ISP China Desk
တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

(အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်-၁)

 

မြန်မာနိုင်ငံအတွင်း တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကတည်းက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံး ရှိနေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ထဲက အနည်းဆုံး ခုနစ်ဖွဲ့ထက်မနည်း လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကြီးတွေ အခြေတည်မှာ ဖြစ်သလို၊ မူဆယ်-မန္တလေးရထားလမ်းလို စီမံကိန်းတွေကလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ မြို့နယ်တွေကို အများဆုံးဖြတ်သန်း တည်ဆောက်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ EAOs အကြား၊ EAOs အချင်းချင်းအကြား၊ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ် (PDF/LDF/CDF/KNDF စသဖြင့်) တွေနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်ပြောင်းလဲလာပါတယ်။  

 

အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေပိုမိုပြင်းထန်ခဲ့ပါတယ်။ တရုတ်နဲ့နီးစပ်တယ်လို့ မကြာခဏ အညွှန်းခံရတဲ့ SSPP အဖွဲ့၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ရဲ့ ပူးပေါင်းထိုးစစ်ကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသလို  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) ရဲ့ နယ်မြေချဲ့ထွင်မှုဟာလည်း မြင်သာခဲ့ပါတယ်။  ဒါ့အပြင် တရုတ်ရဲ့ အဓိကျတဲ့ စီမံကိန်းကြီးတွေရှိတဲ့  လက်ပတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တကောင်းနီကယ်စက်ရုံစီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာလည်း   ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းလာပါတယ်။  

 

တရုတ် စီမံကိန်းကြီးများတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲများ

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အရှိန် ပိုကောင်းလာပေမဲ့ တရုတ်စီမံကိန်း ကြီးတွေအပေါ် ကြီးကြီးမားမား တိုက်ခိုက်မှုမျိုးတော့ မဖြစ်ခဲ့ပါဘူး။  ၂၀၂၁ ခုနှစ် မတ်လအတွင်းက တရုတ်အထည်ချုပ်စက်ရုံ ၃၂ မီးရှို့တိုက်ခိုက်ခံရတာ ရှိပေမဲ့ ဒီဖြစ်ရပ်အပေါ် တရုတ်ဘက်က တင်းမာတဲ့ သဘောထား ထုတ်ပြန်ပြီးနောက်ပိုင်း ထပ်ဖြစ်ခဲ့တာ မရှိတော့ပါဘူး။ ဒီနောက်ပိုင်း တရုတ်ဂတ်စ်ပိုက်လိုင်း  အစောင့်ရဲတွေ တိုက်ခိုက်ခံရတာ၊ ပုသိမ်စက်မှုဇုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံအတွင်း အသံဗုံးပေါက်ကွဲတာတွေ၊ လက်ပံတောင်းတောင် စီမံကိန်းအတွက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်း မိုင်းခွဲခံရ တာမျိုးတွေ ရှိခဲ့ပေမဲ့ ကြီးမားကျယ်ပြန့်ခဲ့တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် သုံးတိုင်ကို ထီးချိုင့် PDF က မိုင်းခွဲတိုက်ခိုက်မှု အပြီးမှာတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေနဲ့ စီမံကိန်းတွေကို မတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်က ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုအတွင်း အဲဒီဖြစ်စဉ်ဟာ မြေပြင်တပ်ဖွဲ့တွေရဲ့ နားလည်မှုအရ လုပ်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ ဒီလိုမျိုးမဖြစ်အောင် NUG အနေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းတွေကလည်း စစ်ကောင်စီတပ် တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။  

 

ISP-Myanmar  က မှတ်တမ်းပြုစုထားတဲ့ စာရင်းတွေအရ   စစ်အာဏာသိမ်းပြီးနောက် မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်-မန္တလေး မြန်နူန်းမြင့် လျှပ်စစ်ရထားလမ်း၊ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတဲ့ တရုတ်စီမံကိန်းကြီးတွေ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ မြို့နယ်တွေနဲ့ ထိစပ်တဲ့ နေရာတွေမှာလည်း  ဒေသခံကာကွယ်ရေးတပ် တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု အများအပြား ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ သက်ရောက်မှုက တရုတ်စီမံကိန်းကြီးတွေနဲ့ ကင်းလွတ်နေတာကို အခုဖော်ပြထားတဲ့ မြေပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ 

ဘာကြောင့်အလေးထားသင့်သလဲ

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို  ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ  တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုန့်ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက EAOs တွေရဲ့   စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်ရဲ့ သြဇာဖြန့်ကျက်ရေးမူဝါဒလား၊ လုံခြုံရေး အာမခံချက်ကို ရှာဖွေခြင်းလား ဆိုတာ အထူးအလေးထား စောင့်ကြည့်လေ့လာရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တရုတ်အကျိုးစီးပွားတွေအပေါ် သဘောထားတုန့်ပြန်မှုတွေကလည်း မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်တာကြောင့် အထူးစောင့်ကြည့်စရာဖြစ်ပါတယ်။  

 

တွဲဖက်လေ့လာသင့်သည်များ

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တရုတ်စီမံကိန်းတွေအကြား အဆက်အစပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေ၊ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။ 


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။