္ဍမှာ ၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးစင်္ကြံစီမံကိန်းတွေရဲ့ အခြေအနေကို စုစည်းဖော်ပြပေးပါမယ်။

 

◉ ကျဆင်းနေသော တရုတ်-မြန်မာ ကုန်သွယ်ရေး

ဒီမိုကရေစီ အသွင်ကူးပြောင်းကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးက တနှစ်ထက်တနှစ် တိုးတက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်သက်ရောက်တဲ့အချိန် (၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်) မှာတောင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ပိုမို ကုန်သွယ်နိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့ကုန်သွယ်ရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လ (၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ) မှာ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ)မှာတော့ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါးပဲ ရှိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက လေးပုံတပုံခန့် ကျဆင်းသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေက တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန် နဲ့ အိန္ဒိယတို့ဖြစ်ပြီး ဒီအထဲမှာမှ တရုတ်နိုင်ငံတခုတည်းရဲ့ ကုန်သွယ်မှုဟာ မြန်မာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံဝန်းကျင်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ဒါကြောင့် တရုတ်နဲ့ ကုန်သွယ်မှု အတက်အကျက မြန်မာ့ ပြည်ပကုန်သွယ်မှုအပေါ် သက်ရောက်မှု ကြီးမားပါတယ်။

စစ်အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နဲ့ စုစုပေါင်းကုန်သွယ်မှုဟာ စစ်အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျော်ကျဆင်းခဲ့ပါတယ်။ ဒါဟာ တရုတ်-မြန်မာကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံ ကျော်ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးဟာ အနိမ့်ဆုံး တလ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ခန့်ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ စံချိန်တင်ကျဆင်း သွားပါတယ်။ ဒီကျဆင်းမှုဟာ တရုတ်-မြန်မာ ကုန်သွယ်မှုပြုလုပ်တဲ့ ကာလတလျှောက် ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုက နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာကြောင့် ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီးတော့ တရုတ်-မြန်မာ စုစုပေါင်းကုန်သွယ်မှု ပမာဏရဲ့ ထက်ဝက်ခန့် ကူးသန်းရောင်းဝယ်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ မြန်မာဘက်က တရားဝင်သတ်မှတ်ထားတဲ့ ကုန်သွယ်ရေးစခန်း ငါးခုရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လမှာ ကျိုင်းတုံနယ်စပ်စခန်း တခုကလွဲလို့ ကျန်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု မှာ ကုန်သွယ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံး ဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းမှာဆိုရင် အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး ကျသွားပါတယ်။

နယ်စပ်ကုန်သွယ်ရေး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုကတော့ မြန်မာနိုင်ငံ (အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း)မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုတွေကြောင့် တရုတ်အစိုးရက နယ်စပ်ဂိတ် အဝင်အထွက်ကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်စပြုတဲ့ ဇူလိုင်လမှာ နယ်စပ်ဂိတ်အများစုကို တရုတ်က လုံးဝပိတ်ချခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ (၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ)တွေမှာ သိသိသာသာ ကျဆင်းမှု မရှိခဲ့တာက သတိချပ်စရာဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု တွေကလည်း နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။

တရုတ်ရဲ့ နယ်စပ်ပိတ်မူဝါဒက စစ်ကောင်စီအတွက် ပြင်းထန်တဲ့ရိုက်ချက်တွေ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကနေ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကုန်သွယ်မှု ပြုလုပ်ရင် မြန်မာအစိုးရအနေနဲ့ အခွန်အခအဖြစ် အမေရိကန်ဒေါ်လာ လေးသန်း လောက် ရရှိတယ်လို့ မူဆယ်ဒေသခံ ကုန်သည် တဦး ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြဖူးပါတယ်။ အာဏာသိမ်းပြီး ခုနစ်လအကြာမှာ အာဏာမသိမ်းခင် ခုနစ်လကထက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၁,၈၀ဝ နီးပါး ကျဆင်းခဲ့တာ ကြောင့် စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဆုံးရှုံးသွားတယ်လို့ အကြမ်းဖျင်း တွက်နိုင် ပါတယ်။ နယ်စပ်ကုန်သွယ်ရေးထဲကမှ ပို့ကုန်၊ သွင်းကုန် အပိုင်းကို ကြည့်ရင်လည်း ထူးထူးခြားခြားပဲ ပို့ကုန်က သွင်းကုန်ထက် ပိုများခဲ့ပါတယ်။

စစ်ကောင်စီကတော့ နယ်စပ်ပြန်ဖွင့်ဖို့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကစပြီး ကျင်စန်းကျော့ဂိတ်ကို စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုပါ အကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့ ပါတယ်။ ကွန်တိန်နာစနစ်၊ အစားထိုးယာဉ်မောင်းစနစ်တွေ ပြောင်းလဲခဲ့တာကြောင့် ကုန်ကျစရိတ် ပိုများခဲ့ပြီး အရင် ကုန်သွယ်မှုလုပ်ခြင်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်း လောက်ပဲ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့နှုန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးဖြစ်နေပြီး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ရဲ့ ခြိမ်းခြောက်မှုလည်း ရှိလာပါတယ်။ ဒီမျိုးကွဲသစ်သာ မြန်မာ၊ ဒါမှမဟုတ် တရုတ်နိုင်ငံ အတွင်းမှာ ကူးစက်လာခဲ့မယ်ဆိုရင်၊ အထူးသဖြင့် ယူနန်ပြည်နယ်ထဲမှာ တွေ့ရှိ မယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေဟာ ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းနေခဲ့ပြီး အချိန်တိုအတွင်း ပုံမှန် ပြန်ဖြစ်ဖို့ ခက်ခဲပါဦးမယ်။

 

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရခေတ်တွေမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ခမ်းခြောက်ခဲ့ပြီး တရုတ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေသာ ထိပ်တန်းမှာရှိခဲ့ပါတယ်။ အဲဒီနောက် ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလ ဆယ်စုနှစ်အတွင်းမှာလည်း အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို အများအပြား ဆွဲဆောင်နိုင်စွမ်းမရှိခဲ့ဘဲ ဒေသတွင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကသာ ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ဝင်ရောက်ခဲ့လဲဆိုတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံကြီးတွေရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှု အခန်းကဏ္ဍတွေကို ချဉ်းကပ်လေ့လာရာမှာ အရေးပါတဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံက ၁၄ ဒသမ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု က အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော်၊ ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်၊ ဗြိတိန်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကျော် ရင်းနှီးခဲ့တာကိုကြည့်ရင် ဒေသတွင်းနိုင်ငံတွေထက် သိသိသာသာ နည်းပါးခဲ့တာကို မြင်သာပါတယ်။

တခါ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်‌ရောက်ခြင်းက အပြောင်းအလဲ အတက်အကျ များစွာ ရှိခဲ့ပါတယ်။ ဥပမာ- ၂၀၁၁ ခုနှစ် မြစ်ဆုံ ဆည်စီမံကိန်း ရပ်တန့်ပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြုပ်နှံမှု ပမာဏ ၁၈ ဆ လောက် ကျသွားတာမျိုးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးကိစ္စကလည်း ရင်းနှီးမြှုပ်နှံ မှုကဏ္ဍအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားကြီးမားတဲ့ သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်လာပါတယ်။

အာဏာမသိမ်းခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နဲ့ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွေကို ကြည့်ရင် အာဆီယံ၊ တရုတ်၊ အိန္ဒိယ စတဲ့ အာရှဒေသတွင်းနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်တိုက် ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုကျဆင်းနေမှုကို စစ်အာဏာသိမ်းမှုက ထပ်မံ ထိုးနှက်ခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့ပေမဲ့ ဒါဟာ တိုက်ရိုက်ဝင်ရောက်ခဲ့တာမျိုး မဟုတ်ဘဲ ဗြိတိသျှဗားဂျင်းကျွန်းစု ကတဆင့် ဝင်ခဲ့တာမျိုးဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာသွားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ၂၀ ကျော်ရှိပြီး အဲဒီ စီးပွားရေးလုပ်ငန်းတွေထဲမှာ တရုတ် စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အာဏာမသိမ်းခင် ခုနစ်လနဲ့ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုပမာဏကို နှိုင်းယှဉ်တဲ့အခါ ပမာဏအားဖြင့် သိသိသာသာ လျော့နည်း သွားပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်၊ ဩဂုတ် စတဲ့လတွေမှာ လစဉ် အမေရိကန်ဒေါ်လာ တသန်းအောက်ပဲ ဝင်ခဲ့ပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကလည်း လုပ်ငန်းသစ် ဝင်ရောက်လာတာမျိုးမဟုတ်ဘဲ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်း တွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လ တွေမှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုကလွဲပြီး အခြားပြည်ပရင်းနှီးမြှုပ်နှံမှု တစုံတရာ ဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဟောင်ကောင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ V Power စွမ်းအင်ကုမ္ပဏီဟာ မူလက လုပ်ပိုင်ခွင့်ရထားတဲ့ မြင်းခြံ စွမ်းအင် စီမံကိန်း အမှတ်-၁ နဲ့ ကျောက်ဖြူ စွမ်းအင်စီမံကိန်း အမှတ်-၂ တို့ကို အာဏာသိမ်းပြီးနောက်ပိုင်း စာချုပ် သက်တမ်းမတိုးတော့ဘဲ လုပ်ငန်းရပ်နားခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ခုအတွင်း ကဏ္ဍအလိုက် ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘဏ္ဍာနှစ် နှစ်ခုလုံးမှာ စွမ်းအင်ကဏ္ဍ ဝင်ရောက်မှုဟာ အများဆုံးဖြစ်ပါတယ်။ အခုလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပမာဏရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင် စွမ်းအင်စီမံကိန်းကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကထက် စွမ်းအင်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း နှစ်ဆနီးပါး မြင့်တက်သွားပါတယ်။ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကလည်း ဆိုလာစီမံကိန်းတွေမှာ လုပ်ကိုင်ဖို့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တာမျိုးကိုလည်း တွေ့ရပါတယ်။

ကုန်ထုတ်လုပ်ရေးကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၁၅ သန်းကျော် ဝင်ခဲ့တာကနေ ၂၆၂ သန်းကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ အခြားဝန်‌ဆောင်မှု ကဏ္ဍတွေမှာလည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းချိန်မှာ စစ်ကောင်စီဟာ တရုတ်အတွက် အရေးပါတဲ့ စီမံကိန်းကြီးများကို ခွင့်ပြုပေးပြီး ကျားကန်ဖို့ ကြိုးစားနေပုံရပါတယ်။ ၂၀၂၁ ခုနှစ် မေလအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) မှာပါဝင်တဲ့ မီးလင်းချိုင်စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ဗြိတိသျှဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ကနေတဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ထည့်တွက်ရင် အာဏာသိမ်းပြီး ခုနစ်လတာကာလမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂,၅၃၈ ဒသမ ဝ၄၃ သန်း ရှိပါမယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ဖယ်ထုတ်လိုက်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော်ပဲ ရှိပါမယ်။

ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တရုတ်ဆန့်ကျင်ရေး အရှိန်မြင့်မားမှုတွေကြောင့် တရုတ်အနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ်နေပုံရပါတယ်။ တဖက်မှာတော့ ၂၀၂၁ ခုနှစ် မတ်လအတွင်း တရုတ်အလုပ်ရုံ တွေ မီးရှို့တိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားထုတ်ပြန်ခဲ့တာ၊ ဒီလို တိုက်ခိုက်ခံရမှု ဖြစ်ခဲ့တဲ့ နယ်မြေတချို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာ၊ တခါ အရေးကြီးတဲ့ တရုတ်စီမံကိန်း တွေမှာ စစ်ကောင်စီက လုံခြုံရေးရယူပေးတာတွေကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို နှစ်ဖက်စလုံးက သတိထားပုံရပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံအနှံ့ ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပြီး နောက်တရက်မှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ‘မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် စီးပွားရေးလုပ်ငန်း တွေဟာ အနှောင့်အယှက်များနဲ့ ရင်ဆိုင်နေရကြောင်း’ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကိုကြည့်ရင်လည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ စီမံကိန်း အကျိုးစီးပွားတွေအပေါ် စိုးရိမ်စိတ်ရှိနေတာ မြင်သာ ပါတယ်။ ဒါကြောင့် လတ်တလောမှာ စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြု ခွင့်ပြုပေးရင် တောင် လက်တွေ့မှာ ငွေပင်ငွေရင်းနဲ့ ဝင်လာဖို့ခက်ဦးမယ်လို့ ဆိုနိုင်ပါတယ်။

 

◉ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများအခြေအနေ

ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road Initiative) ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို NLD အစိုးရလက်ထက်မှာ စတင် အဆိုပြုခဲ့ပါတယ်။ မိုင်ပေါင်း ၁,ဝဝဝ ကျော်ရှည်လျားမယ့် အင်္ဂလိပ်အက္ခရာ ‘Y’ ပုံသဏ္ဌာန် စီးပွားရေးစင်္ကြံဟာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို နယ်စပ်စီးပွားရေးဇုန် စီမံကိန်းကြီးတွေ၊ အမြန်လမ်းမကြီးတွေ၊ မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း၊ စက်မှုမြို့သစ်၊ ကုန်းတွင်းဆိပ်ကမ်းတွေ၊ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ၊ ကုန်လှောင်ရုံကြီးတွေနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက NLD အစိုးရ လက်ထက်မှာ တရားဝင်အဆိုပြုခဲ့တဲ့ ရပ်ဝန်း လမ်းကြောင်းစီမံကိန်း စုစုပေါင်း ၃၃ ခုထက်မနည်း ရှိခဲ့ပါတယ်။ တကယ်တော့ အဲဒီအထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းကြီးတွေဟာ စီးပွားရေးစင်္ကြံကို တရားဝင် မကြေညာခင်ကတည်းက အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက် ထက်မှာရော ဦးသိန်းစိန်အစိုးရ လက်ထက်မှာပါ တရုတ်က အစဉ်တစိုက် ကြိုး ပမ်းခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးစင်္ကြံအောက်က စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ NLD အစိုးရ လက်ထက်မှာ ဖိအားပေးတိုက်တွန်းတာတွေကို တရုတ်က အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ ပင်မစီမံကိန်းတွေလို့ သတ်မှတ်လိုက်တဲ့ ‘ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန် မြို့သစ်စီမံကိန်းနဲ့ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေ’ကို အမြန်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းတွေရဲ့ တင်ပြချက်တွေကို ပြန်လည်စစ်ဆေးတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်လျှော့ချတာ၊ ရှယ်ယာခွဲဝေမှု ပြန်လည်ညှိနှိုင်းတာ၊ တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်ဖို့ဖိတ်ခေါ်တာတွေကြောင့် NLD အစိုးရလက်ထက်မှာ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ အဓိကကျတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့တာတွေ ရှိပါတယ်။ အာဏာသိမ်းပြီး တလအကြာမှာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ မူဝါဒချမှတ်မှုအပိုင်း၊ စီမံခန့်ခွဲမှုနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုတွေမှာ ကိုင်တွယ်မယ့် ကော်မတီ တွေကို ပြန်¸ခဲ့ပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတဲ့ ‘အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ ဒေါ်လာ ၂၂ ဒသမ ၄ သန်းတန် ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း’ တွေကို စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ပေးခဲ့ပါတယ်။ စီမံကိန်းနှစ်ခု စလုံးဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ ကိုဗစ်ကန့်သတ်မှုနဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် အောက်ခြေမှာ အမှန်တကယ် တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ အရေးအပါဆုံးဖြစ်စဉ်က ‘တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ်’ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အချက်အခြာ ကျတဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းနဲ့ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ ချိတ်ဆက်ရေးအတွက် အရေးပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံတံတားသစ်ကို ၂၀၂၃ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းမှုဇုန်မှာ အဓိကလမ်းကြောင်းဖြစ်လာမယ့် ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ဂိတ်ပေါက်အသစ် ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ကွင်းဆင်းလေ့လာတာတွေ၊ ဝန်ကြီးအဆင့်ဆွေးနွေးမှုတွေ ရှိပေမဲ့ ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် တွေကို ပိတ်ထားရတာတွေ၊ နယ်စပ်မှာ ကုန်သွယ်မှုမမျှတခြင်းနဲ့ တင်းမာမှုတွေကြောင့် ရှေ့ဆက်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အတူတကွအကောင်အထည်ဖော်ရေးကို အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ် ပြောဆို လာပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မူဝါဒအပြောင်းအလဲလုပ်တဲ့အခါမှာ အာဘော် ဖန်တီးလေ့ရှိတာကြောင့် ဒီလို ပြန်လည်ပြောဆိုလာတာဟာ သတိချပ်စရာဖြစ်ပါတယ်။ ဆွေးနွေးနေဆဲ စီမံကိန်းတွေကို အလျင်အမြန် အတည်ပြုဖို့ ကြိုးပမ်းမှုတွေ ရှိလာနိုင်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ဘေး ထိန်းချုပ်ကန့်သတ်မှု တွေကြောင့် စီမံကိန်းတွေ မြေပြင်မှာ အကောင်အထည်ဖော်ဖို့တော့ စိန် ခေါ်မှုတွေ များစွာရှိနေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်ရေးဂိတ်တွေပိတ်တာ၊ တံတိုင်းတွေ တည်ဆောက်ပြီး နယ်စပ်ကိုတင်းကျပ်တဲ့ မူဝါဒနဲ့ နှစ်နိုင်ငံနယ်စပ် ကူးလူးဆက်ဆံရေးကို ဦးတည်တဲ့ စီးပွားရေး စင်္ကြံစီမံကိန်းဟာ ပြဒါးတလမ်းသံတလမ်း ဖြစ်နေပါတယ်။ ဒါ့အပြင် မြစ်ဆုံဆည်စီမံကိန်းကရတဲ့ အတွေ့အကြုံ အရ မြန်မာပြည်သူလူထုရဲ့ တရုတ်နိုင်ငံနဲ့ တရုတ်စီမံကိန်းတွေအပေါ်ထားတဲ့ သဘောထားဟာလည်း စီးပွားရေး စင်္ကြံလမ်း စီမံကိန်းတွေ အဓိကရင်ဆိုင်ရမယ့် စိန်ခေါ်မှုပဲဖြစ်ပါတယ်။

 

◉ တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ

မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသများမှာ အများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် (EAOs) အနည်းဆုံး ခုနစ်ဖွဲ့ထက်မနည်း လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကြီးတွေ အခြေတည်မှာဖြစ်သလို မူဆယ်-မန္တလေးရထား လမ်းလို စီမံကိန်းကလည်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ မြို့နယ်တွေကို အများဆုံးဖြတ်သန်းပြီး တည်ဆောက်ရမှာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ EAOS တွေ အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ် ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ် (PDF/LDF/CDF/KNDF စသဖြင့်) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့်ပြောင်းလဲလာပါတယ်။

ဒါ့အပြင် စီးပွားရေးစင်္ကြံစီမံကိန်းများရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသား လက်နက် ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေက ပဋိပက္ခအခင်းအကျင်းကို အဓိကပုံဖော်နေပါတယ်။

SSPP အဖွဲ့ဟာ (တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့) တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ် အတွင်း ထိုးစစ်ဆင်ခဲ့တာကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူထိန်းချုပ်ထားတဲ့ နယ်မြေ အများအပြားဆုံးရှုံးခဲ့ရပါတယ်။ ဒီအထဲကမှ RCSS အဖွဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့ မန့်ဟီးရိုးမြို့နယ်က လှုပ်ရှားနယ်မြေတွေဟာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်က ပြင်ဆင်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ တခါ မူဆယ်-မန္တလေး ရထားလမ်းဖြတ်သွားမယ့် ကျောက်မဲမြို့နယ်အတွင်းက နယ်မြေတွေကိုလည်း RCSS အဖွဲ့ ဆုံးရှုံးခဲ့ရသလို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အထိ နယ်မြေဆုတ်ခွာ ပေးရခြင်းတွေ ရှိခဲ့ပါတယ်။

ထူးခြားချက်တခုက ရှမ်းပြည်မြောက်ပိုင်းမှာ RCSS အဖွဲ့ကို အပြင်းအထန် တိုက်ထုတ်ပြီး စစ်ရေးအရ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အားသာနေချိန် ဩဂုတ်လကုန်ပိုင်းမှာ တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီပြေးဆွဲမှုမတိုင်မီ ဇူလိုင်လထဲ စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ မူဆယ်မြို့နယ် မုန်းကိုးမြို့အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်နီးပါး ဖြစ်ခဲ့ပါသေးတယ်။ အခုချိန်အထိလည်း MNDAA အဖွဲ့ရဲ့ တိုက်ပွဲဆင်မှုတွေ ဆက်ရှိနေ ပါတယ်။

MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသမှာ လှုပ်ရှားနေရာက မုန်းကိုး၊ ဖောင်းဆိုင် အထိ နယ်မြေချဲ့ထွင်လာသလို သိန္နီဘက်ကိုလည်း လှုပ်ရှားလာတာကို တွေ့ရပါတယ်။ သိန္နီလမ်းကြောင်းဟာ ချင်းရွှေဟော်ကနေ ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်ရဲ့ အစိတ်အပိုင်းဖြစ်လာမှာက သတိပြု စရာပါပဲ။ မူဆယ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲနဲ့ ကြူကုတ်-ပန်ဆိုင်းမြို့နယ်ခွဲတွေမှာပါ စစ်ကောင်စီနဲ့ MNDAA အဖွဲ့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါတယ်။ မြင်သာတဲ့အချက်တခုက အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ MNDAA အဖွဲ့က အခြေစိုက်စခန်း ချဲ့ထွင်လိုတဲ့ အနေအထားကိုပါ တွေ့မြင်ရပါတယ်။ ကြူကုတ်-ပန်ဆိုင်းဘက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေရာမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်ဘက်က ရည်မှန်းထားပါတယ်။ MNDAA အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည်ကျခဲ့တာတွေ ရှိခဲ့ပြီး မြန်မာသံအမတ်ကို တရုတ်ဘက်က ချက်ချင်းခေါ်တွေ့ပြီး သတိပေးမှု လုပ်ခဲ့ပါတယ်။

နိုင်ငံအနှံ့ အပြန်အလှန်ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း တရုတ်နဲ့နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေရဲ့ စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေ စိုးမိုးမှုနဲ့ စစ်ရေးအရအသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာအောင် ကြားခံတည်ဆောက်ထားလိုခြင်း၊ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

 

∎ နိဂုံး

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေကနေ သုံးသပ်ရင် မြန်မာ့အရေး ကိုင်တွယ်ရာမှာ တရုတ်နိုင်ငံရဲ့ မူဝါဒကို လွှမ်းမိုးပုံဖော်တဲ့ အခြေခံစဉ်းစားချက် သုံးချက်ကို တွေ့ရပါတယ်။ ပထမတချက်ကတော့ နယ်စပ်တလျှောက် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်ခဲ့တာတွေအပြင် နယ်စပ်ခြံစည်းရိုးတွေကို အရှိန်မြှင့် တည်ဆောက်ခဲ့တာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ လူမှုစီးပွား ဂယက်တွေ တရုတ်နိုင်ငံဘက်ကို လျှံကျမလာရေး ဦးစားပေး ကိုင်တွယ်နေတယ် လို့ သုံးသပ်ရပါတယ်။ နယ်စပ်ကုန်သွယ်ရေး အလုံးစုံ ပြန်လည်ဖွင့်ဖို့ ကြိုးပမ်းမှုတွေရှိနေပေမဲ့ ကပ်ဘေးနဲ့ နိုင်ငံရေး အခြေအနေ ပေးထားချက်တွေအရတော့ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ အလားအလာ နည်းနိုင်ပါတယ်။ ဒုတိယတချက်ကတော့ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေမှာ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေ နယ်မြေစိုးမိုးဖို့ ဆောင်ရွက်လာတာကလည်း မြန်မာ့နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး စဉ်းစားချက်ကို လျစ်လျူရှုထားလို့ မရနိုင်တာကို ဖော်ပြနေ ပါတယ်။ နောက်ဆုံးတချက်ကတော့ စစ်ကောင်စီအနေနဲ့ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ အားထုတ်ကြိုးပမ်းမှုတွေရှိပေမဲ့ တရုတ်နိုင်ငံဘက်ကနေ သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတာဟာလည်း နိုင်ငံရေးအကဲဆတ်မှုတွေကြောင့် (နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းမှာ တရုတ်ကို ဗီလိန်အဖြစ် လုံးလုံး လျားလျား ရှုမြင်ခံရမယ့်အရေး ရှောင်ရှားချင်တာကြောင့်) စီမံကိန်းတွေကို တွန်းတွန်းတိုက်တိုက်မလုပ်ဘဲ အချိန်တခုကို စောင့်နေတယ်လို့ သုံးသပ်ရပါ တယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျတဲ့ စီမံကိန်းတွေဖြစ်ပြီး တရုတ်သမ္မတခရီးစဉ်အတွင်း အကောင် အထည်ဖော်ဖို့ တိုက်တွန်းထားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-ရွှေလီ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဘက်က တွန်းတွန်းတိုက်တိုက် ပြင်ဆင်တာတွေ ရှိနေပေမဲ့ တကယ်တမ်း အောက်ခြေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိသေးပါဘူး။ အခြား အရေးပါတဲ့ တရုတ်စီမံကိန်းကြီးတွေကိုလည်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ ဆွေးနွေး ပြင်ဆင်တာတွေ ရှိပေမဲ့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်မှုတွေ မရှိခဲ့တာ တွေ့ရပါတယ်။

အထူးသဖြင့် တရုတ် အကျိုးစီးပွား ရေချိန်ကို စဉ်းစားတဲ့အခါ အမြင်ဟောင်း ဖြစ်တဲ့ ‘မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရတိုင်းကို သူ့အစိုးရသဖွယ် သဘောထားပြီး ကာကွယ်မှုပေးလိမ့်မယ်’ဆိုတဲ့ ရှုမြင်ချက်က လုံလောက်မှု မရှိတော့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ တုံ့ပြန် ချဉ်းကပ်ပုံတွေကို ပိုင်းခြားတဲ့အခါ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်းနိုင်ငံရေး (ဥပမာ အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှု မျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာ မလိုဘဲ အချိန်တန်တာနဲ့ တပြိုင်နက်လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓနဩဇာအားကြီးသူ၊ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးဖြစ်အောင် တရစ်ချင်းတည်ဆောက်တာ (၃) ကိုဗစ်ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ်ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးရာမှာ ဖော်ပြပါအချက်သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေးဘောဂဗေဒအမြင် ပိုမိုလိုအပ်လာပါတယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။