ISP China Desk
၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ လေ့လာချက်

နိဒါန်း

၁၉၅၀ ပြည့်နှစ်၊ ဇွန် ၈ ရက်က စတင်ခဲ့တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၇၀ ပြည့်မြောက်ခဲ့ပါပြီ။ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မှာ  နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ ဘက်စုံပူးပေါင်းမှုတွေကို တိုးမြှင့်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။  ၂၀၂၀ ပြည့်နှစ်၊  နှစ်ဆန်းပိုင်းက  မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတ  ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်းဆက်ဆံရေး စတဲ့ နယ်ပယ်စုံမှာ သဘောတူညီချက် ၃၃ ခု ရခဲ့ပါတယ်။ ဒီသဘောတူညီမှုတွေဟာ ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းရဲ့ အောက်မှာ အကောင်အထည်ဖော်မယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC)ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်တာကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုလည်း ထင်ဟပ်ဖော်ပြနေပါတယ်။

သမ္မတရှီရဲ့ ခရီးစဉ်နဲ့အတူ စတင်ဖွင့်လှစ်ခဲ့တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်နှစ်ဟာ မျှော်မှန်းထားသလိုမျိုးတော့ အရောင်အသွေး မစုံလင်နိုင်ခဲ့ပါဘူး။ ခရီးစဉ် အလွန်မှာပဲ ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားခဲ့တာကြောင့် သဘောတူညီထားတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အကောင်အထည်ဖော်မှု အပိုင်းတွေမှာလည်း နှောင့်နှေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သဘောတူညီထားတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းတာတွေ လုပ်ခဲ့ပါတယ်။

ဒီဆောင်းပါးမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်း သမ္မတခရီးစဉ်အတွင်းမှာ လက်မှတ်ထိုးခဲ့တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေဟာ ဘယ်လောက်ခရီးပေါက်ခဲ့ပြီလဲ ဆိုတာကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ အကန့်အသတ်တွေရှိခဲ့ပေမဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတွေရဲ့ ထောက်တိုင်သုံးခုလို့ ခေါ်ဆိုတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ နယ်စပ်စီးပွားရေးဇုန် စီမံကိန်းတွေမှာ သိသာတဲ့ အရွေ့တွေ ရှိခဲ့တာကို တွေ့ရပါတယ်။ တခြားစီမံကိန်းတွေနဲ့ပတ်သက်လို့လည်း တရုတ်နိုင်ငံဘက်မှာ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နေတာတွေ၊ ဗီဒီယိုကွန်ဖရန့်ကနေ ဆွေးနွေးကြတာတွေေ၊ အထူးဆောင်ရွက်ချက်တွေနဲ့ တရုတ်ပညာရှင်တွေကို မြန်မာနိုင်ငံကို လာရောက်စေတာတွေလည်း ရှိခဲ့ပါတယ်။  ဒါကြောင့် သဘောတူညီချက်တွေဟာ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပေမဲ့ အကန့်အသတ်ကြားမှာပဲ အခြေခံကျတဲ့ တိုးတက်မှုတွေ ရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လာမယ့်နှစ်မှာ ဒီသဘောတူညီမှုတွေ ဘယ်လောက်အတိုင်းအတာအထိ ရှေ့ဆက် အရှိန်မြှင့် အကောင်အထည်ဖော်နိုင်မလဲ ဆိုတာကတော့ ကိုဗစ်-၁၉ အကန့်အသတ်တွေအပြင် နိုင်ငံရေး၊ ပထဝီနိုင်ငံရေး စဉ်းစားချက်တွေအပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။

 

မြန်မာ-တရုတ် သဘောတူညီမှု ၃၃ ခု

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်(Agreements) ငါးခု၊ သဘောတူညီချက် (Implementation Agreements) လေးခု၊ နားလည်မှုစာချွန်လွှာ(MoUs) ၁၄ ခု၊ စာလွှာ(Exchange Letter) ရှစ်ခုနဲ့ စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီမှုတွေမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း မူဘောင်အောက်က  အခြေခံအဆောက်အအုံ၊ ကုန်သွယ်မှု၊ နယ်စပ်စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စတဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။

ယခု Link အားနှိပ်၍ သဘောတူညီမှု ၃၃ ချက် PDF File ကို Download ရယူနိုင်ပါသည်။

မြန်မာ-တရုတ် သဘောတူညီမှု ၃၃ ခု ထဲက သဘောတူညီမှု ၁၀ ခုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ပူးတွဲတည်ထောင်ရေးဆိုင်ရာ  နားလည်မှုစာချွန်လွှာရဲ့ နောက်ဆက်တွဲ  အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက CMEC နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနဲ့ တရုတ်နိုင်ငံအစိုးရကိုယ်စား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုကော်မရှင် ဥက္ကဋ္ဌ မစ္စတာဟယ်လီဖုန်း(Mr. He Lifeng) တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ ၃၃ ချက်မှာ မြန်မာနိုင်ငံရဲ့ အဓိက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီနဲ့ ကချင်ပြည်နယ်တွေမှာ အကောင်ထည်ဖော် လုပ်ဆောင်မယ့် အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခုနဲ့သက်ဆိုင်တဲ့ သဘောတူညီချက်တွေ၊ စီမံကိန်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူညီချက် ၃၃ ခုထဲကမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခုရဲ့ စီမံကိန်းဖြစ်စဉ် တိုးတက်မှုတွေကို ဒီအပိုင်းမှာ လေ့လာကြည့်ပါမယ်။

 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခု

ဒီ ၁၀ ခုမှာ ပဏာမ ညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်နေဆဲ စီမံကိန်း တခု၊ ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ဖို့ သဘောတူထားတဲ့ သို့မဟုတ် ဆောင်ရွက်နေဆဲ စီမံကိန်း လေးခု၊ ဖြစ်တန်ခြေလေ့လာရေးဆောင်ရွက်ပြီးစီးပြီး မြန်မာအစိုးရက စိစစ်နေဆဲ စီမံကိန်း နှစ်ခုနဲ့ စတင်အကောင်အထည်ဖော်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တဲ့ စီမံကိန်း သုံးခု ပါဝင်ပါတယ်။

(က) ပဏာမအဆင့် ညှိနှိုင်းဆွေးနွေးဆဲ စီမံကိန်း

၁။ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ

နားလည်မှုစာချွန်လွှာကို  ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့နဲ့   တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun ဦး ဆောင်တဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒေသအဆင့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

စီမံကိန်းကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၂ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နဲ့ပတ်သက်ပြီး တိုးတက်မှုအခြေအနေတွေ၊ အကြံပြုချက်တွေ၊ နှစ်ဖက်ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ဒေသအဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေးတွေကို သုံးလတကြိမ် ပုံမှန်ကျင်းပနိုင်ရေး၊ မြန်မာဘက်ခြမ်းမှာရှိမယ့် ပူးပေါင်းဆောင်ရွက်မှုဇုန်ကို နယ်နိမိတ်သတ်မှတ်နိုင်ဖို့အတွက် မြေတိုင်းတာတဲ့လုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ တရုတ်နိုင်ငံဘက်က လက်ရှိဆောင်ရွက်နေတဲ့  ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ အချက်အလက်တွေ စသဖြင့် ဆက်လက်ဆောင်ရွက်ရမယ့် အစီအမံတွေကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးအပြီး ဇွန် ၂၉ ရက်ကစပြီး တရုတ်နယ်စပ် ရွှေလီ-မူဆယ်မှာရှိတဲ့ မြန်မာဘက်ခြမ်းမှာ စီမံကိန်းနေရာအကျယ်အဝန်း တိုင်းတာမှုကို ပြုလုပ်ခဲ့ပါတယ်။ တိုင်းတာမှုတွေကို နှစ်နိုင်ငံပူးပေါင်းအဖွဲ့က အတည်ပြုရမှာ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကြောင့် ဆိုင်းငံ့ထားရပါတယ်။ အစည်းအဝေး သဘောတူညီမှုတွေအရ ဒုတိယအကြိမ် လုပ်ငန်းအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက် မှာကျင်းပခဲ့ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံကြား နောက်ဆုံးသဘောတူညီချက်အရ မူဆယ်ဇုန်နဲ့ ကျင်းစမ်းကျော့ဇုန်တွေကို ဦးစွာ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပါတယ်။ မူဆယ်ဇုန်စီမံကိန်းကို မူဆယ်(ဟိုဆောင်)နဲ့ ရွှေလီ(ကျယ်ဂေါင်) မှာရှိတဲ့ မြေ ၅ ဒသမ ၆၃ စတုရန်းကီလိုမီတာမှာ တည်ဆောက်မှာဖြစ်ပြီး ကျင်းစမ်းကျော့ဇုန်စီမံကိန်းအတွက် ကျင်းစမ်းကျော့(မြန်မာ)နဲ့ မက်မန့်(တရုတ်) မှာရှိတဲ့ မြေအကျယ်အဝန်း ၂ ဒသမ ၈၂ စတုရန်းကီလိုမီတာမှာ ပို့ကုန် ထုတ်လုပ်မှုဇုန်နဲ့ ကုန်လှောင်ရုံဇုန်တွေကို တည်ဆောက်မှာဖြစ်ပါတယ်။ မူဆယ်ဇုန်နဲ့ ကျင်းစမ်းကျော့ဇုန်တွေကနေ အကျိုးအမြတ်ဖြစ်ထွန်းပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိမှသာ ကျန်တဲ့ဇုန်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှေဇုန်စီမံကိန်း မူဘောင်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးမှုတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တ ရပ်တန့်နေပါတယ်။

 

(ခ) ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ရန် သဘောတူညီထားသော စီမံကိန်းများ

၂။         မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာ

အခြား မီးရထားစီမံကိန်းတခုဖြစ်တဲ့ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာအရ စီမံကိန်းဖြစ်နိုင်ခြေလေ့လာဆန်းစစ်ချက်ကို မြန်မာ့မီးရထားနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေပါဝင်တဲ့ Joint Working Group ကို ဖွဲ့စည်းထားပြီး ရထားလမ်းဖောက်လုပ်ခြင်းနဲ့ ဆက်သွယ်ရေး အချက်ပြလုပ်ငန်းတွေကို မီတာဂိတ်တွေနဲ့ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ယခုအချိန်ထိ ကပ်ရောဂါဘေးကြောင့် ဖြစ်တန်ခြေလေ့လာရေးကို ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။

 

၃။         “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

စာချွန်လွှာအရ စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်ရမှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြေပြင် ကွင်းဆင်း လေ့လာတိုင်းတာဖို့ တရုတ်ပညာရှင်တွေ မလာနိုင်သေးတဲ့အတွက် ရပ်နားထားရပါတယ်။ “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်းကို တောင်ကြီးနဲ့ လွိုင်လင်မြို့အကြား ခေါက်နွဲ့တောင်အမှတ် ၁၊ ခေါက်နွဲ့တောင် အမှတ် ၂၊ “ဝ” တစ်လုံးတောင် စတဲ့ တောင်သုံးလုံးကို ကျော်ဖြတ်ကာ လွိုင်လင်ကို ဆင်းမယ့်ကားလမ်းဟာ အဲဒီတောင်သုံးလုံးကို ဝေ့ဝိုက်ကာ သွားရမယ့်အစား ဥမင်လိုဏ်ခေါင်း ဖောက်လိုက်ပါက ပိုမိုမြန်ဆန်သွားမှာဖြစ်တာကြောင့် မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းဖော်ဆောင်ဖို့အတွက် ကြိုးစားနေတာ အချိန်တော်ကြာခဲ့ပါပြီ။ အစောပိုင်းက တောင်ကိုရီးယား၊ ဂျပန်နဲ့ ADB တို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ လျာထားခဲ့ပေမဲ့ အခုနောက်ဆုံးမှာတော့ တရုတ်နိုင်ငံနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီမံကိန်းရည်ရွယ်ချက်ကတော့ သီပေါ-လွိုင်လင်-တောင်ကြီး အဝေးပြေးလမ်းကတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းကို  စီးပွားရေးစင်္ကြံစီမံကိန်းအရ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

 

၄။         တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ

နားလည်မှု စာချွန်လွှာအရ  China Southern Power Grid ဆီက ဝယ်ယူမယ့် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ်ကို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း လမ်းကြောင်းနှစ်ခုနဲ့ ပို့လွှတ်ရောင်းချမှာ ဖြစ်ပါတယ်။ ပထမ လမ်းကြောင်းက ယူနန်ပြည်နယ်၊ လုံချွန်းခရိုင်ကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ချိတ်ဆက်မှာ ဖြစ်ပြီး ဒုတိ ယလမ်းကြောင်းက ယူနန်ပြည်နယ်၊ ရွှေလီမြို့ကနေ ရှမ်းပြည်နယ်၊ မူဆယ်မြို့အထိ  ချိတ်ဆက်မှာ ဖြစ်ပါတယ်။ စီမံကိန်းပြီးစီးမှု အခြေအနေတွေအရ ကချင်ပြည်နယ်ဘက်ကနေ သွယ်တန်းလာမယ့် နယ်စပ်ဖြတ်ကျော် ဓာတ် အားပေးစီမံကိန်း အစီအစဉ်ဟာ ပြီးစီးလုနီးပါးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နှစ်နိုင်ငံ ဓာတ်အားလိုင်း ချိတ်ဆက်မယ့် လျှပ်စစ်ဝယ်ယူမှုစီမံကိန်းကို ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရက ရည်မှန်းထားပါတယ်။

 

၅။         မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ

အခြား စွမ်းအင်စီမံကိန်းတခုဖြစ်တဲ့ မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာအရ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက်ကို နှစ်နိုင်ငံ အပြီးသတ် စိစစ်နေပါတယ်။ ဓာတ်အားလိုင်း လမ်းအူကြောင်း ကောင်းကင်ဓာတ်ပုံ ရိုက်တာကို အသေးစိတ် ဆောင်ရွက်နေပြီး ဓာတ်အားပေးဆိုင်ရာ Financial Model ကိုလည်း စိစစ်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ LNG ကနေ လျှပ်စစ်ထုတ်မယ့် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီစီမံကိန်းကို တရုတ် Zhefu ကုမ္ပဏီနဲ့ ပြည်တွင်းက Supreme ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ကုန်ကျမယ်လို့ ဆိုပါတယ်။ စီမံကိန်းပထမအဆင့်က သုံးနှစ်ဖြစ်ပြီး သုံးနှစ်ခွဲအကြာမှ မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

 

(ဂ) ဖြစ်တန်ခြေလေ့လာရေး အစီအရင်ခံစာကို မြန်မာအစိုးရမှ စိစစ်ဆဲ စီမံကိန်းများ

၆။         မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ

လက်ရှိအချိန်မှာတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ဖို့အတွက် မန္တလေး-နောင်ချို၊ နောင်ချို-လားရှိုး၊ လားရှိုး-မူဆယ် ဆိုပြီး လမ်းပိုင်း သုံးပိုင်းခွဲကာ ကွင်းဆင်းပြီး Survey ကောက်ယူထားပါတယ်။ အဲဒီလို ရရှိလာတဲ့ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရက လေ့လာနေတယ်လို့ ဆိုပါတယ်။ စီမံကိန်း တစိတ်တပိုင်းဖြစ်တဲ့ မကွေး-ကျောက်ဖြူ အမြန်ရထားလမ်း အကောင်အထည်ဖော် ရေးစီမံကိန်းအတွက် အကြိုလေ့လာခွင့်ကိုလည်း တရုတ်နိုင်ငံက တင်ပြ တောင်းခံထားပါသေးတယ်။

 

၇။         မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ

မူဆယ်-မန္တလေး ရထားလမ်းနဲ့ အပြိုင်တည်ဆောက်မယ့် စီမံကိန်းတခုဖြစ်တဲ့ မန္တလေး-ထီးချိုင့်-မူဆယ် အမြန် လမ်းမကြီးနဲ့ ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကတဆင့် တရုတ်နိုင်ငံ၊ ယူနန်မြို့ကို ချိတ်ဆက်မယ့် စီမံကိန်းတခုဖြစ်ပါတယ်။ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်းဟာ  အဲဒီ လမ်းမကြီးတလျှောက် ဖြတ်သန်းသွားမယ့် တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဝန်ကြီးချုပ်တွေကို လိုက်လံတွေ့ဆုံခဲ့ပါတယ်။ မြန်မာ့စီမံကိန်းဘဏ်ရဲ့ ဖော်ပြမှုအရ ဒီစီမံကိန်းဟာ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ လေးဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။

 

(ဃ) အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်နေသော စီမံကိန်းများ

၈။         ကျောက်ဖြူအထူးစီးပွားဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်

စီမံကိန်းတခုလုံးကို ခြုံကြည့်ပါက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ကုန်ကျမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဧက ၄၂၀၀ ကျော်ရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်းနဲ့ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန် စိမံကိန်းတွေပါဝင်ပါတယ်။ ကျောက်ဖြူကနေ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တင်ပို့နေတဲ့ မိုင်ပေါင်း ၄၈၀ ရှည်လျားတဲ့ ပိုက်လိုင်းကြီး ရှိနေပါသေးတယ်။

ကနဦးအနေနဲ့ ကျောက်ဖြူစက်မှုဇုန်စီမံကိန်းကို CITIC Consortium ဘက်က ရှယ်ယာအချိုး ၅၁ ရာခိုင်နှုန်း၊ မြန်မာဘက်က ၄၉ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၃၀ အကုန်အကျခံပြီး တည်ဆောက်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။  ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ကို မှတ်ပုံတင်ခြင်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) က သြဂုတ် ၆ ရက်မှာ အတည်ပြု လက်မှတ်ထုတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ခွင့်ရလိုက်ခြင်းဟာ ကျောက်ဖြူစီမံကိန်းအတွက် ကြီးမားတဲ့ တိုးတက်မှုတခု ဖြစ်ပါတယ်။

 

၉။        ကွမ်းလုံတံတား စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

ချင်းရွှေဟော်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းမှုဇုန် စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကွမ်းလုံတံတား စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ဟာဆိုရင်လည်း တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကနဦးကာလတွေမှာ ကပ်ဘေးကာလဖြစ်နေတဲ့အတွက် ဆိုင်းငံ့ထားတဲ့ အခြေအနေကနေ ဩဂုတ်လမှာ တရုတ်ကျွမ်းကျင်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

 

၁၀။       ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စာလွှာ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)လမ်း စီမံကိန်းမှာ အဓိက မဏ္ဍိုင်တခုဖြစ်တဲ့ ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာအရ ရန်ကုန်မြို့သစ်စီမံကန်း အပိုင်း ၁ ကို အကောင်အထည်ဖော်ဖို့ အတွက် Swiss Challenge တင်ဒါကို ခေါ်ယူထားပါတယ်။  Expression of Interest-EOI တင်သွင်းထားတဲ့ အဖွဲ့ အစည်း ၁၆ ဖွဲ့ထဲမှာ အဖွဲ့ ကိုးဖွဲ့က  အဆိုပြုဖိတ်ခေါ်လွှာတွေ(Request For Proposal–RFP)ကို လာရောက် ထုတ်ယူခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန် ထားပါတယ်။ အဲဒီအဖွဲ့အစည်း ကိုးဖွဲ့ဟာ လက်ရှိ ဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနဲ့ ငွေကြေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထားပြီး အဆိုပြုလွှာတွေကို ပြန်လည်တင်သွင်းရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ပြ ဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း(၂၀၄၀) ရဲ့ စီမံကိန်း ခုနစ်ခုရဲ့ ဦးစားပေးအဆင့် ၂ အဖြစ်လုပ်ဆောင်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဧက သုံးသောင်းကျော် အကျယ်အဝန်းရှိပြီး မြစ်ကူးတံတားတွေ၊ စီးပွားရေးဇုန်တွေနဲ့ တန်ဖိုးနည်း တိုက်ခန်းပေါင်း နှစ်သောင်း အပါအဝင် လူနေအိမ်ရာတွေ ထည့်သွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။

 

ကိုဗစ်ကာလ တရုတ်နိုင်ငံမှ တွန်းအားများ

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်ကို သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ဖွင့်လှစ်ခဲ့ပြီး စီမံကိန်းတွေကို အရှိန်အဟုန်နဲ့အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်ထားပေးမဲ့ ကိုဗစ်ကပ်ရောဂါဘေး ပေါ်ပေါက်လာတာနဲ့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားရတာတွေ၊ မြန်မာနိုင်ငံဘက်က ဆုံးဖြတ်ချက်တရပ် ချမှတ်ပြီး နောက်တဆင့်ကို ရှေ့ဆက်ဖို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာတွေ၊ စီမံကိန်းတွေကို ပြန်လည်ညှိနှိုင်းဖို့၊ ပမာဏလျော့ချဖို့ ဆောင်ရွက်ခဲ့တာတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရမှုတွေနဲ့ တွန်းအားပေးမှုတွေ ရှိခဲ့ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ၂၀၂၀ ပြည့်နှစ်၊ မေ ၆ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ဟာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အပြင် တရုတ်- မြန်မာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တွန်းအားပေးဖော်ဆောင်နိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စတဲ့ စီမံကိန်းတွေကို မြန်မာနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအစီအစဉ်တွေ(Stimulus Package) နဲ့ ပေါင်းစပ်ကာ ကိုဗစ်ကာလအတွင်း အကောင်အထည်ဖော်ဖို့အတွက် တွန်းအားပေးခဲ့ပါသေးတယ်။

ဒီအတိုင်းပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ၂၀၂၀ ပြည့်နှစ်၊ မေလလယ်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ပြီး သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းက သဘောတူထားခဲ့တဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်းတွေကို အကောင်ထည်ဖော်ဖို့ ထပ်မံ တိုက်တွန်းခဲ့ပြန်ပါတယ်။

ဒီလို တိုက်တွန်းမှုအပြီး နောက်ထပ် ငါးလအကြာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃ ရက်မှာ သမ္မတရှီရဲ့ လက်ရုံးတဆူဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ရန်ကျဲ့ချီဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း တရုတ်နိုင်ငံက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိကထား ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ရပ်တန့်နေတဲ့ စီမံကိန်းတွေကို ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ဘက်စုံတွန်းအားပေး ဆောင်ရွက်ကာ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းကို အရည်သွေးမြင့်စွာ အတူတည်ဆောက်ရမယ်လို့ မစ္စတာရန်ကျဲ့ချီက ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် တရုတ်အာဏာပိုင်တွေဟာ တရုတ်-မြန်မာ စင်္ကြံလမ်းစီမံကိန်း ဧရိယာတလျှောက်မှာ Soft Power  လွှမ်းမိုးမှုရနိုင်ဖို့အတွက် ကိုဗစ်ကာလမှာ အမိအရ အသုံးချနေပါတယ်။ ကိုဗစ်ကာလအတွင်း တရုတ်အစိုးရ၊ ကုမ္ပဏီနဲ့ လူမှုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလအထိ သိရတဲ့စာရင်းတွေအရ တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄ သန်း၊ တရုတ်ကုမ္ပဏီနဲ့ လူမှုအဖွဲ့အ စည်းတွေက အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေ ပံ့ပိုးခဲ့တာ တွေ့ရပါတယ်။ ဒီလိုပံ့ပိုး လှူဒါန်းခဲ့မှုတွေထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ နေရာဒေသတွေအတွက် သီးခြားလှူဒါန်းခဲ့မှုတွေ ရှိပါတယ်။ ဒါကို ကြည့်ရင်လည်း စီမံကိန်း တိုးတက်မှုဖြစ်စဉ်ကို သွယ်ဝိုက်တွန်းအားပေးမှုတခုအဖြစ် မြင်နိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ထပ်မံအနိုင်ရခဲ့ပြီး မကြာသေးမီ ရက်ပိုင်းအတွင်းက ပေးပို့ခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာလည်း ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) မူဘောင်အောက်ကနေ ကဏ္ဍပေါင်းစုံ လက်တွေ့ဆောင်ရွက်မှု တွန်းအားပေးရန် ဆိုတဲ့အချက်တခု ပါဝင်ခဲ့ပါတယ်။ NLD ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် အခြားသောနိုင်ငံတွေထက် နောက်ကျပြီး(ရွေးကောက်ပွဲအပြီး ကိုးအရက်အကြာ)မှ ပေးပို့ခဲ့တဲ့ သမ္မတရှီရဲ့ သဝဏ်လွှာမှာ BRI နဲ့ CMEC စီမံကိန်းတွေရဲ့ အရေးကိစ္စကို ထည့်သွင်းဖော်ပြခဲ့ခြင်းဟာ ဒီစီမံကိန်းတွေအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ စီမံကိန်း အလျင်အမြန်ပြီးမြောက်လိုစိတ် ပြင်းပြနေတာကို ညွှန်းဆိုပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ထိခိုက်နစ်နာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သမ္မတဦးဝင်းမြင့်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ တရုတ်-အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

 

နိဂုံး

အခုဖော်ပြထားတဲ့ စီမံကိန်းတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေကို အနှစ်ချုပ် သုံးသပ်ရင် သမ္မတ ခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ရာမှာ ကိုဗစ်-၁၉ ကပ်ဘေးအစမှာ နှောင့်နှေးမှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံရဲ့ဟာ ကပ်ဘေးကို ထိန်းချုပ်နိုင်ပြီးနောက်မှာ အရွေ့တခု ရှိလာခဲ့တာ တွေ့ရပါတယ်။ ပဏာမအဆင့် ညှိနှိုင်းဆွေးနွေးဆဲ စီမံကိန်းတခုဖြစ်တဲ့ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကိုလေ့လာပါက မူဘောင်ညှိနှိုင်းဖို့အတွက် ဒေသအဆင့်နဲ့ ဗဟိုအဆင့်ကော်မတီ အစည်းအဝေးတွေကို အွန်လိုင်းကတဆင့် ညှိနှိုင်းဆွေးနွေးခဲ့တာမှာ စီမံကိန်းဖြစ်စဉ် တိုးတက်မှုတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ဖို့အတွက် သဘောတူညီထားတဲ့ စီမံကိန်းအများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွင်းဆင်းလေ့လာတာတွေ မလုပ်ဆောင်နိုင်တဲ့အတွက် နှောင့်နှေးနေပါတယ်။ ဒါကြောင့် ဒီစီမံကိန်းတွေရဲ့ အလားအလာဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးရဲ့ အကန့်အသတ်တွေကို ဘယ်လိုကျော်လွှားပြီး မြေပြင်ကွင်းဆင်းတာတွေကို လုပ်နိုင်မလဲ ဆိုတဲ့အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ဖြစ်တန်ခြေလေ့လာရေး အစီအရင်ခံစာကို မြန်မာအစိုးရက စိစစ်ဆဲဖြစ်တဲ့ စီမံကိန်းတွေရဲ့ စီမံကိန်းတိုးတက်မှုဖြစ်စဉ်ကို အဓိက နှောင့်နှေးစေတဲ့အကြောင်းအချက်ကတော့ မြန်မာနိုင်ငံအစိုးရဘက်က ဆုံးဖြတ်ချက်တစုံတရာ ချမှတ်ပြီး နောက်တဆင့်ကို ရှေ့ဆက်ဖို့ရာမှာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုတွေကြောင့် ကြန့်ကြာနေတဲ့အခြေအနေလို့ ယူဆရပါတယ်။ အလားတူ အကောင်အထည်ဖော်ဖို့အတွက် စတင်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတွေမှာတော့ မြန်မာအစိုးရက စီမံကိန်းစာချုပ်တွေကို ပြင်ဆင်ညှိနှိုင်းတာတွေ၊ စီမံကိန်းပမာဏ လျှော့ချတာတွေကို ဆောင်ရွက်ခဲ့တာတွေရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွင်း အကန့်အသတ်တွေကြားကနေ ဒီစီမံကိန်းကြီးတွေ ညှိနှိုင်းဆွေးနွေးရာမှာ၊ ဆုံးဖြတ်ချက်ချရာမှာ ကြန့်ကြာမှုတွေရှိနေတာကိုလည်း တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရ ဖြစ်တာတွေနဲ့အတူ စီမံကိန်းတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့ တွန်းအားပေးမှုတွေလည်း ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ တွန်းအားတွေနဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကပ်ဘေး စီးပွားရေးသက်ရောက်မှု လိုအပ်ချက်တွေအကြား ၂၀၂၁ ခုနှစ်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေ ပိုမိုအရှိန်ရလာမယ်လို့ သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားစီမံကိန်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားတဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းတွေရဲ့ အလားအလာဟာ ကိုဗစ်-၁၉ ကပ်ဘေးကနေ မြန်မာနိုင်ငံက ဘယ်လောက်မြန်မြန် ရုန်းထွက်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်နေသလို ကပ်ဘေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ အကျပ်အတည်းတွေကို မလွဲမသွေရင်ဆိုင်ရမယ့် အစိုးရအဖွဲ့သစ်က ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။

 

ဇေရှိုင်းဗိုလ်

၂၁.၁၂.၂၀၂၀

ဇေရှိုင်းဗိုလ် သည် ISP-Myanmar ၏ Research Assistant တဦးဖြစ်ပါသည်။

 

စာညွှန်း

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ

https://www.statecounsellor.gov.mm/node/4091

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ

https://bit.ly/367is1O

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်မှုများ

https://bit.ly/38l81dS

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ

https://www.moi.gov.mm/news/4731

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ

http://www.mifer.gov.mm/bilateral/details/south-africa

ချမ်းမြထွေး၊ ၂၀၂၀၊ တရုတ်က CMEC အကောင်အထည်ဖော်ရန် တွန်းအားပေးနေသော်လည်း ကိုဗစ်ကြောင့် စီမံကိန်းအချို့ရပ်ဆိုင်းထားရ၊ မြန်မာတိုင်းမ်

https://bit.ly/35alvqL

ချမ်းမြထွေး၊ ၂၀၂၀၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အမြန်ဆုံးအကောင်အထည်ဖော်ရန် တရုတ်ကွန်မြူနစ်ပါတီ ပြော၊ မြန်မာတိုင်းမ်

https://bit.ly/3pgkVQo

ယုဝေ၊ ၂၀၂၀၊ သမ္မတရှီ ခရီးစဉ်အလွန် စီမံကိန်းသစ်များ၊ မြန်မာတိုင်းမ်

https://myanmar.mmtimes.com/news/134263.html

နန်းလွင်၊ ၂၀၂၀၊ COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ၊ ဧရာ၀တီ

https://burma.irrawaddy.com/business/2020/05/10/222320.html

၂၀၂၀၊ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း ၆ဝ,ဝဝဝ ပေးအပ်လှူဒါန်း၊ Myanmar Digital News

http://www.mdn.gov.mm/my/yuunnpnnynym-mnmaaniungngnattk-naakhengcnny-6wwww-peapluudn

 


Zay Shai Bo

ဇေရှိုင်းဗိုလ် သည် ISP-Myanmar ၏ Research Assistant တဦးဖြစ်သည်။ ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။