ISP China Desk
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ တတိယပတ်(၁၂ မှ ၁၈ ရက် အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအရွေ့

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏(ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းတို့လည်း တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယင်းစီမံကိန်းအတွက် တည်နေရာ၊ ဧရိယာသတ်မှတ်နိုင်ရေးနှင့် ကွင်းဆင်းလေ့လာခဲ့သည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို မြန်မာ-တရုတ် နယ်စပ် သုံးနေရာဖြစ်သော ကန်ပိုက်တီ-ထိန်ချုံးမူဆယ်-ရွှေလီချင်းရွှေဟော်-လင်ချမ်းတို့၌ ဆောင်ရွက်ရန်စီမံထားသည်။ အဆိုပါစီမံကိန်းများသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းများလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနတို့ ဦးဆောင်၍ Zhejiang  အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် “Matchmaking Conference China (Zhejiang) – Myanmar Investment Cooperation Promotion” ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း The Daily Eleven သတင်းစာဖော်ပြချက်အရ သိရသည်။ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင် ကျပ်လေးဘီလီယံအကုန်အကျခံကာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်ဆိုသော Myanmar Now ၏ သတင်းဖော်ပြချက်ကိုလည်း ယခုအပတ်အတွင်း စိတ်ဝင်စားဖွယ်ရာတွေ့ရသည်။ နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ် လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ(AI) သုံး စောင့်ကြည့်ကင်မရာ(CCTV)  ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စီမံကိန်းတွင် အသုံးပြုထားသည့် နည်းပညာပစ္စည်းအများစုမှာ တရုတ် ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်။ တရုတ်ဒစ်ဂျစ်တယ်ပိုးလမ်းမ စီမံကိန်းမှာ တရုတ်၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ယင်းစီမံကိန်း၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို ISP-Myanmar China Desk က စုစည်းဖော်ပြထားပါသည်။

တရုတ်-မြန်မာ နယ်စပ်ရေးရာ

ကိုဗစ်ကာလအတွင်း တရုတ်၏ဝယ်လိုအား မြင့်တက်လာသဖြင့် မြန်မာဖရဲသီးများ ဈေးကောင်းရခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများကြောင့် ဖရဲသီးတင်ပို့မှုမှာ ကြန့်ကြာခဲ့ရသော်လည်း ခုနစ်နှစ်အတွင်း အမြင့်မားဆုံး စံချိန်တင် ဈေးကောင်းရရှိခဲ့သည်။ ထို့အပြင် တရုတ်ဈေးကွက်သာမက ယူအေအီး၊ ဒူဘိုင်း၊ ကာတာ၊ စင်ကာပူဈေးကွက်များသို့ပါ မြန်မာ့ဖရဲသီးများကို ပထမဆုံးအကြိမ်တင်ပို့နိုင်ရန် ဒီဇင်ဘာ ၁၃ ရက်တွင် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤကဲ့သို့ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာရခြင်းမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း တရုတ်စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်၍ တရားမဝင် ဖရဲစိုက်ပျိုးခြင်းကို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ပုံမှန်နှစ်များတွင် တရုတ်နိုင်ငံနိုင်ငံသားများသည် မြန်မာနိုင်ငံဘက်အခြမ်းတွင် ဖရဲစိုက်ဧက ခြောက်သောင်းကျော် နှစ်စဉ်လာရောက် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်တွင် လာရောက်စိုက်ပျိုးနိုင်ခြင်းမရှိသလို မြန်မာဘက်ကလည်း ယခုနှစ်တွင် စိုက်ဧကလျှော့ချခြင်းကြောင့် စိုက်ဧက သုံးသောင်းခန့်မှထွက်ရှိသော ဖရဲများကိုသာ ဈေးကွက်သို့ တင်ပို့ရောင်းချရလျက်ရှိသဖြင့် ဈေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ဖရဲသီးအပြင် မြန်မာနိုင်ငံတွင် တစ်ရှူးငှက်ပျောနှင့် မက္ကာဒေးမီးယား အများအပြားကို တရားမဝင် စိုက်ပျိုးလျက်ရှိရာ ပြည်တွင်းတောင်သူများအား အကာအကွယ်ပေးရန် ထိုကိစ္စများကို အစိုးရအနေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြားသော အာရုံစိုက်ဖွယ်ဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး သတင်းတပုဒ်မှာ တရုတ်ဝယ်လက်မရှိသဖြင့် နယ်စပ်တွင် ပိတ်မိနေသော အကောင်ရေသောင်းနှင့်ချီသည့် ကျွဲ၊ နွားများအတွက် မွေးမြူရေးခြံတခုကို မန္တလေးတိုင်းအတွင်း ဆောက်လုပ်မည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား အရှင်တင်ပို့ခွင့်ကို တရားဝင် ခွင့်ပြု၍ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် တရားဝင် ကျွဲ၊ နွား ကုန်သွယ်ရေးမှာ ရပ်တန့်သွားပြီး ကုမ္ပဏီ ၁၅၀ ကျော်မှ ကျွဲ၊ နွား ကောင်ရေ ၁၅၀၀၀ ကျော်သည် မူဆယ်နယ်စပ်တွင် ပိတ်မိနေခဲ့သည်။ ဤကိစ္စကိုဖြေရှင်းရန်အတွက် တရုတ်နိုင်ငံမှ အကောက်ခွန်ဌာနနှင့် ညှိနှိုင်းနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းလွင်က Myanmar Times သတင်းဌာနသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသတင်းဌာနသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ကီလိုမီတာ ၂၀၀၀(မိုင် ၁၂၀၀ ကျော်) ရှည်လျားသည့် သံဆူးကြိုးပတ် နယ်စပ်တံတိုင်းကို တည်ဆောက်နေကြောင်း The Diplomat သတင်းဌာန၏ သတင်းဖော်ပြချက်ရှိခဲ့သည်။ RFA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါတံတိုင်းကို တောင်ပိုင်းမဟာတံတိုင်းဟု တင်စားပြီး ယခုအခါ ၆၅၉ ကီလိုမီတာ(မိုင် ၄၀၀ ကျော်)ကျော် ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ တံတိုင်းတည်ရှိရာ နယ်စပ်တလျှောက်သည် မြန်မာပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသဖြစ်ပြီး ကျောက်စိမ်း၊ မူးယစ်ဆေး စသည့်ပစ္စည်းများ၏ တရားမဝင်ကုန်သွယ်ရေးဈေးကွက်နှင့် တရားမဝင်လူကုန်ကူးသည့် ဈေးကွက်များ အခိုင်အမာရှိရာဒေသ ဖြစ်သည်။ ဤတံတိုင်းကို မြန်မာအစိုးရသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောက်လုပ်ခဲ့ပြီး တရုတ်အစိုးရအဆိုအရ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် အဓိကရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကာကွယ်ဆေး သံခင်းတမန်ခင်း

တောင်တရုတ်ပင်လယ်ပြင် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် အရှေ့တောင်အာရှနိုင်ငံ အများစုသည် တရုတ်၏ “ကာကွယ်ဆေး သံခင်းတမန်ခင်း” တွင် အဓိက ဦးတည်ထားသည့်နိုင်ငံများ ဖြစ်လာနေသည်။

တရုတ်သည် ဗိုင်းရပ်စ်ကာကွယ်ဆေးအား ထုတ်လုပ်ပြီး ကာကွယ်ဆေး သန်းနှင့်ချီပြီး ဖြန့်ချိရောင်းချရန် ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသည့် နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

တရုတ်သံတမန်များသည် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗိုင်းရပ်စ်ကာကွယ်ဆေး သဘောတူညီချက်များ ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မည့် စက်ရုံကို တည်ဆောက်ခဲ့သည်။ ယင်းနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေကြသည့် နိုင်ငံများဖြစ်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုနဲ့ ပထဝီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အကူအညီပေးနိုင်မယ့် ကိရိယာတစ်ခုဖြစ်တယ်” ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ(CFR) ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အကြီးတန်းအဖွဲ့ဝင် ဟွမ်ရန်ကျုံးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်သည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအား ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ဒေါ်လာ တဘီလီယံ ထုတ်ချေးသွားမည်ဟုလည်း ကတိပြုထားပြီး လာမည့်နှစ်တွင် ဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ တဘီလီယံကို အရှိန်အဟုန်မြှင့် ထုတ်လုပ်သွားမည်ဖြစ်ကာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် ပိုလျှံသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများမှာ ရောင်းချသွားရန်အတွက်သာ ဖြစ်သည်။

ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့်နိုင်ငံများတွင် စျေးကွက်၏ ၁၅ ရာခိုင်နှုန်းမျှ လက်ဝါးကြီး အုပ်ထားနိုင်ခဲ့မည်ဆိုလျှင် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ရောင်းချမှုမှ အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိလိမ့်မည်ဟု ဟောင်ကောင်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီ Essence Securities က ခန့်မှန်းထုတ်ပြန်ထားသည်။

“လူမှုအသိုင်းအဝိုင်းတွေက တရုတ်အပေါ် ယုံကြည်မှု မရှိခြင်းဟာ တရုတ်နိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ် ယုံကြည်မှု နည်းပါးနိုင်ပါတယ်” ဟု တရုတ်မူဝါဒဆိုင်ရာ သုံးသပ်သူ နာတာရှာကက်ဆမ်က ပြောကြားခဲ့သည်။

အထက်ပါ သုံးသပ်ချက်များနှင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးသံခင်းတမန်ခင်းအကြောင်းအရာကို ဒီဇင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာတွင် “တရုတ်၏ ကာကွယ်ဆေးနှင့် သံတမန် ပရိယာယ်” ခေါင်းစဉ်ဖြင့်  ဆောင်းပါးရေးသားဖော်ပြထားသည်။

ထို့အတူ ISP-Myanmar China Desk ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ဆောင်းပါးရှင် သုတေသီ ခင်ခင်ကျော်ကြီး၏ “တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ” ဆောင်းပါးတွင် တရုတ်၏ကာကွယ်ဆေးသံခင်းတမန်ခင်း လှုပ်ရှားမှုများနှင့် တရုတ်နိုင်ငံတွင်းနှင့် အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ကျက်နိုင်မှု အလားအလားကို သုံးသပ်ထားပါသည်။

အခြားသတင်းများ

လူကုန်ကူးသူလက်ထဲမှ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချီလင့်ရဲဌာနနှင့် ရွှေလီမြို့ ပြည်ပရေးရာဌာနတို့က မြန်မာနိုင်ငံ၊ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ တပ်ဖွဲ့စု ၁၇ ထံသို့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် အမှတ် ၁ နန်းတော်ဂိတ်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း The Daily Eleven သတင်းစာ ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်လူကုန်ကူးမှုများကို စုစည်းထားချက်အရ နိုဝင်ဘာအတွင်း ခုနစ်မှုနှင့် အောက်တိုဘာအတွင်း လေးမှုရှိခဲ့သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။