ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဩဂုတ်လ ဒုတိယပတ် (ဩဂုတ် ၈ ရက်မှ ၁၄ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်မြန်မာဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းများနှင့် သုံးသပ်ချက်ပေါင်း ၄၃ ပုဒ် ကျော်ကို ISP-Myanmar China Desk က စုစည်းနိုင်ခဲ့သည်။

ကုန်သွယ်ရေး

တရုတ်သို့ ဆန်တင်ပို့ခွင့်ရကုမ္ပဏီများ အကန့်အသတ်မရှိ တင်ပို့ခွင့်ရထားသော်လည်း တဝက်ခန့်သာ တင်ပို့မှုရှိနေသည်ဟုသောသတင်းမှာ သတိပြုဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်နှင့် ပတ်သက်၍ အကန့်အသတ်မရှိတင်ပို့နိုင်ရန် ပြည်တွင်းကုမ္ပဏီ လေးဆယ့်သုံးခုအား ဇူလိုင်၁၀ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီ နှစ်ဆယ့်နှစ်ခုခန့်သာ တင်ပို့၍ ကျန်တဝက်ခန့်မှာ အခြေအနေစောင့်ကြည့်လျက်သာ ရှိနေသည်ကို တွေ့ရသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲများကို ဖြေရှင်းရန် အစိုးရများ အကြား ဆွေးနွေးမှုများ ရှိသော်လည်း သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ မတွေ့ရသေးပေ။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အစားထိုးမြန်မာယာဉ်မောင်း၂၀၀ တိုးမြှင့်ပေးရန် တရုတ်တောင်းဆိုသော သတင်းမှာလည်း အာရုံစိုက်ဖွယ်ဖြစ်သည်။ လက်ရှိတွင် ပို့ကုန်များတင်ဆောင်ထားသော မြန်မာကုန်တင်ယာဉ်များကို နယ်စပ်ဝင်ပေါက်အနီးသို့သာ ဝင်ခွင့်ပေးပြီး ၎င်းနေရာတွင် ယာဉ်မောင်းအလဲအလှယ်ပြုလုပ်ကာ ကျန်းမာရေးစစ်ဆေးထားသော မြန်မာယာဉ်မောင်းများကိုသာ လဲလှယ်မောင်းနှင်စေခြင်းဖြစ်သည်။ အစားထိုးယာဉ်မောင်း ၂၆ယောက်သာ ရှိသော မူဆယ်၊ရွှေလီလမ်းကြောင်းတွင် တရုတ်အစိုးရ၏တောင်းဆိုမှုက ကုန်သွယ်ရေးပိုမိုမြန်ဆန်လာစေနိုင်သည်ဟု မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဌက ပြောကြားခဲ့သည်။ အခြားထူးခြားသော သတင်းတပုဒ်မှာ ရွှေဝယ်ယူသူများ တရုတ်ရွှေအတုများကို သတိထားကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးက ပြောကြားခဲ့သော သတင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု

ပုသိမ်တွင် အပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း အကောင်အထည်ဖော်မည် ဟူသောသတင်းမှာ အာရုံစိုက်စရာဖြစ်သည်။ အဆိုပါ စီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပုသိမ်စက်မှုဇုန်မြို့တော်အတွက် အဓိက ဘက်စုံထောက်ပံ့ ပို့ဆောင်ရေး ကဏ္ဍတစ်ခုဖြစ်သည်။ အဆိုပါ စက်မှုဆိပ်ကမ်းတွင် နိုင်ငံတကာအဆင့်မီဆိပ်ကမ်း၊ ကုန်လှောင်ရုံ၊ ကုန်သေတ္တာရုံ စသည်ဖြင့် အခြေခံအဆောက်အအုံများ အပြည့်အစုံပါဝင်မည်ဖြစ်ပြီး နောင်တွင် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်မည့် နိုင်ငံတကာဆိပ်ကမ်းတခုဖြစ်ပေါ်လာစေရန် အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။ တရုတ်အစိုးရပိုင်ကော်ပိုရေးရှင်းတခုက လုပ်ပိုင်ခွင့် ရရှိထားသည့် ချောင်းသာရှိ လေအားလျှပ်စစ် စီမံကိန်းကို  ၂၀၂၂-၂၃တွင် အပြီးဆောင်ရွက်ရန်ရှိကြောင်း အစိုးရကထုတ်ပြန်သည့် စီမံကိန်းဘဏ်စာရင်းတွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၆၅သန်း ကုန်ကျမည်ဖြစ်သည်။  ‌ထို့အပြင် တရုတ်ကုမ္ပဏီအများစု ဝင်ရောက်ယှဉ်ပြိုင်ထားသော ၁၀၆၀ မဂ္ဂါဝပ်ထွက်ရှိမည့် ဆိုလာစီမံကိန်း ၃၀ အတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီများစာရင်းကို မကြာခင်ကြေညာသွားမည်ဟု သိရသည်။

နယ်စပ်ဒေသငြိမ်းချမ်းရေး

ဩဂုတ်လ ၅ ရက်နေ့က တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ နောင်ခေါ် ကျေးရွာတွင် လက် နက်ငယ်များ ပစ်ခတ်သံများကြောင့် မြို့နေလူထု စိုးရိမ်ကြောက်လန့်မှုများ ရှိလာကာ တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိခဲ့သည်။ ထို့ကြောင့် နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး သွားရောက်ညှိနှိုင်းပေးခဲ့ ကြောင်း မူဆယ်မြို့နယ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

မှုခင်း

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း မန္တလေးမြို့သို့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်လာမှု များပြားနေပြီး ဇူလိုင်လကုန်ထိ စာရင်းများအရ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၇၁ ဦး အား အရေးယူထားသည်။ ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား စုစုပေါင်း ၁၉ ဦး ရှိသည်။ ထူးခြားသော မှုခင်းသတင်းတခု အနေဖြင့် ဩဂုတ် (၁၀) ရက်နေ့က မြဝတီမြို့၌ တရုတ်နိုင်ငံသားတဦး၏လက်ဝယ်တွင် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၃၄၆၀၀ဖိုးခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့သည်။

အခြား

တရုတ်နိုင်ငံမှ လှူဒါန်းမည့် ယွမ်သန်း ၄၀၀ အနက် ယွမ်လေးသန်းအား ကချင်ပြည်နယ်ရှိ ကျေးရွာသုံးရွာမှ နေရပ်စွန့်ခွာရသူများအတွက် နေအိမ်များပြုပြင်တည်ဆောက်ကာ ပြန်လည်နေရာချထားရေးအတွက် လုပ်ဆောင်လျက်ရှိသည်။

ယခုတပတ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံရောက် နေရပ်ပြန်မြန်မာအလုပ်သမား ၂၄၄ ဦးကျော် ပြန်လည်ဝင်ရောက်ခဲ့သည်။ သတင်းများအရ ဧပြီ ၃၀ မှ ဩဂုတ် ၁၁ အထိ နေရပ်ပြန်သူ စုစုပေါင်း ၁၄၃၈၂ ဦး ရှိပြီဖြစ်သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။