ISP China Desk
တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ

ISP’s OnPoint
ကနဦးသုံးသပ်ချက် (အမှတ် – ၃)

ယခုဖော်ပြသည့် ISP’s OnPoint ကဏ္ဍတွင် လတ်တလော ဖြစ်ပေါ်နေသော ထူးခြား အရေးပါသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ဆီလျော်မည့် ကနဦး သုံးသပ်ချက်များကို ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားရေးသားပြီး ဖြစ်တန်ခြေများအား ISP-Myanmar က အကဲဖြတ် ဖော်ပြသွားပါမည်။

 

∎ ဖြစ်ရပ်အချက်အလက်

တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ခဲ့ပါတယ်။ အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီထိပ်သီးညီလာခံ မစခင် ငါးရက်အလိုမှာ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။ ဒီစာတမ်းဟာ ဒီမိုကရေစီစနစ်အပေါ် အနောက်နိုင်ငံတွေက လက်ဝါးကြီးအုပ် လွှမ်းမိုး ခြယ်လှယ် အဓိပ္ပါယ်ဖွင့်ဆိုမှုကို တွန်းလှန်လိုက်ခြင်းဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးခဲ့ပါတယ်။

∎ ကနဦးသုံးသပ်ချက်

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး အင်အားတောင့်တင်းလာတဲ့ အချိန်မှာ သူ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေ၊ တန်ဖိုးတွေ၊ စံနှုန်းတွေကို ပိုပြီး ယုံကြည်မှုရှိရှိ ဖော်ထုတ်လာပါတယ်။ တရုတ်ရဲ့ ဒီမိုကရေစီဟာ လူထုလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်တယ်၊ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေ မရှိပေမဲ့ ပြည်သူလူထုရဲ့အသံတွေကို ဆွေးနွေးတဲ့နည်းနဲ့ ပါဝင်စေတဲ့စနစ်ဖြစ်တယ်၊ လူထုအကျပ်အတည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ (ဥပမာ-ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် ဆောင်ကြဉ်း ပေးနိုင်စွမ်းနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးမှာ အစွမ်းပြနိုင်တဲ့စနစ်ဖြစ်လို့ အနောက်နိုင်ငံတွေ (အမေရိကန်)ရဲ့စနစ်ထက် သာလွန်အလုပ်ဖြစ်တယ်လို့ တရုတ်ကဆိုပါတယ်။ ဒါက ၂၀၁၈ ခုနှစ်တုန်းက တရုတ်သမ္မတရှီကျင့်ဖျင်ပြောတဲ့“ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးကို တရုတ်က ဦးဆောင်မယ်”ဆိုတဲ့ သဘောထားအပေါ် ခြေရာထပ်ပြောတာပါပဲ။ တနည်းအားဖြင့် ပညာရှင်တချို့ အကြားမှာပါ ရေပန်းစားတဲ့ အမေရိကန်နဲ့အနောက်ဒီမိုကရေစီဩဇာကျနေပြီ၊ အနာဂတ်ဟာ အာရှမှာ တရုတ်မော်ဒယ်သာ အသာရမှာဆိုတဲ့ ဟောကိန်းတွေကို သံယောင်လိုက်နေသလိုပါပဲ။ တရုတ်က သူ့ဒီမိုကရေစီကောင်းတယ်၊ လူထုအကျိုးကျေးဇူး တိုက်ရိုက်ဖြစ်ထွန်းစေတယ်ဆိုပြီး အပျော့ဆွဲအာဏာ ဩဇာ (soft power)ရှိအောင် တရားထူထောင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ လက်ခံအောင် ဆွဲဆောင် အားထုတ်နေ တာပါ။ ဒါပေမဲ့ အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစီ ထိပ်သီးညီလာခံမှာ အဲဒီဖွံ့ဖြိုးဆဲနိုင်ငံ တွေအများစုပါတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော် ဖိတ်ကြားခံရပြီး ပါဝင်တက်ရောက်ကြတဲ့အခါ တရုတ်အတွက် အူနုကျွဲခတ်ဖြစ်ရတာ မြင်သာပါတယ်။

မြန်မာ-တရုတ်ဆက်ဆံရေးမှာလည်း မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းခဲ့ရတဲ့နောက်ပိုင်း အပျော့ဆွဲအာဏာဩဇာ (soft power) ပြန်ရအောင် အလွှာစုံဆက်ဆံရေးတွေထူထောင်ပြီး တရုတ်က အားထုတ်ခဲ့ပါတယ် (ISP-Myanmar၏ သုတေသန လက်ထောက်ဒါရိုက်တာ ခင်ခင်ကျော်ကြီး ရေးသား ခဲ့သော “တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ” စာတမ်း ကိုရှုပါ)။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာဆိုရင် တရုတ်က အစိုးရဝန်ကြီး ဌာနချင်း၊ ပါတီချင်း၊ အရပ်ဘက်အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေကအစ ထောင့်စေ့အောင် ရင်းနှီးကျွမ်းဝင် အောင် ဆက်ဆံရေးတည်ဆောက်တဲ့ စောင်မပေးကမ်းမှုအလယ် ဩဇာလွှမ်းမိုးနိုင်အောင်အဆုံး ကြိုးပမ်းခဲ့တာပါ။ နယ်စပ်ချင်းဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာမက အရင်က လက်လှမ်းမမီတဲ့ တိုင်းရင်းသားဒေသတွေအထိပါ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစသဖြင့် လက်တံ ရှည်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့အကြားမှာ တရုတ်ပုံစံ “တရုတ်မော်ဒယ်”ကို ဗြောင်တမျိုး သွယ်ဝိုက်တမျိုးနဲ့ သာသာထိုးထိုး အားကျခဲ့ကြတာအထိ ဖြစ်ခဲ့ ပါတယ်။ ဥပမာအားဖြင့် မြစ်ဆုံပြန်စတာဟာ တိုင်းပြည်အတွက်အကျိုးရှိမယ်၊ အမည်ပျက်စာရင်း ပေါက်ခဲ့ဖူးတဲ့ တရုတ်ကုမ္ပဏီဖြစ်ပေမဲ့ ရန်ကုန်မြို့သစ်ကို တကယ်အဆင့်မီ တည်ပေးနိုင်မှာပါ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းက သိပ်အကျိုးများမယ်၊ ဒါ့အပြင် တရုတ်အစိုးရလို လူမျိုးစုတွေ အပေါ် နေရာပေးတဲ့ မူဝါဒမျိုးရှိရင်ကို ကောင်းနေပါပြီဆိုတာမျိုးတွေပါ။

 

➥ “တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ” စာတမ်းကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
Download PDF

 

ဒါပေမဲ့ အဲဒီလို အားတက်သရောဖြစ်မှု၊ အားကျမှုတွေဟာ နွေဦးတော်လှန်ရေးနဲ့အတူ နေလာနှင်းပျောက် ဆိုသလို ဖြစ်သွားတာကိုလည်း သတိချပ်ကြရမှာပါ။ တရုတ်ဟာ နိုင်ငံတကာ (အထူးသဖြင့် လုံခြုံရေး ကောင်စီ) မှာ စစ်ကောင်စီကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ သဘောထားမျိုးနဲ့ တရုတ်ဆန့်ကျင်ရေး ခံ စားချက်တွေပြန်အားကောင်းလာတာ မြင်သာပါတယ်။ တရုတ်အတွက်တော့ ပြီးခဲ့တဲ့ ခုနစ်နှစ်တာ ကာလ အတွင်း အလွှာစုံဆက်ဆံရေးမျိုးစုံနဲ့ အားထုတ်ခဲတာတွေ ခဲလေသမျှ သဲရေကျရလို့ ခံပြင်းနေနိုင်ပါ တယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးမျိုးဆက်သစ်တွေရဲ့ တော်လှန်ရေး အရှိန်တငြီးငြီး ဒီရေမြင့်နေတဲ့ မြန်မာမှာ တရုတ်မော်ဒယ်ဟာ မျက်နှာမပွင့်တော့ဘူး ဆိုတာ သေချာပါတယ်။

 

∎ဖြစ်တန်ခြေ အကဲဖြတ်ချက်

မြန်မာ့နွေဦးတော်လှန်ရေးကို ဟောင်ကောင်၊ ထိုင်ဝမ်စတဲ့ နိုင်ငံတွေရဲ့ Milk Tea Alliance လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်လာမှာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးကိုသုံးပြီး သူ့ကို ဗီလိန်အဖြစ် ပုံဖော်မယ့်အပေါ် တရုတ်က လိုလားပုံမရပါဘူး။ ဖြစ်နိုင်ရင် စစ်အာဏာမသိမ်းခင်က နိုင်ငံရေးအခင်းအကျင်းမျိုးကို စေ့စပ် ညှိနှိုင်းရေးကတဆင့် (အထူးသဖြင့် အာဆီယံလို ဒေသတွင်းအဖွဲ့တွေရဲ့ အကူအညီနဲ့) ပြန်သွားစေလိုတဲ့ သဘောထားမျိုး တရုတ်မှာရှိပေမဲ့၊ ဒီလိုဖြစ်ဖို့ မလွယ်ပါဘူး။ တခါ စစ်ကောင်စီပဲ အားသာမယ်၊ တည်ငြိမ် မှုကို အာမခံနိုင်မယ်လို့ သူတို့က မြင်ရင်တော့ စစ်ကောင်စီဘက်ကိုပဲ ရပ်မယ့်သဘော ရှိပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီတို့၊ စည်းကမ်းပြည့်၀သော ဒီမိုကရေစီတို့ကို အမြစ်လှန် ဖြိုဖျက်ချင်တဲ့ မြန်မာ့ နိုင်ငံရေးလေထုမှာ တရုတ်နည်း တရုတ်ဟန် ဒီမိုကရေစီဆိုတဲ့ တရုတ်ရဲ့ အပျော့ဆွဲအာဏာဩဇာ (soft power) ဟာ ထိရောက်ဖွယ်မမြင်ပါဘူး။ ဒါပေမဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားသူတွေအနေနဲ့ တရုတ်ရဲ့ ဒီမိုကရေစီစနစ်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ တရုတ်ရဲ့ အခန်းကဏ္ဍ အထူးအရေးပါတာကိုတော့ လက်ခံကြမှာပါ။ အလားတူပဲ တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို သက်ရောက်လွှမ်းမိုးချင်တယ်ဆိုရင်တရုတ်ရဲ့ရှုထောင့်အမြင်တွေ၊ အလေးပေးမှုတွေကိုနားလည်ပြီး သူ့ရဲ့စိုးရိမ်ပူပန်မှုနဲ့ အကျိုးစီးပွားတွေကို ဘယ်လိုစေ့ဆော်ပြီး ဟန်ချက်မျှအောင်ယူမလဲဆိုတဲ့ မဟာဗျူဟာတရပ်ရှိဖို့က အဓိကကျလှပါတယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။