ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဇူလိုင်လ နောက်ဆုံးပတ် (ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းနိုင်ခဲ့သည်။

ကုန်သွယ်ရေး

လက်ရှိ ဘဏ္ဍာနှစ် ပထမ ရှစ်လအတွင်း (၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ မေလ အထိ)  မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ၃၃ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးဂိတ် လေးဂိတ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကျော်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၇၈ သန်း လျော့ကျခဲ့သည်ကို တွေ့ရသည်။ ယခုတပတ်အတွင်းတွင် ရှမ်းပြည်နယ်၏ အဓိကထွက်ကုန်တခု ဖြစ်သော ရှမ်းဆန်ကို တရုတ်နိုင်ငံက အဝယ်ပိတ် ထားသဖြင့် လုပ်ငန်းလည်ပတ်မှုအခက်အခဲများ ကြုံတွေ့နေရပြီး အစိုးရချင်း ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုမှုများရှိနေသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲများကို ဖြေရှင်းရန် အစိုးရများ အကြား ဆွေးနွေးမှုများ ရှိသော်လည်း သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများ မတွေ့ရသေးပေ။

ရင်းနှီးမြှုပ်နှံမှု

၂၀၁၉ အောက်တိုဘာမှ ၂၀၂၀ မေလ အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသော ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ရှိပြီး ဟောင်ကောင်မှ လာသော ရင်းနှီးမြှုပ်နှံမှုများသည် ၁ ဒသမ ၃၄ ဘီလီယံ နှင့် ပထမနေရာတွင်ရှိသည်။ (မှတ်ချက်- ဟောင်ကောင်တွင် မှတ်ပုံတင်ထားသောတရုတ် ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုများလည်းပါဝင်သည်)။ ဒုတိယ အများဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုထားသည်။

ဇူလိုင်လ ၂၉ ရက်တွင် ကျင်းပသော ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ဗီဒီယို ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ဘက်ခြမ်းနှင့် မော်လမြိုင်မြို့တို့တွင် တည်ဆောက်ရန်ရှိသည့် စက်မှုဇုန်များနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။ တရုတ်ကုမ္ပဏီ CCCC က ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ပြထားသော အသေးစိတ် စီမံကိန်းကို ယှဉ်ပြိုင်ရန် Swiss challenge တင်ဒါခေါ်ယူတော့မည် ဖြစ်သည်။ မော်လမြိုင်မြို့ရှိ စက်မှုဇုန်သည် တရုတ်နိုင်ငံမှ ကနဦး အဆိုပြုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းမှာလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသည့် ထောက်တိုင်တခုဖြစ်သည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီကဦးဆောင်ပြီး အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များအကြား ဆွေးနွေးပွဲတရပ်ကို ဇူလိုင်လ ၂၇ ရက်က ကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် အမေရိကန်အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ကုန်သွယ်ရေးစစ်ပွဲများကြောင့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် စီးပွားရေးတိုးချဲ့ရန် စိတ်ဝင်စားမှုများရှိနေသော်လည်း အခြေခံ အဆောက်အအုံကဏ္ဍလိုအပ်ချက်များအပါအဝင် အခက်အခဲများ ရှိနေကြောင်း ဆွေးနွေးချက်များကို တွေ့ရသည်။

ဧရာ၀တီမြစ်ဆုံဆည်

ဧရာ၀တီမြစ်ဆုံဆည်စီမံကိန်းစာချုပ်ကို ချပြ၍မရဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်က အစိုးရသက်တမ်း လေးနှစ်ပြည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကိုးနှစ်ကျော်ကြာ ရပ်နားထားခဲ့ရသည့် မြစ်ဆုံဆည်စီမံကိန်းသည် တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးတွင် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု

ဩဂုတ်လလယ်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရန် ပြင်ဆင်နေချိန်တွင် တရုတ်အစိုးရအထူးသံတမန် မစ္စတာဆွန်းကော်ရှန်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမှုနှင့် ပတ်သက်၍ KIO ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က တွေ့ဆုံမှုတွင် နယ်စပ်ဒေသတလျှောက် ကိုဗစ်-၁၉ ပူးပေါင်းကာကွယ်ရေးဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကိုဗစ် ၁၉ ကြောင့် ရပ်တန့်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ တိုက်တွန်းခဲ့ကြောင်း ပြောဆိုခဲ့သည်။

ပထဝီနိုင်ငံရေးတင်းမာမှုများ များပြားလာသော အခြေအနေ၌ နိုင်ငံတကာမျက်နှာစာတွင် ပေါ်ထွက်လာသော ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းမိသည့် တရုတ်လက်နက်များမှာ အိန္ဒိယအစိုးရကို တော်လှန်နေသော အရှေ့မြောက် သူပုန်များကို တရုတ်က ထောက်ပံ့မှု ဖြစ်နိုင်သည်ဆိုသည့် ဥရောပအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေး ဆိုင်ရာ ဖောင်ဒေးရှင်းအဖွဲ့၏ သုံးသပ်မှုကို အိန္ဒိယအခြေစိုက် သတင်းစာတွင် ဖော်ပြခဲ့ခြင်းမှာလည်း သတိချပ်စရာ ဖြစ်ပါသည်။  အိန္ဒိယ မြန်မာနယ်စပ်တွင် အိန္ဒိယအစိုးရကို နှစ်ပေါင်းများစွာ တော်လှန်နေသည့် အဖွဲ့များ ရှိသကဲ့သို့ အခုနောက်ပိုင်းတွင် AA အဖွဲ့၏ လှုပ်ရှားမှုများလည်း ရှိလာသည်။ တရုတ်နိုင်ငံ၏ ပိုးလမ်းမ စီမံကိန်း၌ အရေးပါသော ရခိုင်ဒေသတွင် အိန္ဒိယကလည်း ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရှိနေသည့်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လက်ဦးမှုရယူထားနိုင်ရန် လက်နက်ကိုင်အဖွဲ့များကို တရုတ်က ထောက်ပံ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။

ကချင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်

ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှ ယွမ်သန်း၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါအကူအညီသည် တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စာချုပ်အရ ကချင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် ကနဦး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်းကို ယွမ် ၁ သန်း အသုံးပြုပြီးဆောင်ရွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ Power China Kunming Engineering Corporation မှ လုပ်ငန်းအကောင်အထည်ဖော်ရန် နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်သည်။ ဇူလိုင်လကုန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ စီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယွမ်ငွေ ၄ သန်းကို ကျေးရွာများ ပြန်လည်နေရာချထားရေးတွင်အသုံပြုနိုင်ရန် လွှဲပြောင်းပေးရေး ဆွေးနွေးခဲ့ကြပါသည်။

အခြား

တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့  တရားမဝင်ဝင်ရောက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှတဆင့် ထိုင်း-မြန်မာ နယ်စပ်ရှိမြ၀တီမြို့သို့သွားရောက်နေခြင်းမှာ အာရုံပြုစရာဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား စုစုပေါင်း ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၁၃ ဦးကို နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ တဖက်တွင်မူ တရုတ်နိုင်ငံမှ မြန်မာသင်္ဘောသား တဦးအား မှောင်ခိုရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ခြောက်နှစ်နှင့် တရုတ်ယွမ်ငွေ ခုနှစ်သိန်း လေးသောင်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း နေရပ်ပြန်သူစုစုပေါင်း ၁၉၂ ဦး ချင်းရွှေဟော်ဂိတ်မှ တဆင့် ဝင်ရောက်ခဲ့ပါသည်။ COVID-19 ကပ်ဘေးကာလအတွင်း တရုတ်နိုင်ငံမှ ပြန်လာသူများအား လားရှိုးမြို့မှတဆင့် နေရပ်အသီးသီးသို့ ပို့ဆောင်ခဲ့ရာ နေရပ်ပြန်သူ စုစုပေါင်း နှစ်သောင်းလေးထောင်ကျော်ရှိပြီဖြစ်သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။