ISP China Desk
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း

(ယခင် ISP-Myanmar က သြဂုတ် ၁၀ အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို အောက်တိုဘာ၂ ရက်အထိ ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။

 

၂၀၂၁၊ အောက်တိုဘာ ၂

Photo- Chinese Embassy in Myanmar
  • စစ်ကောင်စီ ဝယ်ယူသည့် တရုတ် Sinopharm ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး အလုံးရေ လေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ စစ်ကောင်စီသည် တရုတ် Sinopharm Group ထံမှ ကိုဗစ် ကာကွယ်ဆေး  ၂၄ သန်းမှာယူခဲ့ပြီး  တရုတ်မှ စုစုပေါင်း ၁၂ သန်း ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာ လဆန်းပိုင်း အထိ တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ  ၂၀ ဒသမ ၆ သန်း ရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၁၆ ဒသမ ၇ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံက လှူဒါန်းခြင်း ဖြစ်သည်။

 

၂၀၂၁၊ အောက်တိုဘာ ၁

Photo- Mingalar Newspaper
  • ယူနန်ပြည်နယ်၊ တတ်ဟုန် ပြည်နယ်ခွဲ​ ရွှေလီမြို့မှ ကူညီထောက်ပံမှုဖြင့် တည်ဆောက်ခဲ့သည့် မူဆယ် (၁၀၅) မိုင်တွင် ကုတင် ၁၀၀၀ ကိုဗစ်ပိုးတွေ့ လူနာကုသရေးစင်တာကို ဖွင့်လှစ်ခဲ့သည်။ နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ပါက ထိုစင်တာတွင် ကိုဗစ်-၁၉ ရောဂါများ စစ်ဆေးပြီး ရောဂါ ကင်းစင်သူများကိုသာ တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုစင်တာတွင် ရောဂါပိုး တွေ့ရှိသူများကိုလည်း ကုသပေးသွားမည်ဖြစ်သည်။ အဆိုပါ စင်တာကို တရုတ်ဘက်မှ သြဂုတ်တွင် စတင် တည်ဆောက်ခဲ့ပြီး စက်တင်ဘာလကုန်တွင် မြန်မာဘက်သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၃၀

Photo- Global New Light of Myanmar
  • တရုတ်နိုင်ငံမှ မှာယူတည်ဆောက်ထားသည့် တွန်းဆွဲရေယာဉ်သစ်နှစ်စီး လုပ်ငန်းခွင်စတင် ဝင်ရောက်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ကျန်းမာရေးဆိပ်ကမ်းတွင် ကျင်းပရာ စစ်ကောင်စီ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးလှစိုးနှင့် အခြားစစ်ဘက်ဆိုင်ရာအရာရှိများဝန်ကြီးဌာနမှ အကြီးအကဲများ တက်ရောက်ကြသည်။
၂၀၂၁၊ စက်တင်ဘာ ၃၀

Photo- NUG
  • အမျိူးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန်၊ နှစ်ဘက်ကြား ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်သွားရန် အဆင့်သင့်ရှိနေကြောင်း အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ ၇၂ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အတွက် ပေးပို့သည့် သ၀ဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ရေးသားထားသည်။

 

၂၀၂၁၊ စက်တင်ဘာ ၂၉

Photo- UN
  • ကုလသမဂ္ဂအထွေထွေရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ် တင်သွင်းသည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို ထုတ်ခဲ့ပြန်ရာ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အတည်ပြုခဲ့သော်လည်း တရုတ်နိုင်ငံ အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ ထိုအစီရင်ခံမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်မှ ၂၀၂၁ ခုနှစ် သြဂုတ်အထိ လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းအား ကာကွယ်ရန် နိုင်ငံတကာအကူအညီများလိုအပ်သည်ဟု အန်တိုနီ ဂူတာရက်စ် က တိုက်တွန်းထားသည်။
၂၀၂၁၊ စက်တင်ဘာ ၂၈

Photo- Foreign Affairs Ministry of China
  • မြန်မာနိုင်ငံအကျပ်အတည်း အခြေအနေနှင့်  ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးအကြီးအကဲ၊ ဥရောပသမဂ္ဂကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ Josep Borrell နှင့် တရုတ်နိုင်ငံခြား ဝန်ကြီးဝမ်ယိတို့ အွန်လိုင်းမှ တဆင့်ကျင်းပသည့် ၁၁ကြိမ်မြောက် ဥရောပ-တရုတ် မဟာဗျူဟာ မြောက် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၇-၂၈

Photo- ကြေးမုံသတင်းစာ
  • တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းနင်းမြို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲနှင့် ဖိုရမ်သို့ စစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာချာလီသန်းသို့ အွန်လိုင်းမှတဆင့် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၆

Photo- Chinese Embassy in Myanmar
  • စစ်ကောင်စီမှဝယ်ယူထားသည့် တရုတ် Sinopharm ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး လေးသန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာနောက်ဆုံးပတ်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၆ ဒသမ ၆ သန်းရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၁၂ ဒသမ ၇ သန်းသည် စစ်ကောင်စီက ၀ယ်ယူခြင်းဖြစ်ပြီး ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း ဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၂၅

Photo- ကြေးမုံသတင်းစာ
  • တရုတ်နိုင်ငံဘက်မှ ဘလိတ်ဓားသွားဆူးကြိုးခြံစည်းရိုးကာရံမှုကြောင့် အငြင်းပွားမှု ဖြစ်ပွားနေသည့် ရှမ်းပြည် နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် စိုက်ထူထားသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ကျောက်တိုင် အမှတ် ဘီပီ ၁၄၁ နှင့် ဘီပီ ၁၄၂-၁ တို့အား ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့သို့စစ်ဆေးခဲ့ရာတွင် ဘီပီ ၁၄၂-၁ ၌ စိုက်ထူထားသော တိုင်များမှာ နယ်နိမိတ်မျဉ်းနှင့် ၁၀ မီတာ အတွင်း ဝင်ရောက်နေသည်ကို တွေ့ရှိရသဖြင့် တရုတ်ဘက်နိုင်ငံဘက်သို့ စာပို့ကန့်ကွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာတွင် ရေးသားထားသည်။
၂၀၂၁၊ စက်တင်ဘာ ၂၄

Photo- Global New Light of Myanmar
  • တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုးပြည်နယ်တို့ ပူးပေါင်းလုပ်ဆောင်သည့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် ဖွင့်ပွဲကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေတို့ တက်ရောက်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၁

  • တရုတ်၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ ပါဝင်သည့် ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း လုံခြုံရေး ပူးတွဲ ကင်းလှည့်မှု အစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။
၂၀၂၁၊ စက်တင်ဘာ၂၁- ၂၂

Photo- Global New Light of Myanmar
  • တရုတ်နိုင်ငံကဦးဆောင်သည့်  လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်း ဆောက်ရွက်မှု အစီအမံအောက်တွင် အဖွဲ့ဝင် နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပရာ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တတ်ရောက်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၀

  • မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးထားရန် တိုင်းနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များ အားလုံးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့ စက်တင်ဘာ ၉ ရက် တွင် တယ်လီဖုန်းမှတဆင့် ဆက်သွယ်ပြောဆိုရာ၌ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင် များအပေါ် လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်ဘက်က တောင်းဆိုခဲ့သောကြောင့် ညွှန်ကြားချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ တရုတ်သံအမတ်က မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်း နှင့်  ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်း အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို ဆောင်ရွက်ပေးနေသည်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တကောင်းတောင် နီကယ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြမှုများနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ရှိသည့်အတွက် ယင်းဖြစ်စဉ်အား စုံစမ်းပေးရန်နှင့် လုံခြုံရေးများကို ပိုမိုဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြောင်း ရေးသားခဲ့ကြသည်။
၂၀၂၁၊ စက်တင်ဘာ ၁၈

Photo- A Citizen Journalist
  • ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်အနီး နှစ်နိုင်ငံနယ်ကြားမှတ်တိုင် ၉၀(၂) နှင့်  ၉၀(၁) ကြားတွင် မီတာ ၃၀၀ ခန့်ရှိ မြေထိန်းနံရံ တည်ဆောက်ရန် တရုတ်က ပြင်ဆင်နေသည်ကို စစ်ကောင်စီက ကန့်ကွက်လွှာ တင်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၁၆-၁၉

Photo- Mingalar Magazine
  • ၁၇ ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးပြပွဲနှင့် သတင်းအချက် အလက် ဖြန့်ဝေပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ မြန်မာပိုးလမ်းမကြီး အသင်း (ဗဟို) ၊မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)၊ မြန်မာကွမ်တုံ ကုန်သည် ကြီးများ အသင်း (ဗဟို) နှင့် Myanmar iHome Group of Companies တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

 

၂၀၂၁၊ စက်တင်ဘာ၁၃

Photo- Mindon
  • မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအား ပုံမှန် ပြန်လည်ဖွင့်လှစ်ပေးရန်  (၂၀) ကြိမ်မြောက် အာဆီယံ−တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးကိရိယာများ လှူဒါန်းမှုကို ကျေးဇူးတင်ရှိ ကြောင်း ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်များ ပိုမို ခိုင်မာစေရေးအတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရေး အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် ရွှေလီနှင့် မူဆယ်ဂိတ်များ ဖွင့်လှစ်ခြင်းကို စဉ်းစားပေးရန် တရုတ်နိုင်ငံအား မေတ္တာရပ်ခံလိုကြောင်း ဦးအောင်နိုင်ဦးက ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၁၂

Photo- Chinese Embassy in Myanmar
  • တရုတ်နိုင်ငံမှ စစ်ကောင်စီ ဝယ်ယူထားသည့် Sinopharm အလုံးရေ လေးသန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်အထိ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက ထောက်ပံ့ခဲ့သော ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၂ ဒသမ ၆ သန်းရှိပြီဖြစ်သည်။ ထိုအထဲမှ ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံက လှူဒါန်းခြင်းဖြစ်ပြီး ၈ ဒသမ ၇ သန်းမှာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၁၀-၁၃

Photo- China-ASEAN Expo
  • တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲကို စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်း အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်။ ထိုပြပွဲတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီ ၁၄ ခုမှ ကုန်စည် ပြခန်း ၂၂ ခန်းကို ပြသခဲ့ပြီး စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချည်ထည်အမျိုးမျိုးနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်များ ပါဝင်ကြောင်း သိရသည်။
၂၀၂၁၊ စက်တင်ဘာ ၉

Photo- Global New Light of Myanmar
  • သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit)ကို  Video Conference စနစ်ဖြင့် ကျင်းပရာ မဲခေါင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်အပါအဝင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားမဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များက မိန့်ခွန်း ပြောခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေး အတွက်လိုအပ်သော ပစ္စည်းများ တင်သွင်းခွင့်ပြုခဲ့သည့် တရုတ်နှင့် ထိုင်းနိုင်ငံ၊ လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို အထူးလေယာဉ်များဖြင့် သယ်ဆောင်ပေးခဲ့သော ကမ္ဘောဒီးယားနိုင်ငံတို့အား အထူးကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၉

Photo- Foreign Affairs Ministry of China
  • တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားနှင့်ဆက်ဆံရေးဝန်ကြီးဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီတို့ ပူးတွဲကျင်းပသော တရုတ် ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို နန်နင်းမြို့တွင် ကျင်းပခဲ့သည်။ “နိုင်ငံရေး ပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆီသို့” ခေါင်းစဉ်ဖြင့်ကျင်းပသော ထိုဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးဘိုဘိုဦး အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှရှိ နိုင်ငံရေးပါတီ ၄၀ ကျော်မှ ခေါင်းဆောင်များ၊ လူငယ် အဖွဲ့အစည်းများ၏ တာဝန်ခံများတက်ရောက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၈

Photo- Chinese Embassy in Myanmar
  • အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)  တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး  ပြည်သူတွေအနေဖြင့် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် တိုက်တွန်းပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝိန်းပင်း က မြန်မာနိုင်ငံရှိ ဘက်စုံအင်အားစုများ၊ အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဥပဒေမူဘောင်အရ နိုင်ငံရေးဆွေးနွေးမှုများမှတဆင့် မြန်မာ့အကျပ်အတည်းကို အဖြေရှာရန်၊ လူမူ ဘဝ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီသို့ အသွင်ပြောင်းခြင်းကို အမြန်ဆုံး ပြန်လည်စတင်ရန်အတွက် တိုက်တွန်းသည့် မူဝါဒကို တရုတ်ဘက်က အမြဲလက်ကိုင်ထားကြောင်း ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၈

Photo- NLD
  • တရုတ်ကွန်မြူနစ် ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အကြား တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထား ကြောင်း ပါတီက ထုတ်ဖော်ပြောခဲ့သည်။ “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့” ဟု အမည်ပေးထားသော အစည်းအဝေးကို တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီဗဟို၏ နိုင်ငံခြားရေးဌာနနှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်ပါတီကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ထိုအစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများ အကြား နက်နဲသော အပြန်အလှန် ဆွေးနွေးမှုများရှိရေး၊ နိုင်ငံရေးဘုံသဘောတူညီချက်များ တည်ဆောက်ရေး၊ ဒေသတွင်း ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပါတီများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး (အထူးသဖြင့် မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများကြား) စီးပွားရေး နာလန်ထရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၁၊ စက်တင်ဘာ ၃

Photo- Chinese Embassy in Myanmar
  • ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သီးသန့် အသုံးပြုရန်အတွက် တရုတ်ဘက်မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး အလုံးရေ တသန်းနှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေး ဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများအား လွှဲပြောင်းပေးသည့် အခမ်း အနားကျင်းပခဲ့သည်။ ထိုကာကွယ်ဆေးများနှင့် ပစ္စည်းများကို  မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့်ဒေသများသို့ ပို့ဆောင်ပြီး တရုတ်ဘက်မှ ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်ကာ ကာကွယ်ဆေးထိုးနှံရေးအတွက် လမ်းညွှန် ပြသသွားမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

တရုတ်သံအမတ် ချန်းဟိုင်က တရုတ်ဘက်မှ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးကို ဆက်တိုက် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ပြီး  နှစ်နိုင်ငံကြား အထူးသဖြင့် မြန်မာနိုင်ငံနှင့် ယူနန်ပြည် နယ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အပြင်  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် အောက်ဖော်ပြပါကဏ္ဍများတွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းတွဲဖက်၍ ပူးပေါင်းဆောင်ရွက်မှုများအား ဖော်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်သံအမတ်ချန်းဟိုင်ကပြောခဲ့သည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့ပေးသည့်ပစ္စည်းများ လက်တွေ့အကောင်အထည်ဖော် အသုံးပြုနိုင်ရေးအတွက် ကူညီပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ကပ်ရောဂါ ကာကွယ်ရေး လုပ်ဆောင်ကာ တရုတ်-မြန်မာနယ်စပ်ရှိ ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မည်။ တရုတ်နိုင်ငံမှ ကိုဗစ် ကာကွယ်ဆေး ထပ်မံဝယ်ယူရာတွင်လည်း တရုတ်ဘက်က တက်တက်ကြွကြွ ကူညီပေးပြီး ၂၀၂၁ ခုနှစ် နှစ်မကုန်ခင် မြန်မာနိုင်ငံတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးရေး ရည်မှန်းချက် ပြည့်မြောက်အောင် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ဒုတိယအချက်အနေဖြင့် နယ်စပ်ဒေသ ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးကို အဆက်မပြတ် တွန်းအားပေး ဖော်ဆောင်မည်ဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကပ်ရောဂါနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များ မျှဝေမှုကို မြှင့်တင်ကာ တရားမဝင်နိုင်ငံဖြတ်ကျော်မှုကို တင်းကြပ်စွာတိုက်ဖျက်၍ ကပ်ရောဂါကူးစက်ပျံ့နှံ့သည့် “ကုန်းလမ်းကြောင်း”ကို တင်းကြပ်စွာထိန်းချုပ်ရန် တရုတ်ဘက်မှ မျှော်လင့်သည်။

တတိယအချက်အနေဖြင့်  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကိုဗစ်-၁၉ ကပ်ရောဂါ ကုသရေးစင်တာ တည်ဆောက်ရေး အပါအဝင် ကပ်ရောဂါကာကွယ်ရေးဂိတ်များ ရှေ့တိုးဖော်ဆောင်ခြင်းလုပ်ငန်း အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရန် ကြိုးပမ်း၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို နှစ်ဦးနှစ်ဖက်အတူ စီမံခန့်ခွဲမည်။ တရုတ်-မြန်မာ ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲနိုင်ခဲ့ရာ တရုတ်-မြန်မာ အပြန်အလှန် ချိတ်ဆက်ရေး အရည်အသွေးကို မြှင့်တင်နိုင်ခဲ့သည်။ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖော်ဆောင်ပြီး စီးပွားရေးနဲ့ ပြည်သူလူထုဘဝ တိုးတက်ရေးအတွက် တရုတ်ဘက်မှ ဆက်လက် ထောက်ခံ အားပေးမည်။

၂၀၂၁၊ စက်တင်ဘာ ၁

Photo- Aung Naing Oo’s Facebook
  • Hong Kong Trade Development Centre-HKTDC က ကြီးမှူးကျင်းပသော ခြောက်ကြိမ်မြောက် Belt and Road Summit ကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး သည် အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၁

Photo- Foreign Affairs Ministry of China
  • မြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့် ဒီမိုကရေစီအသွင်ပြောင်းလဲမှု ပြန်လည်အသက်ဝင်ရေး အတွက် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း  ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ဘက်ပေါင်းစုံများ၊ အစုအဖွဲ့များအားလုံးအနေဖြင့် တိုင်းပြည်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ကြည့်ကာ အခြေခံဥပဒေမူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေး မှုများမှတဆင့် အကျပ်အတည်းကို အဖြေရှာရန် တိုက်တွန်းကြောင်း ဝမ်ဝိန်းပင်းက ထပ်မံပြောခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၁

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံး ၅၀၀ ပေးအပ်ခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၀-၃၁

  • တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသော ရှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသဖြင့် တရုတ်ဘက်ခြမ်း ကကျယ်ဂေါင်မြို့ရှိ တရုတ်လူဦးရေ ၅,၀၀၀ ခန့်ကို တရုတ်အာဏာပိုင်များက အရေးပေါ် နေရာရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။ မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်ရှိ ပြည်သူများကို မိုင်ပေါင်း ၆၂ မိုင်ခန့် ကွာဝေးသော မန်စီမြို့ရှိ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ် ကုသရေးစင်တာများသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပြီး ၁၄ ရက်တာ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် တဦးချင်း ကိုဗစ်ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကျယ်ဂေါင် ဧရိယာတခုလုံးကို ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ထားပြီး မြန်မာဘက်မှ တရားမဝင် ဝင်ရောက်ခြင်း မပြုနိုင်ရန် အထူးကန့်သတ်မှုများ ပြုလုပ်ထားသည်ဟု ကြေညာခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၈

Photo- Chinese Embassy in Myanmar
  • စစ်ကောင်စီက ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ နှစ်သန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ် နောက်ဆုံးပတ်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉  ကာကွယ်ရေး စုစုပေါင်း ၇ ဒသမ ၆ သန်း ရှိပြီဖြစ်ပြီး ၎င်းတို့အနက် အလုံးရေ  ၂ ဒသ ၉ သန်းမှာ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး အလုံးရေ ၄ ဒသမ ၇ သန်းမှာ ရောင်းချခဲ့ခြင်းဖြစ်သည်။
၂၀၂၁၊ သြဂုတ် ၂၇

Photo- Chinese Embassy in Myanmar
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ထိန်ချုံးရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးမှ ရှမ်းပြည်နယ်အတွက် အောက်ဆီဂျင်အလုံး ၁၅၀ လှူဒါန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၆-၂၈

Photo- Mingalar Magazine
  • တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နယ်စပ်ဖြတ်ကျော် e-commerce အွန်လိုင်းနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၆

Photo- Chinese Embassy in Myanmar
  • တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)- အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာပင်လယ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို စတင်ဖွင့်လှစ်ကြောင်း လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Yang Haodong က ကြေညာခဲ့သည်။ အဆိုပါလမ်းကြောင်းသည် စင်ကာပူဆိပ်ကမ်းမှ ကုန်စည်များကို ရန်ကုန်ဆိပ်ကမ်းသို့ ရေကြောင်းလမ်းမှတဆင့် တင်ပို့ပြီး မန္တလေး-လားရိူး-သိန္ဒီ မှ ကိုးကန့်ဒေသ ချင်းရွှေဟော်ထိ ကုန်းလမ်းအတိုင်း တင်ပို့မည်ဖြစ်သည်။ ထို့မှတဆင့် ချင်းရွှေဟော်(မြန်မာ)မှ လင်ချန်း(တရုတ်) သို့ ကုန်လမ်း အတိုင်း ဆက်လက်သယ်ယူပြီး လင်ချန်းမှ ချိန်တူးသို့ ရထားလမ်းကြောင်း အတိုင်း ကုန်စည်များ တင်ပို့မည်ဖြစ်သည်။ ထို ကုန်စည်လမ်းကြောင်းမှာ တရုတ်၏အနောက်တောင် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက် ပေးသော မဟာဗျူဟာကျသည့် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်သည်။

 

၂၀၂၁၊ သြဂုတ် ၂၅

Photo- Chinese Embassy in Myanmar
  • ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Ta Shufu တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး တရုတ်ဘက်မှ ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီအတွင်းရေးမှူး Yang Haodong၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Xiahua တို့တက်ရောက်ခဲ့သည်။ မြန်မာဘက်မှ စစ်ကောင်စီက ခန့်အပ်ထားသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးခွန်သိန်းမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့ တက်ရောက်ကြသည်။
၂၀၂၁၊ သြဂုတ် ၂၄

Photo- Chinese Embassy in Myanmar
  • တရုတ်ကုန်သည်များ အသင်းချုပ်၏ အစီအစဉ်ဖြင့် မှာယူခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စတင်ခဲ့သည်။ ပထမအသုတ်ရောက်ရှိလာသော ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများတွင် ပါဝင်သည့် သူများအတွက် ဦးစားပေး ထိုးနှံပေးနေကြောင်းရေးသားထားသည်။
၂၀၂၁၊ သြဂုတ် ၂၄

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံးရေ ၁၄၀ ကို လှူဒါန်းခဲ့သည်။ တရုတ်သံအမတ်ချန်းဟိုင်က ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကပ်ရောဂါ တိုက်ဖျက်ရေး တိုက်ပွဲအတွင်း၌ စာမျက်နှာသစ် ဆက်လက်ရေးသားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ စုစုပေါင်း ကာကွယ်ဆေး ၅ ဒသမ ၆သန်း ထောက်ပံ့ခဲ့ပြီး ၂ ဒသမ ၉ သန်းမှာ အကြွင်းမဲ့ လှူဒါန်းပေးခြင်းဖြစ်ကာ နောက်ထပ် ကာကွယ်ဆေး အလုံးရေ သုံးသန်းကိုလည်း မကြာမီ ရက်ပိုင်းအတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက အောက်ဆီဂျင်စက်အလုံး ၁,၀၀၀ ကိုလည်း ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

၂၀၂၁၊ သြဂုတ် ၂၂

Photo- Chinese Embassy in Myanmar
  • တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ဘေဂျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တပ်မတော်သို့  လှူဒါန်း သည့် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ တရုတ်ကာကွယ်ရေး တပ်မတော်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) အလုံး ၄၀၀,၀၀၀၊ ဆေးထိုးအပ် ၄၀၃,၂၀၀၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံးက ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် အိမ်သုံးအောက်ဆီဂျင်စက် ၁ လုံး၊ တကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံ ၂၄၀၊ နှာခေါင်းစည်း ၁၀၃,၅၀၀၊ ဘေဂျင်းမြို့ မြန်မာသံရုံးမှလှူဒါန်းသည့် Carrimycin ဆေးပြား ၇၂,၀၀၀ နှာခေါင်းစည်း အခု ၁၀၀,၀၀၀ တို့ ပါဝင်ကြောင်းသိရသည်။

 

၂၀၂၁၊ သြဂုတ် ၂၁-၂၈

တရုတ်အာရှရေးရာ အထူးသံတမန် ဆွန်းကော့ရှန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်တို့ ၂၀၁၇ခုနှစ်ကနေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Photo- Global New Light of Myanmar
  • တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာရှရေးရာ အထူးသံတမန် ဆွန်းကော့ရှန်သည် မြန်မာနိုင်ငံသို့ တပတ်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း  ၏ သတင်းစာရှင်းလင်းပွဲတွင် အထူးသံတမန်၏ခရီးအတွင်း  မြန်မာနိုင်ငံရေး အခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဆွန်းကော့ရှန်၏ခရီးစဉ်အတွင်း တရုတ်၏ပေါက်ဖော်မူဝါဒသည် မြန်မာပြည်သူအားလုံးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အစုအဖွဲ့များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေဘောင်အတွင်းမှ နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရန် တရုတ်ဘက်မှမျှော်လင့်ကြောင်း၊ အာဆီယံ မှုငါးချက် ကိုလည်း အကောင် အထည်ဖော်ရန် တရုတ်ဘက်မှ ထောက်ခံကြောင်းပြောခဲ့သည်။ ထို့အပြင် မြန်မာအရေးတွင် ပြင်ပမှ မလျော်ကန်တဲ့ ကြားဝင်နှောင့်ယှက်ဆန့်ကျင်ပြီး မြန်မာ့လူမှုဘ၀ တည်ငြိမ်မှု ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ဖြစ်မြောက်ရေးအတွက် တရုတ်က အပြုသဘောဘက် ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်းပြောခဲ့သည်။ ထို့ပြင် တရုတ်ဘက်မှ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

 

၂၀၂၁၊ သြဂုတ် ၂၁

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများက မှာယူတင်သွင်းခဲ့သော Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ ၇၀၀,၀၀၀ နှင့် အခြား ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

 

၂၀၂၁၊ သြဂုတ် ၁၈

Photo- Global New Light of Myanmar
  • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ကုမ္ပဏီ Union Resources & Engineering Co.,ltd. (UREC) မှ မှာယူခဲ့သည့် တွန်း/ဆွဲရေယာဉ်သစ် နှစ်စင်းသည် ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ အဆိုပါ ရေယာဉ်သစ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် တင်ဒါခေါ်ယူခဲ့ရာ UREC က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၆သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ရက်တွင် လုပ်ငန်းစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုရေယာဉ်များသည် တနာရီ ရေမိုင် ၁၂ မိုင်နူန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတွင် ဝင်ထွက်သွားလာကြသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောများကြီး များအား တွန်းဆွဲခြင်း လုပ်ငန်းများ လုပ်နိုင်မည်ဟု ဖော်ပြထားသည်။
၂၀၂၁၊ သြဂုတ် ၁၈

Photo- Chinese Embassy in Indonesia
  • မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားသည့် ဒါတိုအီရီဝမ်ယူဆော့ဖ်နှင့်  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် ဝမ်ယိက အချက်လေးချက်ကို အဓိကထားပြောဆိုခဲ့သည်။

၁။ မြန်မာနိုင်ငံရှိ အင်အားစုအားလုံးနှင့် ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံ၍ တဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်ရန်။

၂။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်မှုကို ဦးစားပေးအဖြစ် ကူညီ၍ ရောဂါကပ်ဘေး တိုက်ဖျက်မှု အကူအညီများ သေချာရရှိနိုင်ရေး၊ ထိရောက်စေရေး ဆောင်ရွက်ရန်။

၃။ သည်းခံစိတ်ရှည်မှု၊ စိတ်ပိုင်းဖြတ်မှုထား၍ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေး မြှင့်တင် ဆောင်ရွက် ရေး လမ်းကြောင်းကို တစိုက်မတ်မတ် ကိုင်စွဲထားရန်။ နိုင်ငံတော်အာဏာကို ပြည်သူများထံ စနစ်တကျ ပြန်လည် အပ်နှင်း၍ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန်။ ဤသည်မှာ မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက်မျှသာမဟုတ်ဘဲ နိုင်ငံတကာမိသားစု၏ မျှော်လင့် ရည်မှန်းထားမှုများလည်း ပြည့်မီစေရန်။

၄။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်နေမှုများကို သတိကြီးကြီးထား စောင့်ကြည့်၍ ဆန့်ကျင်သွားရန်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လေးစား ရန်။

ဝမ်ယိက မြန်မာနိုင်ငံအပေါ် တရုတ်၏ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူပြည်သားအားလုံးအတွက် အမြဲ ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများကို တရုတ်နိုင်ငံမှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ့အရေးဖြေရှင်းမှုကို အပြည့်အဝထောက်ခံမည် ဖြစ်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှဆက်လက်ပါဝင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

၂၀၂၁၊ သြဂုတ် ၁၇

Photo- Chinese Embassy in Myanmar
  • တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ယူနန်ပြည်နယ် နိုင်ငံတကာ စီးပွားရေး နည်းပညာကူးလူးဖလှယ်ရေးစင်တာနှင့် ယူနန်ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ် (YNUFE) တို့က  မြန်မာနိုင်ငံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) မွမ်းမံ သင်တန်းပေးခဲ့သည်။ ထိုသင်တန်းကို မြန်မာနိုင်ငံ စီးပွားရေးဌာနများမှ သင်တန်းသား သင်တန်းသူ ၂၂ ဦး တက်ရောက်ခဲ့သည်။ တရုတ် သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu က တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး စသည့် ဘက်ပေါင်းများစွာနှင့် နှစ်ဦးနှစ်ဖက် အဆိုပြုချက်များတွင် အမြဲတစေ ရင်းနှီးစွာ ပူးပေါင်းဆောက်ရွက်လျက် ရှိကြောင်း၊ RCEP သည် တရုတ်-မြန်မာ နှစ်နိုင်ငံကြား လက်ရှိစီးပွားရေးဆိုင်ရာ အဆိုပြုချက် အားလုံးကို မြှင့်တင်နိုင်မည်ဖြစ်ကာ ကပ်ရောဂါအလွန် တွင် နှစ်နိုင်ငံ စီးပွားရေးပြန်လည် နိုးထရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၃

Photo- Chinese Embassy in Myanmar
  • ချုံချင်ပြည်နယ်အစိုးရမှ စစ်ကောင်စီကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများကိုလှူဒါန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၀

Photo- Chinese Embassy in Myanmar
  • ၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အစီအစဉ်မှ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စီမံကိန်း စုစုပေါင်း ၂၁ ခု အတွက် တရုတ်နှင့် မြန်မာအကြား စာချုပ်ချုပ်ဆိုခဲ့သည်။ စီမံကိန်းများ အကောင် အထည်ဖော်ရန် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ သန်းကို တရုတ်နိုင်ငံက စစ်ကောင်စီသို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၁၊ သြဂုတ် ၈

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac တသန်း ထပ်မံရောက်ရှိခဲ့သည်။ ထိုသို့ ရောက်ရှိကြောင်း ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံအစိုးရမှ ဝယ်ယူထားသော ဆေးဖြစ်ကြောင်း”ဟူ၍၊ ပထမဆုံး အနေဖြင့် စစ်ကောင်စီအား အစိုးရဟု တရုတ်သံရုံးက သုံးနူန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၇

Photo- The Voice of Myanmar
  • တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့အနီးတွင် သြဂုတ် ၄ ရက် နှင့် ၆ ရက်တို့တွင် လက်နက်ကြီး ကျည်များကျခဲ့ပြီး အဆောက်အဦတလုံးကို ကျည်ဆံထိမှန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီထံသို့ တရုတ်က သတိပေးစာပို့ခဲ့သည်။ ထိုစာတွင် သေနတ်ကျည်ဆံနှင့် အမြောက်ကျည်ဆံများ တရုတ်ပိုင်နက် အတွင်းကျရောက်ခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထို့သို ထပ်မံဖြစ်ပွားပါက တရုတ်ဘက်မှ ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေကိုလည်း ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာဘက်တွင် တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းပြီး နောက်နောင် အဆိုပါကိစ္စမျိုး မဖြစ်ပွားရန်ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။ ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းတွင် တရုတ်အာဏာပိုင်များသည် တရုတ်စစ်သားများကို နယ်စပ်သို့ စေလွှတ်ကာ လုံခြုံရေးအတွက် ကင်းချထားခဲ့သည်။
၂၀၂၁၊ သြဂုတ် ၄

Photo- The Jakarta Post
Photo- The Jakata Post
  • ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုဆရီ ဝမ်ယူဆော့ဖ်ကို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံ ခန့်အပ်လိုက်မှုအပေါ် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောခဲ့သည်။ အာဆီယံနည်းကို အသုံးချ၍ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြသာနာများအား ဖြေရှင်းရာတွင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တရုတ်နိုင်ငံဆက်လက်ပါဝင်မည်ဟု ပြောခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂၂

Photo- Chinese Embassy in Myanmar
  • တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm နှစ်သန်းနှင့် စစ်ကောင်စီမှ ၀ယ်ယူသော Sinovac တသန်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသည်။ တရုတ် သံအမတ် ချန်းဟိုင်က လတ်တလောတွင် တရုတ်-မြန်မာနယ်စပ်၌ အတည်ပြု လူနာသစ်များ တိုးပွားလာပြီး ယူနန်ပြည်နယ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအပေါ် သိသိသာသာ ဖိအားများလာသဖြင့် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြန်မာဘက်က နယ်စပ် စီမံ ထိန်းချုပ်ရေးနှင့် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးအပိုင်းတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့် ကြောင်းပြောခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂၁

Photo- China-Myanmar Cultural and Economic Exchange Center
  • တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေ ဦးဆောင်ပြီး တရုတ်-မြန်မာ စီးပွားရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ထိုဆွေး နွေးပွဲကို တရုတ်-မြန်မာ စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးစင်တာမှ စီစဉ်ခဲ့ပြီး စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ သစ်အချောထည် ပို့ကုန်လုပ်ငန်းများ၊ ချည်ထည် လုပ်ငန်းများ လုပ်ဆောင်သည့် တရုတ် စီးပွားရေး လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။

 

၂၀၂၁၊ ဇူလိုင် ၁၅

Photo- The Stringer
  • မြန်မာပညာတော်သင်များက စာပို့ မေတ္တာရပ်ခံထားသဖြင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ် ကာကွယ်ဆေး နှစ်သန်းထပ်မံ ကူညီမည့်အပြင် အရေးပေါ်လိုအပ်သည့် အသက်ရှူစက်များ၊ အောက်ဆီဂျင် စက်များ၊ နှာခေါင်းစည်းများ ထပ်မံထောက်ပံ့ပေးမည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၉

Photo- Global New Light of Myanmar
  • စစ်ကောင်စီ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆည်မြောင်း၀န်ကြီးဌာနဝန်ကြီးနှင့် တရုတ်သံအမတ်ချန်းဟိုင်တို့ အွန်လိုင်းမှတဆင့် အစည်းအဝေး ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။
၂၀၂၁၊ ဇူလိုင် ၃

Photo- Foreign Affairs Ministry of China
  • နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်အောင် ကူညီပေးရန် လိုအပ်ပြီး မသင့်လျော်သော ကြားဝင်မှုများ၊ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ရှား ရန် လိုအပ်ကြောင်း ၉ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါသည်။ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော ပြသာနာများသည် ပြည်တွင်းရေးသာ ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို ထောက်ခံကြောင်း ထပ်မံ ပြောဆိုခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂ 

Photo- Chinese Embassy in Myanmar
  • တရုတ်အစိုးရ လှူဒါန်းသော မြန်မာငွေကျပ် သိန်း ၂,၈၀၀ ခန့် တန်ဖိုးရှိသည့် ကပ်ရောဂါ ခုခံတိုက်ဖျက်ရေး ပစ္စည်းများကို မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၁၊ ဇွန် ၃၀

Photo- NUG
  • တရုတ် ကွန်မြူနစ် ပါတီ နှစ် ၁၀၀ ပြည့်နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဂုဏ်ပြု သဝဏ်လွှာ ပို့ခဲ့သည်။ အမျိုးသားညီညွှတ်ရေးအစိုးရသည် တရုတ်-မြန်မာစီးပွားရေး စင်္ကြံအောက်ရှိ စီမံကိန်းများ၏ အရေးပါမှုကို အထူး အလေးထားကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် အမျိုးသား ညီညွှတ် ရေးအစိုးရနှင့် လက်တွဲပူးပေါင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
၂၀၂၁၊ ဇွန် ၂၈

  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် Myanmar-China (Juangsu) Chamber of Commerce and Industry Incorporated တို့ ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ဆန်စပါး စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းတွင် စက်မှုဇုန်ပေါင်း ၂၉ ခု ရှိပြီး သီလဝါအထူး စီးပွားဇုန်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန် လုပ်ငန်းများ လာရောက် လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။
၂၀၂၁၊ ဇွန် ၂၄

Photo- Foreign Affairs Ministry of China
  • တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည် ထူထောင်ရေးဆိုင်ရာ အဆင့်မြင့်ညီလာခံကျင်းပရာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့သည်။
၂၀၂၁၊ ဇွန် ၁၉

Photo- UN
  • မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ဆိုင်းငံ့ရန် အပြင် နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်းပြန် လွှတ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေမဲပေးခဲ့သည်။ မြန်မာနိုင်ငံရှိ ပါတီများအားလုံး အနေဖြင့် မတူညီမှုများကို ဆွေးနွေးပြီး ပြသာနာများကို ဖြေရှင်းရန် တရုတ် နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၊ အိမ်နီးချင်းဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၏ အခြေအနေကို နီးကပ်စွာ စောင့် ကြည့်နေကြောင်း၊ မြန်မာ့အရေး အာဆီယံ၏ ကြားဝင် ဖြေရှင်းမှုသည် ကောင်းမွန်သော ရလဒ်များ ရလာမှာ ဖြစ် ပြီး တင်းမာနေသော အခြေအနေများအား လျော့ချနိုင်မည် ဖြစ်သောကြောင့် ထောက်ခံကြောင်း၊ ပြည်တွင်းရေး ကို ဝင်ရောက်နှောင့်ယှက်ပြီး ပိတ်ဆို့မှုများ လုပ်ခြင်းသည် ထိရောက်မှု မရှိဘဲ မြန်မာ့အရေးကို ပိုမိုဆိုးရွားအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ကို သတိချပ်ရန် လိုကြောင်း တရုတ်နိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၁၆

  • မြန်မာနိုင်ငံ၏ အခြေအနေမှာ တနေ့တခြား ဆိုးရွားလာပြီး တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပွား နိုင်သောကြောင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ ပိုမိုမြှင့်တင်ရန်၊ စောင့်ကြည့် ကင်မရာများ ပိုမိုတပ်ဆင်ရန်၊ လုံခြုံရေးဆိုင်ရာ အကာအကွယ်များ ဥပမာ ခိုင်ခံ့သော တံတိုင်းများ ကာရံရန်၊ တရုတ်သံရုံးနှင့်သာမက ဒေသန္တရ အာဏာပိုင် ရဲတပ်ဖွဲ့များနှင့်ပါ နီးကပ်စွာ ဆောင်ရွက်ရန်၊ မြန်မာ လုပ်သားများကို အလုပ် ဖြုတ်ပစ်ရမည့် အခြေအနေများ ရှိလာပါက ရှင်းလင်းစွာ ရှင်းပြပြီး ဆက်ဆံ ဆောင်ရွက်ရန်၊ ကိုဗစ် ရောဂါကာကွယ်ရေးကို ပိုမို ထိရောက်စွာ ပြုလုပ်ရန်၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်း မပြုရန်၊ အနည်းဆုံးတလစာ စားသောက်စရာများ အိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူ စုဆောင်း ထားခြင်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ် လိုအပ်ကြောင်း သတိပေးစာတစောင် WeChat တွင် ပြန့်နှံခဲ့သည်။ ယူနန်ပြည်နယ်ရှိ အာဏာပိုင်များက ထိုသတိပေးစာကိုထုတ်ပြန်ခဲ့သည်ဟု တရုတ် စီးပွားရေး လုပ်ငန်းရှင်များက ပြောသော်လည်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားခြင်းမရှိပေ။
၂၀၂၁၊ ဇွန် ၈

Photo- Foreign Affairs Ministry of China
  • စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သီးခြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်ပရေးရာ အပြောင်းအလဲများကြောင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချစ်ကြည် သော မူဝါဒကို ထိခိုက်မည်မဟုတ်ဟု ဝမ်ယိက ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ရွေးချယ်ရာ၌ ကူညီပံ့ပိုးသွားမည်၊စစ်ကောင်စီ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရန်၊ အနာဂတ်တွင် အကြမ်း ဖက်မှုများ ထပ်မံမဖြစ်ပွားအောင် ရှောင်ရှားရန်နှင့် တည်ငြိမ်မှုကို အမြန်ဆုံးပြန် လည်တည်ဆောက်ရန် တရုတ် နိုင်ငံကထောက်ခံကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးနှင့် ဆေးဝါး အထောက်အပံ့များ ပေးအပ်ခြင်း အပြင် နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံနှင့် ပူးတွဲ၍ ကပ်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သွားမည် ဖြစ် ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၇

Photo- Foreign Affairs Ministry of China
  • တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံသည် အာဆီယံ မိသားစုကြီး၏ မိသားစုဝင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် အာဆီယံမှ အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းနှင့် အာဆီယံ မူဘောင်အောက်၌ “သဘောတူညီချက် ငါးချက်” ကို ဆက် တိုက် အကောင်အထည်ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံအခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအခြေအနေကို များစွာ ဂရုပြုလျက်ရှိပြီး ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၅

Photo- MRTV
  • စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ချန်းဟိုင်နှင့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံကြောင်းထုတ်ပြန်သည်။ ထိုတွေ့ဆုံပွဲတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လိူင်က အာဆီယံ သဘောတူညီချက်များကို ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ တရုတ်-မြန်မာ တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဍမောင်လွင်တတ်ရောက်ခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဖိတ်ကြားခဲ့ကာ ပြင်ဆင်စရာများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
၂၀၂၁၊ မေ ၂၆

Photo- Yunnan Authority
  • မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်ရှိနေထိုင်ကြသော တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်အတွင်း သတ်မှတ်နေရာများ၌ ပြန်လည် မှတ်ပုံတင်ရန် ယူနန်ပြည်နယ်အစိုးရက အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကို ဇွန် ၁၂ရက်နှင့် ဇွန် ၂၁ရက်နေ့များတွင် ထပ်မံထုတ်ပြန်ခဲ့ကာ နေရပ်ပြန်ပြီး သတင်းပို့ရန် ပျက်ကွက်သော တရုတ်နိုင်ငံသားများသည် အိမ်ထောင်စုစာရင်းများ၌ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားသည်။
၂၀၂၁၊ မေ ၁၉

Photo- ISP-Myanmar China Desk
  • ယူနန်ပြည်နယ်အစိုးရ၏ နိုင်ငံခြားရေးရာရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Hao Kun နှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်တို့ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်များ တည်ထောင်ရေးအတွက် ဆွေးနွေးခဲ့သည်။
၂၀၂၁၊ မေ ၁၂

ဦးမောင်မောင်အုန်း
Photo- Wikipedia
  • ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-တရုတ် ခရီးသွား မြှင့်တင့်ရေး အဖွဲ့ဝင် များနှင့် တွေ့ဆုံပြီး တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာရေးကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်ခရီးသွားများလာရောက်ပါက အဆင်ပြေစေရန် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
၂၀၂၁၊ မေ ၂

Photo- Chinese Embassy in Myanmar
  • တရုတ်နိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ထိုကာကွယ် ဆေးများမှာ ယခုနှစ် အစောပိုင်းတွင် မြန်မာကိုပေးရန် ကတိပြုထားသော အလုံးရေ ၃၀၀,၀၀၀ နှင့် မြန်မာ စစ်တပ်ကို လှူဒါန်းသော ဆေးအလုံးရေ ၂၀၀,၀၀၀ ပါ၀င်သည်။
၂၀၂၁၊ ဧပြီ ၂၆

Photo- Foreign Affairs Ministry of China
  • တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝိန်းပင်း က အာဆီယံ ခေါင်းဆောင်များ အထူး အစည်းအဝေးကို ကြိုဆိုကြောင်း ပြောခဲ့သည်။ ထို့အပြင် ဘက်အသီးသီးက အားလုံး ပါဝင်နိုင်သည့် “အာဆီယံ ပုံစံ” ဖြင့် မြန်မာနိုင်ငံအခြေအနေ တင်းမာမှုကို ဖြေလျော့ရန်အတွက် အစကောင်းတခု စတင်ပေးခြင်း ဖြစ် ကြောင်း ပြောပါသည်။ အာဆီယံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရေးကို တက်တက်ကြွကြွ ကူညီပေးကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း တည်ငြိမ်မှုကို လက်တွေ့ကျကျ ထိန်းသိမ်းပေးနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောခဲ့ပါသည်။
၂၀၂၁၊ ဧပြီ ၂၂

Photo- CGTN
  • မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေး မကျင်းပမီ နှစ်ရက်အလိုတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြသာနာများကို အမှန်တကယ် မဖြေရှင်းပေးနိုင်သည့် ပြင်ပ စွက်ဖက်မှုများကို ကာကွယ်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောခဲ့သည်။ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တယ်လီဖုန်းမှတဆင့် ပြောဆိုရာ၌ ပြင်ပစွက်ဖက်မှု များသည် မတည် မငြိမ်မှုများကို ဖန်တီးစေမည့်အပြင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများအား ပိုမို ဆိုးရွားသည့် အခြေ အနေသို့ တွန်းပို့လိမ့်မည်။ ထိုသို့ ဆိုးရွားသည့် အခြေအနေများသည် ဒေသတွင်း တည်ငြိမ်မှု ကိုပါ ထိခိုက်စေလိမ့် မည်ဟု ဝမ်ယိက ပြောခဲ့သည်။
၂၀၂၁၊ ဧပြီ ၂

Photo- Foreign Affairs Ministry of China
  • မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်၏ မူ ခြောက်ချက်ကို ဖူးကျင့်ပြည်နယ်တွင် ကျင်းပသော တရုတ်နှင့်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး အပြီးတွင် ၀မ်ယိက ထုတ်ပြန်ခဲ့သည်။ မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်၏ ထောက်ခံမှု သုံးချက်မှာ (၁) မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးသည် နိုင်ငံရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ဆောင်ရန် (၂) အခြားနိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုသော အာဆီယံ၏မူကို ကိုင်စွဲပြီး အပြုသဘောဖြင့် ပါဝင် ကူညီမှုအား ထောက်ခံခြင်း (၃) အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်နေသော တင်းမာမှု များအား လျော့ကျစေရန် အာဆီယံမူဘောင်အတွင်းမှ ကြိုးပမ်းမှုများကို ထောက်ခံသည်။ တရုတ်၏ ရှောင်ရှားမှုသုံးချက်မှာ (၁) လက်ရှိ အခြေအနေများကို ထပ်မံ ဆိုးရွားစေမည့် သွေးထွက်သံယိုမှုများ ဖြစ်လာမည်ကို ရှောင်ရှားရန်၊ (၂) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်ပြီး နိုင်ငံရေး အခြေအနေများကို ပိုမိုရူပ်ထွေးစေနိုင်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကြားဝင်မှုများကို ရှောင်ရှားရန် (၃) မြန်မာ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ပြီး ပြင်ပမှ မီးထိုးမှု များကြောင့် အခြေအနေ ပိုမိုဆိုးရွားစေမှုများကို ရှောင်ရှားရန်တို့ ဖြစ်သည်။
၂၀၂၁၊ ဧပြီ ၁

Photo- The Diplomat
  • မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှု (သို့မဟုတ်) အခြား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဆိုသော ရေးသားချက်များ ပါသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တတိယအကြိမ် ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။ တရုတ် နိုင်ငံ၏ကန့်ကွက်မှုကြောင့် ပြင်းထန်သော အသုံးအနူန်းများအစား ပျော့ပျောင်းသော အသုံးအနှုန်းများ ပြောင်းလဲ သုံးစွဲခဲ့ရသည်။ ဥပမာ “ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခြင်း (သို့မဟုတ်) အခြားသော ပြင်းထန်သည့် အရေး ယူမှုများ ဆောင်ရွက်ခြင်း “စာသားကို ပယ်ဖျယ်ပေးခဲ့ရပြီး “သတ်ဖြတ်ခြင်း” ၊ “ရှုံ့ချခြင်း”စသော စကားလုံး အသုံး အနှုန်းများကို ပျော့ပြောင်းသော အသုံးအနှုန်းများဖြင့် ပြောင်းလဲ သုံးစွဲပေးခဲ့ရသည်။
၂၀၂၁၊ မတ် ၃၀

Photo- Permanent Mission of China to United Nations
  • မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့် လေ့လာနေပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် တရုတ် ကုသမဂ္ဂကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။ မြန်မာနိုင်ငံမှ ပါတီများ အားလုံးသည် အကျပ် အတည်းများ လျော့ကျရေးနှင့် အခြေအနေများ တည်ငြိမ်ရေးအတွက် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်သာမက နိုင်ငံခြားသား များ၏ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုများကိုလည်း ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူများအား ထိခိုက်စေမည့် မည့်သည် လုပ်ရပ်မျိုးမဆို လက်ခံနိုင်စရာမရှိကြောင်း ကျန်းကျွင်းက ပြောခဲ့သည်။ ထို့အပြင် ပဋိပက္ခများ ရပ်တန့်သွားရေးနှင့် တင်းမာနေသော အခြေအနေများ လျော့ချ နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပါတီများအားလုံးနှင့် တရုတ်နိုင်ငံက ဆက်သွယ် ဆောင်ရွက်သွားမည်ဟုဆိုသည်။
၂၀၂၁၊ မတ် ၂၈

Photo- MOFA(NUG)
  • တရုတ်သံရုံးမှ တာဝန်ရှိသူတဦးနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီမှ ဒေါ်ဇင်မာအောင်တို့ တယ်လီဖုန်းမှတဆင့် ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေး အတွက် စိုးရိမ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် အတည် ပြုခဲ့သော ရင်းနှီး မြှုပ်နှံမှုများ ဖြစ်ကြောင်း တရုတ်အရာရှိက ပြောခဲ့သည်။ ထို့အပြင် တရုတ်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီအကြား ဆက်သွယ်ရန် လမ်းဖွင့်ထားမည်ဟု ပြောဆိုခဲ့သည်။ သို့သော် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် တရုတ်နိုင်ငံက မည်သို့ ကြားဝင် စေ့စပ်ပေးမည် ဆိုခြင်းကို ရှင်းရှင်း လင်းလင်း ပြောဆို ခဲ့ခြင်းမရှိပေ။
၂၀၂၁၊ မတ် ၂၇

Photo- Global New Light of Myanmar
  • ၇၆ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တရုတ်အပါအဝင် နိုင်ငံရှစ်နိုင်ငံမှ စစ်သံမှူးများ တတ်ရောက်ခဲ့ သည်။ တရုတ်နှင့်အတူ ရှရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယမ်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ တက် ရောက်ခဲ့ခြင်းဖြစ်ပြီး အနောက်နိုင်ငံများမှ သံတမန်များ မတက်ခဲ့ပေ။ အာဏာသိမ်းရသည့် အကြောင်း အရင်း များကို တပ်မတော်နေ့ အခမ်းအနား တက်ခဲ့သည့် နိုင်ငံခြားစစ်သံမှူးများအား စစ်ကောင်စီက သီးသန့် ရှင်းပြခဲ့ သည်။
၂၀၂၁၊ မတ် ၂၄

Photo- Chinese Embassy in Russia
  • မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး တရုတ်နှင့် ရှရှားက အလွန်အမင်း စိုးရိမ် ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် ရှရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့က ရှရှား၀န်ကြီး၏တရုတ်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေး မှုမှတဆင့် အဖြေရှာရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေ မူဘောင်အတွင်းမှ ပြသာနာများကို အဖြေရှာကြရန် ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ မတ် ၁၇

Photo- The Japan Times
  • မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တရုတ်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံမှ ထွက်ခွာရန် ညွှန် ကြားထားသည်ဟု မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ သို့သော် ထိုသို့ ထုတ်ပြန်ထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ခဲ့သည်။
၂၀၂၁၊ မတ်  ၁၄

မီးလောင်ပျက်စီးခဲ့သည့် စက်မှုဇုန်များသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြည့်ရှုစဉ်။
Photo- Office of the Commander-in-Chief of Defence Services
  • ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်တွင် စက်ရုံများ တိုက်ခိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် ရင်းနှီး မြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် တောင်းဆိုကြောင်း တရုတ်သံရုံးက ချက်ချင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဖျက်ဆီး၊ လုယက်၊ မီးရှို့ခံရသည့် အခြေအနေမှာ အလွန် ပြင်းထန် ဆိုးရွားကြောင်း၊ မြန်မာဘက်မှ ထိရောက်သော အစီအမံများ ဆောင်ရွက်ကာ အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်ရန်၊ သက်ဆိုင်ရာ ကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးပြီး မြန်မာနိုင်ငံရှိ တရုတ် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အာမခံချက်ရှိစေရန် တရုတ်ဘက်က တောင်းဆိုကြောင်း စသည်ဖြင့် ပြင်းထန်သော ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ မတ်  ၁၁

Photo- Myanmar Gazette
  • မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အခြားသော စီမံကိန်းများ၊ မူဝါဒများအား လေ့လာသုံးသပ်ခြင်း၊ မူဝါဒများ ချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းထားသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရေး ဦးဆောင်ကော်မတီ” ကို စစ်ကောင်စီက ခန့်အပ်သည့်သူများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၂၁၊ မတ်  ၁၀

Photo- United Nations Security Council
  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ဒီမိုကရေစီအရေး ဆန္ဒပြသူများ သတ်ဖြတ်ခံရသည့် ကိစ္စကို ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့သည်။ သို့ရာတွင် တရုတ်နှင့် ရှရှားတို့၏ ကန့်ကွက်မှုကြောင့် “စစ်တပ်၏မတရားအာဏာသိမ်းမှု” ဟူသော အသုံးအနူန်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဆိုသော စာသားတို့ကို ပယ်ဖျက်ပေးခဲ့ရသည်။
၂၀၂၁၊ မတ်  ၇

Photo- Foreign Affairs Ministry of China
  • တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၁၃ ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အဆိုပြုချက် သုံးခုကို တင်ပြခဲ့သည်။ ထိုအချက်များမှာ သွေးထွက်သံယိုမှုများ နောက်ထပ် မဖြစ်ပွားစေရန် ကြို တင် ကာကွယ်ခြင်းနှင့် အခြေအနေတင်းမာမှုများ အမြန်ဆုံး ဖြေလျှော့ပေးရန်၊ အာဆီယံနည်းလမ်းဖြင့် ဘုံသဘော တူညီချက် ရရှိအောင် ကြားဝင်စေ့စပ် ဖျန်ဖြေခြင်းကို တရုတ်ဘက်မှ ထောက်ခံကြောင်း စသည်တို့ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ဆန္ဒကို လေးစားပြီး ဘက် အသီးသီးနှင့် ထိတွေ့ ဆက်ဆံ၍ အခြေအနေ တင်းမာမှုများ လျော့ချရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုသည်၊ မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ မည်သို့ပင် ရှိစေကာမူ တရုတ်နိုင်ငံ၏ တရုတ်-မြန်မာဆက်ဆံရေး မြှင့်တင်ရန် သန္နိဋ္ဌာန်စိတ်ထားသည် ယိမ်းယိုင်လိမ့်မည် မဟုတ်ကြောင်းဖော်ပြ ထားသည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၆

Photo- Global New Light of Myanmar
  • ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးချစ်နိုင်နှင့် China Central Televsion (CCTV) ၏ Chief Correspondent ၀မ်ယူတို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများနှင့် မြန်မာ-တရုတ် ခရီးသွားဆိုင်ရာ အစီအစဉ်များ အပြန်အလှန် ထုတ်လွှင့်ပြသမည့် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၃

Photo- South China Morning Post
  • မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး အမြင်များ မြင့်တက်နေပြီး တရုတ် စီမံကိန်းများ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားနေကြချိန်၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပရန် တရုတ်ဘက်က တောင်းဆိုခဲ့သည်။ ထိုအစည်းအဝေးကို တရုတ် ဘက်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးရာဌာန ဦးဆောင်ညွှန်ကြားရေးမှူး Bai Tian ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်၊ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ အထွေထွေသံမှူး ချန်းချန်းတို့ တက်ရောက်ခဲ့သည်။ အစည်းအဝေး၏ ခေါင်းစဉ်မှာ “မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ၏ အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး”ဟု ပေါက်ကြားလာသော မှတ်တမ်းများအရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က ပိုက်လိုင်းမှာ တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းအတွက် အရေးပါသော စီမံကိန်းဖြစ်သည်၊ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော စီမံကိန်းဖြစ်သည်၊ ပိုက်လိုင်းလုံခြုံရေးနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေး တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၉

Photo- Foreign Affairs Ministry of China
  • မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အထူးအစည်းအဝေးပွဲကျင်းပရန် အာဆီယံက ပြင်ဆင်နေချိန်တွင် တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းမှတဆင့် ဆက်သွယ် စကား ပြောခဲ့သည်။ ပေကျင်းအနေဖြင့် မြန်မာနိုင်ငံအရေး အာဆီယံ၏ ကြားဝင် စေ့စပ်ညှိနိူင်းခြင်းကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။ အခြေအနေ မတည်ငြိမ်မှုများသည် မြန်မာပြည်သူ လူထုအတွက် အကျိုးမပြုသည့်နည်းတူ၊ အာဆီယံနိုင်ငံ၏ ဘုံအကျိုးစီးပွားအတွက်လည်း အကျိုးမရှိစေကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၈

ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်
Photo- Foreign Affairs Ministry of China
  • တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည် ငြိမ်မှုများနှင့် နိုင်ငံရေး အပြောင်းအလဲကို တရုတ်နိုင်ငံက ထောက်ခံသည် ဆိုခြင်းမှာ ကောလာဟလဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပျက်ပြားစေရန် သွေးထိုးနေခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ် ကုမ္ပဏီများ၊ တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် ဆက်ဆံရေး တိုးမြှင့်လာရန် အထောက်အပံ့ ပေးနေသူများ ဖြစ်သောကြောင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးရန် မြန်မာနိုင်ငံက လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။ ထို့အပြင် တရုတ်စစ်တပ်က မြန်မာစစ်တပ်ကို ကူညီနေသည်ဆိုပြီး အင်တာနက် ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံနေ သော ပုံများမှာ မဟုတ်မမှန်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ဖြေရှင်းချက် ထုတ်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၅

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံရှိ ပြည်သူများအကြား တရုတ်နိုင်ငံအပေါ် မကျေနပ်မှုများ မြင့်တက်နေချိန်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ချန်းဟိုင်က သတင်းမီဒီယာများကို စာပို့ကာ ဖြေရှင်းခဲ့သည်။ တရုတ်နိုင်ငံက မြန်မာစစ်တပ်၏ အာဏာ သိမ်းမှုနှင့် ပတ်သက်ပြီး ကြိုတင်မသိရှိခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ တပ်မတော်တို့နှင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများသည် တရုတ်နိုင်ငံမှ မြင်တွေ့ချင်သည့် ပုံစံမျိုး လုံးဝမဟုတ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ အရေး ပေါ်အခြေအနေကြေညာမှု၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီးခံရခြင်းအပေါ် များစွာ စိုးရိမ်ကြောင်းနှင့် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင်လည်း တရုတ်နိုင်ငံက ထောက်ခံခဲ့ကြောင်း၊ အိမ်နီး ချင်းနိုင်ငံတခု အနေဖြင့် ဆက်ဆံရေး ကောင်းမွန်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ အထင်အမြင်လွဲမှားမှုများ ပပျောက်စေနိုင်ရန် ကောလာဟလ သတင်းများအား ချေပသည့်ရှင်းလင်းချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အချိန်မီထုတ်ပြန် ကြေညာ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၃

Photo- Chinese Embassy in Myanmar
  • တရုတ်နည်းပညာ၀န်ထမ်းများအား မြန်မာနိုင်ငံသို့ စေလွှတ်သည် ဆိုသော စွပ်စွဲချက်များမှာ အခြေအမြစ် မရှိ ကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေ ရှင်းရန် တိုက်တွန်းကြောင်း ရေးသားထားသည့်စာကို ဂလိုဘယ်တိုင်းမ်သတင်းစာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်က ပေးပို့ခဲ့သည်။ ထို့အပြင် China Internet Space Research Institute ၏ ဒါရိုက်တာ ချင်အန်းကလည်း မြန်မာနိုင်ငံ၏ အင်တာ နက် စီမံခန့်ခွဲခြင်းသည် ပြည်တွင်းရေးသာဖြစ်ပြီး တရုတ်နိုင်ငံက မည်သည့်အခါမျှ ၀င်ရောက် စွက်ဖက်ခြင်းမရှိ ဟု ထပ်မံ ငြင်းဆိုခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၂

ဒေါ်အောင်ဆန်းစုကြည်အား မေလ ၂၄ရက်နေ့က နေပြည်တော်တရားရုံးတွင်တွေ့ရစဉ်။
Photo- Office of Commander Chief
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား တာဝန်ရှိသူများကို ချက်ချင်း ပြန်လွှတ် ပေးရန်၊ တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား အကြမ်းဖက် နည်းလမ်းသုံး၍ ဖြိုခွင်း နေမှုများအား ရှောင်ရှားရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တောင်းဆိုခဲ့သည်။ အဆိုပါ သဘော တူညီချက်တွင် ၎င်းတို့ ပါဝင်ခြင်းမရှိဟု ရုရှားနှင့်တရုတ်တို့က ပြောကြားခဲ့ပြီး ဗြိတိန်နှင့် ဥရောပ သမဂ္ဂတို့က တင်ပြလာသော ဆုံးဖြတ်ချက်ကို ၄၇ နိုင်ငံပါဝင်သည့် ဂျနီဗာညီလာခံက မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ အတည်ပြု ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ချန်ရှု့က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာစစ်တပ်ကို အတင်းဖိအားပေး၍ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း၊ မြန်မာနိုင်ငံရှိ ဘက် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးကာ ပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံက ကြားဝင် ညှိနှိုင်းပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၀

Photo- Chinese Embassy in Myanmar
  • မြန်မာနိုင်ငံတွင် Great Firewall ဆောက်ရန်အတွက် နည်းပညာဝန်ထမ်းများကို ကုန်တင် လေယာဉ်များဖြင့် ပို့ဆောင်နေသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း China Enterprises Chamber of Commerce in Myanmar က သတင်း ထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ပျံသန်းသွားလာသည့် လေယာဉ်များမှာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်များဖြစ်ပြီး ပင်လယ်စာစသည့် ပို့ကုန်သွင်းကုန်ပစ္စည်းများ ပို့ဆောင်ခြင်းသာ ဖြစ် ကြောင်း၊ အင်တာနက်ပေါ်ရှိ ကောလာဟလများအား မယုံကြည်ရန်နှင့် ဖြန့်ဝေခြင်း မပြုရန် ပန်ကြားကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၄

ကုသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဗြိတိန် ကိုယ်စားလှယ် ဘာဘရာဝုဒ်ဝဒ်
Photo- UNTV
  • ကုသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ကြေညာချက်ကို ကောင်စီအလှည့်ကျ ဥက္ကဌ ဘာဘရာဝုဒ်ဝဒ် က ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် တရုတ်၏ ကန့်ကွက်မှုကြောင့်စစ်ကောင်စီကို ရှုတ်ချသောအသုံးအနှုန်းများ မပါဝင်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြားသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်၊ အရေးပေါ် အခြေအနေကြေညာခြင်းကို လုံခြုံရေးကောင်စီအဖွဲ့များအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ထည့်သွင်း ရေးသားထားသည်။ ထိုထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာတွင်တင်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂

Photo- Just Security
  • မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သော စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အရေးပေါ် ကြေညာချက်ထုတ်ရန် ကုသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းခဲ့သည်။ ထိုကြေညာချက်တွင် စစ်အာဏာသိမ်းခြင်း၊ အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းတို့နှင့် ပတ်သက်၍ တပ်မတော်ကို ရှုတ်ချရန် ဆွေး နွေးရာ၌ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်
Photo- Foreign Affairs Ministry of China
  • တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်းက မြန်မာနိုင်ငံတွင် ဖြစ်နေသည့် အခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်းနှင့် အခြေအနေကို ပိုမိုနားလည်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည် ရင်းနှီး သော အိမ်နီးချင်းနိုင်ငံ ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဘက်အသီးသီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းမှ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်းရန်၊ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။

 


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။