ISP China Desk

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။ ခရီးစဉ်သည် နှစ်ရက်သာကြာမြင့်ခဲ့သော်လည်း နှစ်နိုင်ငံအကြား နားလည်မှုနှင့် သဘောတူညီချက်ရရှိခဲ့သည့် အကြောင်းအရာကိစ္စရပ်ပေါင်း ၃၃ ခု ရှိခဲ့သည်။ သမိုင်းတလျှောက်တွင် တရုတ်ခေါင်းဆောင်များ၏ ခရီးစဉ်အတွင်း ယင်းထက်များပြားသော နားလည်သဘောတူညီချက်များ ရရှိခဲ့သည့် မှတ်တမ်းကို မတွေ့နိုင်ပေ။

ယခုစစ်တမ်းသည် သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာသတင်းမီဒီယာများတွင် ဖော်ပြကြသည့် အကြောင်းအရာများအား ထုတ်နုတ်သုံးသပ်ထားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း ဩဇာရှိသည်ဟု သုံးသပ်ရသည့် ပုဂ္ဂလိက သတင်းဌာနတို့မှ ပုံနှိပ်သတင်းစာနှင့် ဂျာနယ် လေးစောင်၊ အွန်လိုင်းသတင်းဌာန နှစ်ခုနှင့် နိုင်ငံပိုင်သတင်းစာ တစ်စောင်၊ စုစုပေါင်း သတင်းဌာနခုနစ်ခုကို ယခုစစ်တမ်းအတွက် ရွေးချယ်ခဲ့ပါသည်။

၎င်းသတင်းဌာနများထဲမှ သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ စ၍ ခရီးစဉ်ပြီးဆုံးပြီးနောက် တစ်ပတ်ဖြစ်သည့် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ စုစုပေါင်း ၁၅ ရက်တာအတွင်း ဖော်ပြခဲ့သည့် သတင်းများ၊ ဆောင်းပါးများ၊ အင်တာဗျူးမေးမြန်းချက်များ စသည်တို့ကို လေ့လာဖတ်ရှုထားခြင်း ဖြစ်သည်။

ယင်းတို့အထဲမှ တရုတ်-မြန်မာ ဆက်ဆံရေးအနေအထားနှင့် မြန်မာလူထု၏ တရုတ်အပေါ်ထားရှိသည့် သဘောထားအမြင်ကို ထုတ်နုတ်ယူထားပါသည်။

စုစုပေါင်း ၁၅ ရက်တာအတွင်း ပြည်တွင်း သတင်းဌာန ၇ ခုတွင် ယင်းနှင့်ပတ်သက်၍ သတင်း၊ ဆောင်းပါး၊ ကြော်ငြာဆောင်းပါး၊ အင်တာဗျူး၊ အယ်ဒီတာ့အာဘော် စသည်တို့ကို သတင်းထောက်၊ သတင်းစာဆရာ၊ အယ်ဒီတာနှင့် ပြင်ပဆောင်းပါးရှင်များ စုစုပေါင်း ၇၄ ဦး(နာမည်မဖော်ပြသည့် သတင်းများလည်း ရှိသည်။)က ဖော်ပြမှုပေါင်း ၁၄၆  ခု ထက်မနည်း တင်ဆက်ခဲ့ကြသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၉ ခုကျော် ၁၀ ခုနီးပါး ဖြစ်သည်။(မှတ်ချက် – သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်နှင့်ပတ်သက်၍ ဖော်ပြမှုများသာဖြစ်ပြီး ပုံမှန်ပါရှိလေ့ဖြစ်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံနှင့်ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများ၊ အင်တာဗျူးများ မပါဝင်ပါ။)

ရှီကျင့်ဖျင်လာရောက်သည့် ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင် ဖော်ပြမှုသည် အများဆုံးဖြစ်ပြီး နှစ်ရက်တာအတွင်း ၅၂ ပုဒ် ဖြစ်သည်။

ဖော်ပြမှုများ၏ ထက်ဝက်ကျော်၊ ၇၇ ခု(၅၃ ရာခိုင်နှုန်း) သည် သတင်းအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ပြီး တစ်ခါတရံတွင်မှအပ ဝေဖန်သုံးသပ်ချက် သို့မဟုတ် မှတ်ချက်များ မပါဝင်ပေ။ သုံးပုံတစ်ပုံ ၅၀ ခု(၃၄ရာခိုင်နှုန်း)သည် ဆောင်းပါးများဖြစ်ပြီး ထင်မြင်သုံးသပ်ချက်များ ပါဝင်သည်။ ၈ ခု(၅ ရာခိုင်နှုန်း)မှာ တွေ့ဆုံမေးမြန်းမှု သို့မဟုတ် ဆက်သွယ်မေးမြန်းချက်များဖြစ်သည်။ မီဒီယာများတွင် အရေးကြီးပြီး ၎င်းတို့၏ ရပ်တည်ချက်ကို ဖော်ပြသည့် အယ်ဒီတာ့အာဘော်များတွင် ခရီးစဉ် သို့မဟုတ် တရုတ်နှင့်ပတ်သက်ပြီး မြန်မာတို့ သတိထားစရာအကြောင်း ဖော်ပြမှုသည် ၁၀ ခု(၇ ရာခိုင်နှုန်း) ဖြစ်သည်။

ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းကြောင့် မြန်မာသည် မည်သည့်အကျိုးကျေးဇူးရရှိ၍ မည်သည်တို့ပြန်ပေးရနိုင်ခြေရှိသည်ဆိုသည့် သုံးသပ်ချက်များ၊ ပြည်တွင်းငြိမ်းချမ်းရေးအနေအထားသည် အကောင်းဘက်သို့ ရွေ့လာနိုင်ခြေရှိသည်ဆိုသည့် ထင်မြင်ချက်များ၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အနိမ့်ဘက်ကရှိနေသည့် မြန်မာ့ပို့ကုန်များအတွက် မျှော်လင့်ချက်များ၊ တရုတ်နှင့် နီးကပ်လာခြင်းကြောင့် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် အနာဂတ်ခန့်မှန်းချက်များက မီဒီယာဖော်ပြချက်များတွင် ဖုံးလွှမ်းနေခဲ့သည်။

နိုင်ငံရေးသုံးသပ်သူ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ သုတေသနပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ လက်နက်ကိုင်အဖွဲ့အစည်း၊ သာမန်ပြည်သူ စသည့် အလွှာများမှ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းမှု၊ ဆောင်းပါးရှင်များ၏ ရေးသားသုံးသပ်မှုများဖြစ်သည်။  

ခရီးစဉ်မတိုင်မီရက်များတွင် သမ္မတခရီးစဉ်နှင့်ပတ်သက်၍ ထင်ကြေးပေးခန့်မှန်းခြင်း၊ စောင့်ကြည့်ဖွယ်ရာအချက်များကို ထုတ်နုတ်ဖော်ပြခြင်း၊ မေးခွန်းထုတ်ခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းနှင့် မျက်မှောက်ခေတ်အခြေအနေကို ဖော်ပြခြင်း စသည်တို့ဖြစ်ပြီး သမ္မတ ရှီ ပြန်သွားပြီးနောက်တွင်မူ နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အကျိုးဆက်များ၊ အလားအလာများအကြောင်း သုံးသပ်ချက်များကို ဖော်ပြကြခြင်း ဖြစ်သည်။

ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းနှင့် မြန်မာငြိမ်းချမ်းရေးသည် အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး တရုတ်သည် သူ၏စီမံကိန်းများနှင့်အတူ ငြိမ်းချမ်းရေးကိုပါ ကျွဲကူးရေပါ လုပ်ဆောင်လာမည်လောဆိုသည့် သုံးသပ်ချက်များကို တွေ့ရသည်။ အချို့ဖော်ပြချက်များတွင် ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းနှင့် ငြိမ်းချမ်းရေးကို အလှဲအထပ်ပြုမည့်အသွင်ဆောင်သလို တရုတ်သည် ငြိမ်းချမ်းရေးကို ကိုင်ထားပြီး သူလိုချင်သည့် ကစားကွက်ဖော်ဆောင်သွားမည်ကိုလည်း စိုးရိမ်ကြောင်း ပြသကြသည်။

‘အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်’ ‘ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့’ ‘တရုတ်-မြန်မာနှစ် ၇၀ ပြည့် ချစ်ကြည်ရေး’ ‘တရုတ်အိပ်မက် (Chinese Dream)’ ‘မဟာဗျူဟာနိုင်ငံရေး’ ‘မြန်မာနိုင်ငံ အကျပ်အတည်း’ ‘WIN WIN ပေါ်လစီ’ ‘ညောင်သီးလည်းစား လေးသံလည်းနားထောင်’ ‘ပလက်တီနမ်ရတုနှင့် စိန်ခေါ်ချက်များ’ ‘စောင့်ကြည့်ရမည့် ငါးချက်’ ‘သမိုင်းဝင်ခရီးစဉ်’ ‘ဒေသခံ၏ အကျိုးစီးပွား’ ‘အာရှထွက်ပေါက်နိုင်ငံသစ်’ ‘ဆွေမျိုးပေါက်ဖော်’ နိုင်ငံတကာ စံချိန်၊ စံနှုန်း’ ‘ဘင်္ဂါလီပြသနာ’ ‘ဆင်းရဲသောမြန်မာ’ ‘မနီးမဖြစ်နီးရမည့် အိမ်နီးချင်း’ ‘လက်ဝေခံဘဝ’ စသည့် အသုံးအနှုန်းများဖြင့် တန်ဆာဆင်ထားသည့် ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအား သတ္တုချကြည့်မည်ဆိုပါက အောက်ပါအချက်သုံးချက်ကို မြင်ရပါမည်။

၁။ မြန်မာနိုင်ငံကြုံတွေ့နေရသည့် ပြဿနာနှင့် အကျပ်အတည်းတို့မှ လွတ်မြောက်ရန် တရုတ်နိုင်ငံသည် ထွက်ပေါက်တစ်ခုဖြစ်ပြီး ၎င်းတို့နှင့် မဖြစ်မနေအဆင်ပြေရန်လိုအပ်သည်ဆိုသည့် အမြင်သဘောထားများသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ကျယ်ပြန့်စွာ ရှိနေသည်။

၂။ ရပ်ဝန်းနှင့် လမ်းကြောင်း(BRI) စီမံကိန်းအပေါ် မြန်မာ့လူမှုအသိုင်းအဝိုင်းက စိုးရွံ့သံသယရှိနေသည့်တိုင် သတိဖြင့် လက်ခံလိုနေသည်။ 

၃။ ပြည်တွင်းငြိမ်းချမ်းရေးကံကြမ္မာသည် တရုတ်နိုင်ငံ၏ စိတ်အခြေအနေအပေါ်တွင် မူတည်လျက်ရှိပြီး ၎င်း၏ကူညီစောင်မမှုကို လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေကြသူများ၊ စောင့်ကြည့်လေ့လာသူများက လိုလားလျက်ရှိသည်။

နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ

အထီးကျန်ပြီး ဆင်းရဲမွဲတေနိမ့်ကျသည့်တိုင်းပြည်အဖြစ် နောက်ထပ်တစ်ကြိမ်ပြန်မရောက်လိုသောမြန်မာနိုင်ငံသည် တရုတ်၏ရင်ခွင်ထဲသို့ တိုးဝင်နေ သို့မဟုတ် တရုတ်နိုင်ငံအား အမှီအခိုပြုနေရကြောင်း သုံးသပ်ရပါသည်။

မီဒီယာများတွင် ဖော်ပြမှုများ၏ ၁၁၄ ခု(၇၈ ရာခိုင်နှုန်း) သည် ရှီကျင့်ဖျင်၏ ခရီးစဉ်အပေါ် ဝေဖန်ချက်၊ မျှော်လင့်ချက်၊ ထင်မြင်သုံးသပ်ချက်၊ တောင်းဆိုချက်၊ လိုလားချက်၊ မေးခွန်း စသည်တို့ ဖြစ်သည်။ ကျန်ဖော်ပြမှုများသည် ခရီးစဉ်နှင့်ပတ်သက်၍ ဖော်ပြမှုသက်သက်သာ ဖြစ်သည်။

သတင်းများ၊ ဆောင်းပါးများနှင့် အင်တာဗျူးဖြေဆိုရာတွင် ပါဝင်သူအများစုသည် တရုတ်သမ္မတ၏ ခရီးစဉ်ကို ကြိုဆိုကြသည်ကို တွေ့ရသည်။ အချို့ဆိုလျှင် သမိုင်းဝင်ခရီးအဖြစ်ပင် ညွှန်းဆိုကြသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ငါးကြိမ်မျှ သွားရောက်ခဲ့မှုကိုလည်းး ဆောင်းပါးရှင်အချို့က ဆွဲထုတ်ကာ နှစ်နိုင်ငံ ဆက်ဆံရေးနီးကပ်လာမှုကို ဖော်ပြကြသည်။

အများစုမှာ တရုတ်၏ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအကြောင်းဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို ပြောဆိုကြသည်။ အဓိကအကြောင်းရင်းမှာ လက်ရှိအခြေအနေများအရ မြန်မာသည် တရုတ်နှင့် မဆင်မပြေလျှင် မဖြစ်ဆိုသည့် အမြင်များတွင် အခြေခံနေသောကြောင့် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အရေးကြောင့် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်မှုကို ခံနေရသလို နိုင်ငံတကာတရားရုံး(ICJ) တွင် လည်း အမှုရင်ဆိုင်နေရသည်။ ယင်းက ကမ္ဘာ့စင်မြင့်တွင် နိုင်ငံ၏ ပုံရိပ်ကို ဆိုးဆိုးရွားရွား ကျဆင်းစေသည်ကိုလည်း လူအများအပြားက နားလည်သဘောပေါက်ပြီး ဖြစ်သည်။ ယင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေး အဆင်မပြေဖြစ်နေခြင်း၊ စီးပွားရေးနိမ့်ကျမှုမှ ရုန်းမထွက်နိုင်ဖြစ်နေခြင်း စသည့် အခြေအနေဆိုးတို့ကို မြန်မာက ရင်ဆိုင်နေရသည်။

အဆိုပါအခြေအနေတို့မှ လွတ်မြောက်ရန် တရုတ်တွင် စွမ်းအားရှိနေကြောင်း တစ်နည်းမဟုတ် တစ်နည်း မြန်မာပြည်သူတို့က သိမြင်ထားပြီးဖြစ်သည်။

နှစ်ပတ်တာအတွင်း ဆောင်းပါးများတွင် တရုတ်သည် ကင်းကွာရန်မဖြစ်နိုင်သည့် အိမ်နီးချင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာသည် နိုင်ငံတကာတရားရုံး(ICJ) တွင် အမှုရင်ဆိုင်နေရပြီး တရုတ်သည် မြန်မာဘက်မှ ရပ်တည်ပေးကြောင်း၊ ရခိုင်ပြည်နယ်အရေးကြောင့် အနောက်နိုင်ငံများက ဖယ်ကျဉ်လာချိန်တွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ တရုတ်ကိုသာ ရွေးချယ်ရန်ရှိတော့ကြောင်း စသည့်အချက်များကိုလည်း ဖော်ပြကြသည်။

ယင်းချက်ကို ယခုမီဒီယာများ၏ ဖော်ပြချက်များတွင် တွေ့နိုင်သည်။

၁၇ ရက်နေ့ထုတ် မြန်မာတိုင်းမ်သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် “မြန်မာနိုင်ငံအနေနှင့် ယခုလို နိမ့်ကျနေသည့်အခြေအနေမှ ရုန်းထွက်နိုင်ရန် အိမ်နီးချင်းလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်သည့် တရုတ်နှင့် သင့်မြတ်အောင်ပေါင်းသင်းကာ စီးပွားရေးအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအ အရေးအကြီးဆုံးဖြစ်ကြောင်း၊ တစ်ကောင်တည်းရုန်း၍ မရကြောင်း” ရေးသားထားသည်။

အလားတူပင် စီးပွားရေးဆိုင်ရာနယ်ပယ်မှ ပုဂ္ဂိုလ်တို့ကလည်း ယင်းသို့ပင် ရှုမြင်သည်ကို တွေ့ရသည်။

တိုင်းပြည်အကြပ်အတည်းကြုံနေချိန်တွင် ယခုကဲ့သို့လာရောက်ခြင်းဖြစ်သည့်အတွက် အင်မတန်ကောင်းမွန်သည်ဟု ၁၆ ရက်နေ့ထုတ် မြန်မာတိုင်းမ်သတင်းစာတွင် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ၊ ဦးကျော်မင်း(စိန်နှင့် မြ)က ဤသို့ ဖြေကြားထားသည်ကိုလည်း တွေ့ရသည်။  

၂၀ ရက်နေ့ထုတ် Eleven သတင်းစာ၏ သတင်းဆောင်းပါးတစ်ပုဒ်တွင်လည်း တရုတ်သမ္မတလာသည့်အခါ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအကူအညီများ ရနိုင်မည်ဟု မျှော်လင့်ကြောင်း သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက်၏ပြောဆိုမှုကို တွေ့ရသည်။

ယင်းအပြင် ၁၆ ရက်နေ့ထုတ် Eleven သတင်းစာတွင် ပါရှိသည့် ဆောင်းပါးတစ်ပုဒ်တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် စီးပွားရေးဇုန်တည်ဆောက်ဖို့ တိုက်တွန်းထားပြီး ဖွံ့ဖြိုးခြင်းကြောင့် ငြိမ်းချမ်းနိုင်သည်ဟုလည်း ဆောင်းပါးရှင်က ဆိုထားသည်။

မြန်မာနိုင်ငံတွင် တရုတ်အား သံသယများလွန်းနေပြီး အိမ်နီးချင်းလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်သည့် တရုတ်ကို ဆန့်ကျင်နေခြင်းသည် အဓိပ္ပာမယ်ရှိဆိုသည့် မှတ်ချက်အချို့ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံကြားတွင် ရှိနေသည်။ အရေးအကြောင်းရှိလာလျှင် ချမ်သာသည့်အိမ်ကြီးရှင်ကို မျှော်ကြည့်ရသည်။ သို့သော် အိန္ဒိယထက် တရုတ်နှင့် ပိုဆက်ဆံရသည်။ တရုတ်၏မျက်နှာကို ပို၍ ကြည့်ရသည်။ ကိစ္စတစ်စုံတစ်ရာရှိလျှင် အိမ်ကြီးရှင်တို့ မငြိုငြင်အောင် ဆက်ဆံရသည်။ ဆက်ဆံရေးတွင် မြန်မာတို့က လက်ဝေခံဘဝ ရောက်နေသည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံသားများ၏ဘဝနှင့် စီးပွားရေးအခြေအနေများက လက်ဝေခံဘဝရောက်သွားရသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း ၁၆ ရက်နေ့ထုတ် မြန်မာတိုင်းမ်သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မီဒီယာဖော်ပြချက်များ၏ လားရာသည် ကြုံတွေ့နေရသည့် ပြဿနာနှင့် အကျပ်အတည်းတို့ကို ရင်ဆိုင်တွန်းလှန်နိုင်ရန် တရုတ်နိုင်ငံသည် ထွက်ပေါက်တစ်ခုဖြစ်ပြီး ၎င်းတို့နှင့် မဖြစ်မနေအဆင်ပြေရန်လိုအပ်သည်ဆိုသည့် အမြင်သဘောထားများသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ကျယ်ပြန့်စွာ ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်။

BRI စီမံကိန်းအပေါ်တုံ့ပြန်မှု

ရပ်ဝန်းနှင့် လမ်းကြောင်း(BRI) စီမံကိန်းအပေါ် မြန်မာ့လူမှုအသိုင်းအဝိုင်းက စိုးရွံ့သံသယရှိနေသည့်တိုင် သတိဖြင့် လက်ခံလိုနေကြောင်းကိုလည်း ဖော်ပြချက်များစွာတွင် တွေ့ရပါသည်။ 

ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း(BRI) နှင့်ပတ်သက်သည့် ဖော်ပြမှု ၉၆ ခု ရှိပြီး ၆၆ ရာခိုင်နှုန်း ဖြစ်သည်။

အများစုသည် ယင်းစီမံကိန်းအကြောင်း ရှင်းလင်းပြောဆိုခြင်း၊ စီမံကိန်းအား မြန်မာက လက်ခံလိုက်လျှင် ရင်ဆိုင်ရနိုင်ခြေများ စသည်တို့ဖြစ်သည်။ သို့သော် အကြွေးထောင်ချောက်နှင့် တရုတ်၏စိုးမိုးခြယ်လှယ်မှုအတိုင်းအဆပမာဏကြီးထွားလာမည့် အန္တရာယ်တို့ကြောင့် စီမံကိန်းအား လက်မခံရန် ကန့်ကွက်ပြောဆိုသည်ထက် သတိဖြင့် စောင့်ကြည့်လက်ခံရန်ဟူသည့် အမြင်များကသာ ဖုံးလွှမ်းနေသည်။

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ဖျက်သိမ်းရေး စသည့် တောင်းဆိုသည့် လှုပ်ရှားမှုများသည် မြေပြင်တွင် ရှိသလောက် ရှိနေပါသည်။ အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံလူမှုအဖွဲ့အစည်းများက ပြုလုပ်နေကြခြင်း ဖြစ်သည်။

ယခု သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း စစ်တမ်းတွင်ပါဝင်သည့် သတင်းမီဒီယာ ခုနစ်ခုတွင် တရုတ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြမှုသည် ၉ ခု ရှိခဲ့သည်။(ဖော်ပြမှု ၉ ခု သာဖြစ်သည်။ လှုပ်ရှားမှု ၉ ခုဟု ဆိုလိုခြင်းမဟုတ်ပါ။ လှုပ်ရှားမှုတစ်ခုတည်းကိုပင် သတင်းဌာနက ခုနစ်ခုက ဖော်ပြလျှင် ၇ ခုအဖြစ် စာရင်းသွင်းထားခြင်း ဖြစ်ပါသည်။)

ရခိုင်ပြည်နယ်တွင် လုပ်ရန်ရှိသည့် ကျောက်ဖြူစီမံကိန်းသည် ဒေသခံများအနေနှင့် အကျိုးခံစားခွင့်မရှိသောကြောင့် ရပ်ဆိုင်းထားရန် ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က မဇ္စျိမသတင်းဌာနနှင့် ဆက်သွယ်မေးမြန်းထားသည့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

အလားတူပင် BRI စီမံကိန်းသည် ပွင့်လင်းမြင်သာမရှိဟုဆိုကာ ရှမ်းလူမှုအဖွဲ့အစည်း ငါးခုက ကန့်ကွက်မှု၊ မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုမှု၊ ရှီကျင့်ဖျင်ရောက်ရှိနေသည့် ၁၈ ရက်နေ့က မြစ်ဆုံဆည်ဖျက်သိမ်းရေးကို ရန်ကုန်မြို့လယ်တွင် ဆန္ဒပြမှု စသည့် သတင်းများလည်း ပါဝင်သည်။

သို့သော်၊ တရုတ်စီမံကိန်းများအား ဆန့်ကျင်ကြောင်းကို မီဒီယာများကဖော်ပြမှုတို့သည် သတင်းဖြစ်ရပ်များ၊ ထုတ်ပြန်ချက်များကိုသာ ဖော်ပြခြင်းဖြစ်သည်။ ဆောင်းပါးရှင်များ၊ အယ်ဒီတာများ၏အာဘော်အများစုကမူ BRI စီမံကိန်းကို ဆန့်ကျင်နေခြင်း မရှိပေ။

စီမံကိန်းများသည် ပွင့်လင်းမြင်သာရှိမည်ဆိုလျှင်၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေလျှင်၊ နိုင်ငံတကာ စည်းကမ်းများ၊ နိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းများကို လိုက်နာနိုင်မည်ဆိုလျှင်၊ ဒေသခံလူထုနှင့်  နိုင်ငံအတွက် အကျိုးရှိမည်ဆိုလျှင် လက်ခံမည်ဆိုသည့်ဘက်ကိုသာ စောင်းပေးဖော်ပြကြသည်။

၁၇ ရက်နေ့ထုတ် မြန်မာတိုင်းမ်သတင်းစာတွင် တရုတ်နိုင်ငံအနေနှင့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်မည်ဆိုပါက ဒေသခံနိုင်ငံရေးပါတီများ၏သဘောထား ရယူခြင်းမရှိဘဲ မလုပ်ဆောင်ရန် သတိပေးသည့် သတင်းတစ်ပုဒ်ကို ဖော်ပြထားသည်။ တိုင်းရင်းသားပါတီ ၁၅ ခု ပေါင်းထားသည့် ညီညွတ်သောတိုင်ရင်းသားလူမျိုးများမဟာမိတ်(UNA) ၏ ထုတ်ပြန်ချက်ကို အခြေခံထားခြင်း ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့်ရင်းနှီးမြှုပ်နှံမှုများမဖြစ်စေဖို့အတွက် ဖြစ်သည်။ အကြောင်းမှာ တရုတ်အစိုးရသည် နိုင်ငံတကာစည်းမျဉ်းများကိုမလိုက်နာခဲ့သည့် အတိတ်ပုံရိပ်ရှိနေခြင်း ကြောင့် ဖြစ်သည်။

“ကျနော်တို့ ဒေသခံတွေကို ဘယ်အချိန် လုပ်မယ်၊ ဘယ်လ အကောင်အထည်ဖော်မယ်ဆိုတာ တိတိကျကျ ချပြစေချင်တယ်။ အဲဒီလို မချပြဘဲနဲ့ မြို့ပေါ်က သူဌေးပွဲစားတွေလောက်နဲ့ပဲ တွေ့ဆုံလိုက်၊ လက်မှတ်ထိုး လိုက် လုပ်မယ်ဆိုရင်တော့ ကျနော်တို့ လယ်သမားတွေက ထွက်ပြီးတော့ ဆန္ဒပြလိုက်ရမှာပဲ။” ဟူ၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးစောမောင်နုနှင့် ဆက်သွယ်မေးမြန်းထားမှုကိုလည်း ၁၅ ရက်နေ့က ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

ဧရာဝတီသတင်းဌာနက ၁၇ ရက်နေ့က ရေးသားထားသည့် သတင်းတစ်ပုဒ်တွင် “ကျနော်တို့ ပြောချင်တာ တိုက်တွန်းချင်တာက ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိတယ်။ ဒေသအတွက်လည်း အမှန်တကယ် အကျိုးပြုမယ်။ နိုင်ငံအတွက်လည်း အကျိုးရှိမယ် ဆိုရင်တော့ ကျနော်တို့ကတော့ ကြိုဆိုတယ်။” ဟု ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောဆိုထားသည်။

BRI စီမံကိန်းကို တရုတ်နယ်စပ်တွင်အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ထောက်ခံထားသည်။

ရှုမြင်သုံးသပ်မှုများထဲတွင် ဒေါက်တာ သန့်မြင့်ဦးရေးသားထားပြီး 7 Day သတင်းဌာနက ဘာသာပြန်ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်လည်း ပါဝင်သည်။

မြန်မာသည် လက်နက်ကိုင်ပဋိပက္ခ၊ မူးယစ်းဆေး၊ စီးပွားစသည့်ပြဿနာများဖြေရှင်းရန်မှာ တရုတ်ကို  လုံးလုံးလျားလျားမှီခိုနေရပုံ၊ သို့သော် မြန်မာသည် တရုတ်တစ်နိုင်ငံတည်းနှင့် အလွမ်းသင့်နေရုံနှင့် မြန်မာက ရင်ဆိုင်လျက်ရှိသော တိုင်းရင်းသားပဋိပက္ခ၊ မညီမျှမှုကို အသုံးချခြင်း၊ ရာသီဉတုဖောက်ပြန်ခြင်းနှင့် သဘာဝဘေး စသည့် ပြဿနာများမှာ မပြေလည်နိုင်ပုံ၊ မြန်မာအနေနှင့် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးနှင့် စီးပွားရေးအသွင်ကူပြောင်းရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်မှ ကြိုတင်ပြင်ဆင်ရေး စသည်လုပ်ဆောင်ရန်တို့လည်း ရှိနေသည်။ တရုတ်နှင့် နီးကပ်သောဆက်ဆံရေးကို တည်ဆောက်ရာတွင် အဆိုပါစိန်ခေါ်မှုများအတွက် စီစဉ်ထားရှိမှုအောက်မှ သွားသင့်သည်ဟု ယင်းဆောင်းပါးက ပြောဆိုသည်။

 “ပိုးလမ်းမစီမံကိန်းသည် ကောင်းကျိုး၊ ဆိုးကျိုး ဒွဲတွဲနေပြီး အစိုးရအပေါ်မူတည်သည်” ဟူ၍ ၁၈ ရက်နေ့ထုတ် The Voice Journal ၏ အယ်ဒီတာအာဘော်တွင် ရေးသားထားသည်။

၁၇ က်နေ့ထုတ် 7 Day သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင်လည်း မြန်မာသည် နိုင်ငံ၏ ပထဝီအနေအထားကြောင့် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ စသဖြင့် ရွေးချယ်စရာနိုင်ငံများ ရှိလာသော်လည်း BRI, CMEC စသည့်စီမံကိန်းများကြောင့် တရုတ်နှင့် မြန်မာသည် နှစ်ဖက်စလုံးက အပြန်အလှန်လိုအပ်သည်။ ငြိမ်းချမ်းရေးအပေါ် ဩဇာရှိသဖြင့် တရုတ်က အရေးပါသည်။ ကမ္ဘာ့စူပါပါဝါအဖြစ် တက်လှမ်းနေသော အိမ်နီးချင်းတိုင်းပြည်နှင့် ဆက်ဆံရေးကောင်းဖို့လည်း အရေးကြီးသည်။ သို့သော် မြန်မာနိုင်ငံတွင် တရုတ်ပုံရိပ်ကောင်းစေလိုလျှင် တရုတ်အနေနှင့် မြန်မာပြည်သူများ၏ ခံစားချက်ကို နားလည်ရန်၊ မြန်မာကို ထိခိုက်စေမည့် လုပ်ရပ်များမလုပ်ရန်အရေးကြီးကြောင်း ရေးသားထားသည်။

ယင်းအချက်တို့သည် BRI စီမံကိန်းအား ဆန့်ကျင်သည်ထက် မိမိအတွက် မည်သို့အကျိုးရှိအောင် ဆောင်ရွက်ကြမည်နည်းဆိုသည့် ရှုမြင်ချက်တို့သာ ပြောရေးဆိုခွင့်ရှိသော ပြည်တွင်းအင်အားစုများထံတွင် ရှိနေကြောင်း မှတ်ယူနိုင်ပါသည်။

ပြည်တွင်းငြိမ်းချမ်းရေးမျှော်လင့်ချက်

ပြည်တွင်းငြိမ်းချမ်းရေးသည် တရုတ်နိုင်ငံ၏ စိတ်အခြေအနေအပေါ်တွင် မူတည်လျက်ရှိပြီး ၎င်း၏ကူညီစောင်မမှုကို လက်နက်ကိုင်ပဋိပက္ခတွင် ကာယကံမြောက်ပါဝင်ပတ်သက်နေသူများအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများက လိုလားနေကြောင်းလည်း တွေ့ရပါသည်။

၁၅ ရက်တာအတွင်း မီဒီယာများက ဖော်ပြသည်တို့အနက် ၁၄၆ ခုတွင် ငြိမ်းချမ်းရေးနှင့်ဆက်စပ်နေသည့် ဖော်ပြမှုသည် ၄၀ ခု(၂၇ ရာခိုင်နှုန်း) ရှိခဲ့သည်။

ထိုအထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထုတ်ပြန်ချက်များကို ပြန်လည်ရေးသားထားသည့် သတင်းများ၊ ဆောင်းပါးများလည်း ပါဝင်သည်။ ဝ၊ ကချင်အပါအဝင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ရှီကျင့်ဖျင်သည် မြန်မာ့ငြိမ်းချမ်းရေးကို အဖြေရှာပေးနိုင်မည် သို့မဟုတ် တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟူသည့် ဆိုလိုချက်များလည်း ထုတ်ပြန်ချက်များတွင် ပါဝင်ခဲ့သည်။

“ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် တရုတ်အစိုးရမှာ တာဝန်လည်း ရှိပါတယ်။” ဟု ၁၅ ရက်နေ့က ဖော်ပြသည့် ဧရာဝတီသတင်းဌာနက အင်တာဗျူးတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ဖော်ပြမှုများတွင် ပါဝင်ခဲ့သည့် သတင်းရင်းမြစ်များသည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်၏အခန်းကဏ္ဍသည် အရေးပါကြောင်း သိမြင်ထားကြသည်။ သမ္မတ ရှီကျင့်ဖျင်၏ခရီးစဉ်သည် မြန်မာ့ငြိမ်းချမ်းရေးကို အပြုသဘောဆောင်သည့် တိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု အများစုက ဖော်ပြကြသည်။ သို့သော်၊ တချိန်တည်းမှာပင် ငြိမ်းချမ်းရေးအတွက် တစ်စုံတရာ အပေးအယူလုပ်ရပြီး တရုတ်၏လွှမ်းမိုးမှု ကြီးထွားလာမည်ကိုလည်း စိုးရိမ်ကြပါသည်။

တရုတ်သည် မြန်မာကို ကာကွယ်ပေးရင်း သူလိုချင်သည်တို့အား တောင်းယူသွားနိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ခွန်လက ပြောဆိုချက်သည် ၁၇ ရက်နေ့ထုတ် 7 Day သတင်းစာ၏ သတင်းတစ်ပုဒ်တွင် ပါရှိသည်။

ယခုခရီးစဉ်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား အပစ်ရပ်ရေးအတွက် ရှေ့ပြေးခရီးစဉ်ဖြစ်လာနိုင်သည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှစ၍ တစ်နှစ်တာပတ်လုံး တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားလျက်ရှိသည့် AA နှင့် တပ်မတော်အကြား တိုက်ပွဲများအခြေအနေသည် သမ္မတ ရှီကျင့်ဖျင်လာရောက်သည့် ရက်များတွင် AA နှင့် တစ်ကြိမ်သာဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆိုခဲ့သည်။

ယင်းအပြင် နှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ချင်းကိုယ်စားလှယ် ဦးဝှေ့တင်းကို ရှီ ပြန်သွားပြီးရက်ပိုင်းအကြာတွင် AA က ပြန်လွှတ်ပေးခဲ့သည်။ ကချင်ပြည်နယ်တွင် AA နှင့် တွေ့ဆုံစဉ်က ချင်းအမတ်ကို ပြန်လွှတ်ပေးရန် တရုတ်၏ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် တိုက်တွန်းခဲ့ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

7 Day သတင်းဌာနက ၂၂ ရက်နေ့က ထုတ်ဝေသည့် စာစောင်တွင် တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အခရာကျသည်ဟုပင်ဆိုနိုင်သည်ဟူ၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်၏ ပြောကြားချက်ကို တွေ့ရသည်။

လက်နက်ကိုင်အဖွဲ့များကို လက်နက်ထောက်ပံ့မှုမရှိဟု သမ္မတ ရှီက ပြောဆိုသည့်တိုင် ငြိမ်းချမ်းရေးကိစ္စတွင် ကြီးကြီးမားမားပါဝင်ပတ်သက်နေသည်ဆိုသည်ကမူ မသည်သမျှငြင်းဝံ့မည်မဟုတ်ကြောင်း ၂၀ ရက်နေ့ထုတ် The Voice သတင်းစာ၏ အယ်ဒီတာ့အာဘော်က ဆိုသည်။

မြန်မာ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွင် တရုတ်၏ကြားဝင်ပေးမှုကို လိုလားသည့်အမြင်များသည် နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသည့်အလွှာများတွင် ရှိနေကြောင်း ပြသနေခြင်း ဖြစ်ပါသည်။

အထက်ပါ မီဒီယာများ၏ဖော်ပြချက်များသည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ မြန်မာလူထု၏ ဆန္ဒသဘောထားများကို တစ်စုံတရာထင်ဟပ်ကာ တရုတ်-မြန်မာဆက်ဆံရေးနယ်ပယ်တွင်ရှိနေသော လက်ရှိအခြေအနေတို့ကိုလည်း ပြဆိုနေပါလိမ့်မည်။

အချုပ်အားဖြင့် ဆိုရလျှင် တရုတ်သည် မြန်မာ့အိပ်မက်တို့အတွက် အရေးပါသည့်ဇာတ်ကောင်အဖြစ် ရှိနေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး စသည့်အရေးအရာများစွာတို့သည် တရုတ်၏အရိပ်အောက်မှ လွတ်ကင်းသည်မရှိ။ နှစ်နိုင်ငံဆက်ဆံရေးတွင် တရုတ်ထံမှ မျှော်လင့်ရသည်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် သူ့ကိုပင် အမှီပြုရသည်။ ၎င်း၏စီမံကိန်းများ မြန်မာနိုင်ငံတွင် မည်မျှများပြား၊ ချဲ့ထွင်ကြီးထွားလာမည်၊ မလာမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ ခံယူချက်များအပေါ်တွင် မူတညနေပါသည်။ နိုင်ငံ၏ အရေးကြီးဆုံးပြဿနာဖြစ်သည့် ငြိမ်းချမ်းရေးကိစ္စတွင်လည်း တကယ့်မြေပင်အခြေအနေတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးနိုင်မှု၊ ငြိမ်းချမ်းရေးအကျိုးကို ဆောင်ကျဉ်းနိုင်မှုသည် မည်မျှရှိမည်၊ မရှိမည်ဆိုသည်ကမူ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စဖြစ်ပါသည်။ အလားတူပင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်ကလည်း မည်ရွေ့မည်မျှအတိုင်းအတာအထိ ပါဝင်ပတ်သက်ခွင့်ပြုမည်၊ မပြုမည်ဆိုသည့်အချက်ကလည်း ရှိနေပါသေးသည်။