ISP China Desk
တရုတ်-အမေရိကန် အားပြိုင်မှုနှင့် တရုတ်လွှမ်းမိုးထားသော မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတင်ဒါ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာ သတင်းအနှစ်ချုပ် - ၂၀၂၀၊ ဇူလိုင် စတုတ္ထပတ်)

ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်းသော သတင်းဖော်ပြမှုပေါင်း ၉၀ ဝန်းကျင်ကို ISP-Myanmar China Desk က ယခုသီတင်းပတ်အတွင်း၌ စုစည်းခဲ့ပြီး ပြီးခဲ့သည့်ရက်များက လူထုအတွင်း အထူးအာရုံစိုက်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နှင့် အမေရိကန်သံရုံတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာများပေါ်မှ စကားစစ်ထိုးမှုအပါအဝင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ထပ်မံဝင်ရောက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများ၊ တရုတ်-မြန်မာ ကုန်သွယ်ရေးအခြေအနေများနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို အကြောင်းအရာတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

သံတမန်ရေး

ကမ္ဘာတလွှားတွင် ကိုဗစ်-၁၉ ကပ်ဘေးကို ရင်ဆိုင်တုံ့ပြန် ရုန်းကန်နေရချိန်၌ တရုတ်နိုင်ငံအနေနှင့် ဒီမိုကရေစီစနစ်ကို နှိမ်းနင်းလျက်ရှိသလို အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာအပေါ် မလေးမစားပြုမှုများကို ဆက်လက်ပြသနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ် အန် ဆစ်ဘလီက ရေးသားခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းကြီးကြပ်မှုအားနည်းသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်များ အလျင်အမြန် ပျက်စီးလျက်ရှိပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ထိခိုက်နစ်နာမှုများ ရှိနေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း မူးယစ်ဆေး ဖမ်းဆီးမှုများစွာရှိခဲ့ရာတွင် အများစုမှာ တရုတ်နိုင်ငံက ဝင်ရောက်လာခဲ့ခြင်း ဖြစ်သလို မြန်မာအမျိုးသမီး များစွာမှာလည်း တရုတ်နိုင်ငံတွင် လူကုန်ကူးခံနေရသည် စသဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရေးသားခဲ့ခြင်း ဖြစ်သည်။

အဆိုပါရေးသားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ကလည်း ချက်ချင်းဆိုသလို ပြန်လည် တုံ့ပြန်ခဲ့ရာတွင် အမေရိကန်နိုင်ငံ အနေနှင့် လိုရာဆွဲတွေးပြီး အမှားကို အမှန်လုပ်ကာ တရုတ်နိုင်ငံအပေါ် တမင်သက်သက် တိုက်ခိုက် နာမည်ဖျက်ရုံသာမက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တမင်တကာ သွေးခွဲလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြ ရေးသားခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ထားရှိသော အမေရိကန်၏ ‘မစားရသည့်အမဲ သဲနှင့် ပက်’ ဟူသည့် စိတ်ဓာတ်ကို ထင်ဟပ်နေရုံသာမက အမေရိကန် အာဏာပိုင်များက ပြည်တွင်းပဋိပက္ခကို အာရုံလွှဲရေး၊ နိုင်ငံရေး အမြတ်ထုတ်နိုင်ရေးအတွက် တကမ္ဘာလုံး၌ တင်ဆက်သည့် နောက်ထပ် လုပ်ဇာတ်တခုသာ ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့် အတူတကွ လက်တွဲကာ တရုတ်-မြန်မာ ရွှေလမ်းငွေလမ်းပေါ်တွင် လျှောက်လှမ်းပြီး ခေတ်သစ် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူဖွင့်လှစ်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ရေးသားချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်ကမူ အစဉ်ဆက်ကျင့်သုံးလာခဲ့သည့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်မူဝါဒအတိုင်း ဆက်ရှိနေမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မှတ်ချက်ပြုခဲ့သည်။

အဆိုပါ အပြန်အလှန် ရေးသားမှုများအား နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားပြီး နိုင်ငံကြီးများ၏ အားပြိုင်မှုကြောင့် မြန်မာနိုင်ငံအပေါ် မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို မလိုလားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက မီဒီယာများသို့ ပြောဆိုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု

တရုတ်-အမေရိကန် တို့အကြား အားပြိုင်မှုများ အရှိန်မြင့်လာမှုနှင့်ဆက်စက်၍ သတိပြုရန်အဖြစ် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော ဖော်ပြမှုအချိုအား ထုတ်နုတ်လိုပါသည်။

ပြီးခဲ့သည့်တပတ်က မန္တလေး၊ အမရပူရတွင် ဖြစ်ပေါ်ခဲ့သော ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှုသည် တရုတ်နိုင်ငံကုမ္ပဏီတခုက လုပ်ကိုင်လျက်ရှိသော ရေဆိုးစွန့်ပစ် စက်ရုံတည်ဆောက်ရေး လုပ်ငန်း၏ အားနည်းချို့ယွင်းချက်ကြောင့် ဖြစ်ကြောင်း ကုမ္ပဏီက ဝန်ခံခဲ့သည်။ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် အကောင်အထည်ဖော်နေပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ကုန်ကျမည့် ရွှေခဲရေဆိုးထုတ် စက်ရုံတည်ဆောက်ရေး စီမံကိန်းသည် မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အစိတ်အပိုင်း တခုဖြစ်ပြီး တရုတ် အခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် တင်ဒါ အောင်မြင်ကာ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း တင်ဒါများအတွက် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီပေါင်း ၅၂ ခုက ဝင်ရောက်ယှဉ်ပြိုင်ထားသည့်အနက် တရုတ်ကုမ္ပဏီဖြစ်သည့် Sungrow က စီမံကိန်း ၂၀ ကျော်အထိ ဝင်ရောက်ယှဉ်ပြိုင်ထားသည် ဆိုသည့် သတင်းမှာလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဆိုလာပါဝါ စက်ရုံပေါင်း ၃၀ တည်ဆောက်ရန်အတွက် အစိုးရက တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အလားတူပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေးကဏ္ဍ၊ တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူခြင်း လုပ်ငန်းကို ကျပ် ၉၆၅ သန်းကျော် မြှုပ်နှံပြီး လုပ်ကိုင်ရန် Sin Kyaing Co.,Ltd ကို ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုလိုက်မှုမှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။

ကုန်သွယ်ရေး

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး၏ လတ်တလောအခြေအနေမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ဆန်အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာပြီး တရက်လျှင် ဆန်အိတ်ရေ သုံးသောင်းကျော် နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သတင်းများအရ သိရှိရသည်။ သို့သော် တရုတ်နိုင်ငံမှ ဝယ်ယူမှု ရပ်ဆိုင်းလိုက်သောကြောင့် ရခိုင်ပြည်နယ်မှ ကဏန်းတင်ပို့သူများအနေနှင့် ဈေးကွက် ပျောက်လျက်ရှိသလို နာနတ်သီး ဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး အရောင်းအဝယ် အေးစက်လျက်ရှိသည် ဆိုသည့် သတင်းများကိုလည်း တွေ့ရှိရသည်။

နေရပ်ပြန် အလုပ်သမားအရေး

တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားများ၏ နေရပ်ပြန်လာမှုများအဖြစ် ယခုတပတ်အတွင်း မီဒီယာများ၏ဖော်ပြမှုအရ နေရပ်ပြန်သူပေါင်း လေးရာဝန်းကျင်ရှိခဲ့သည်ကို တွေ့ရသည်။ သတင်းများတွင် ပါရှိမှုများအရ အများစုသည် ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ဧပြီ ၃၀ မှ ဇူလိုင် ၂၄ အထိ စုစုပေါင်း ၁၃၆၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် ဝင်ရောက်မှု

ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေချိန်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိမှုသည်လည်း ယခုရက်များအတွင်း မကြာခဏ ရှိနေသည်ကိုလည်း မီဒီယာဖော်ပြမှုများအရ သိရှိရသည်။ ယခုတပတ်အတွင်းတွင် ပြင်ဦးလွင်၊ မူဆယ်၊ ကွတ်ခိုင်၊ တောင်ကြီး၊ ကွမ်းလုံ စသည့်မြို့များတွင် တရုတ်နိုင်ငံသား စုစုပေါင်း ၃၅ ဦးတို့ကို ဖမ်းမိခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။