ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ ဒုတိယပတ် (အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

မြို့သစ်များရဲ့ ရှေ့သို့ခြေလှမ်း

တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်း၏ အရေးပါသည့် အစိတ်အပိုင်းတခုဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းဖြစ်စဉ် တိုးတက်မှုအရွေ့ကို ယခုတပတ်အတွင်းတွင် တွေ့ခဲ့ရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့သစ်စီမံကိန်း  ပထမအဆင့်မှ အခြေခံအဆောက်အဦများ တည်ဆောက်ရန်အတွက် Swiss Challenge ဝင်ရောက်ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု ဖော်ပြချက် (Expression of Interest – EOI) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။ ယခု ခေါ်ယူသည့် Swiss Challenge သည် ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အဆိုပါ Challenge တွင် ပါဝင်အရွေးခံလိုသည့် ကုမ္ပဏီများက China Communication and Construction Company (CCCC)မှ  ကနဦးအဆိုပြုထားသော စီမံကိန်းအစီအမံများနှင့် ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်း အကောင်အထည်ဖော်ခွင့်ရမည် ဖြစ်သည်။ သို့သော် စီမံကိန်းအကောင်အထည်ဖော်ခွင့်ရသည့် ကုမ္ပဏီက အစီအမံရေးဆွဲသော ကုန်ကျစရိတ်အား CCCC သို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်မြို့သစ် အနောက်ဘက်ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံးလူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းကျော် ဖန်တီးပေးနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခြား မြို့သစ်အရွေ့သတင်းမှာ ကရင်ပြည်နယ်ရှိ စီမံကိန်းရပ်ဆိုင်းထားရန် ညွှန်ကြားခံထားရသည့် ရွှေကုက္ကိုစီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူ ယထိုက် IHG က မြန်မာအစိုးရကို ကြိုးစားချဉ်းကပ်နေ ဆိုသည့် စိတ်ဝင်စားဖွယ် သတင်းတပုဒ် ဖြစ်သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှ တရားမဝင် လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရန် ခုံရုံးတခုကို မြန်မာအစိုးရက ဇွန်လတွင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရအနေဖြင့် ထိုနေရာသို့ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက ဇူလိုင်လက ပြောသည်။

ဧရာ၀တီ သတင်းဌာန၏ အဆိုအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ ခရီးသွားလာခွင့် ပိတ်ဆို့မှုများရှိသော်ငြားလည်း ယထိုက် IHG မှ သူဌေးကြီးများသည် စီမံကိန်းရှေ့ဆက်ရေး ကြိုးပမ်းနေသည့်အတွက် အလုပ်များနေကြသည်ဟု ဆိုသည်။ ကိုဗစ်ကာလ နယ်စပ်လုံခြုံရေး တင်းကြပ်ထားသော်လည်း ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ထွက်နေသောကြောင့် ဖမ်းဆီးစစ်ဆေးရာ ယထိုက်မြို့သစ်မှ အလုပ်သမားများဖြစ်ပြီး မြို့သစ်တွင် အွန်လိုင်းနှင့် သမားရိုးကျ ကာစီနို လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။ ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်းအုပ်စု ဥက္ကဌ ရှီကျိကျန်း (ခ) ရှီလွမ်ကိုင်နှင့် အမှုဆောင်ဒါရိုက်တာ မာဒုံလီတို့ သည် ဘန်ကောက်တွင် အာဆီယံ ချိကုန်ပါတီ ASEAN Zhigong Party ဥက္ကဋ္ဌ၊ အာဆီယံရှန်ဇီ ရေခြားမြေခြားတရုတ်များ အသင်းချုပ် ASEAN Shaanxi Overseas Chinese Federation ဥက္ကဋ္ဌနှင့် ထိုင်းရှန်ဇီအသင်း Thailand Shaanxi Association ဥက္ကဋ္ဌ ယူဇင်ချီ နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် ယထိုက် ဥက္ကဋ္ဌ ရှီလွမ်ကိုင် နှင့် ယူဇင်ချီ တို့သည် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရွှေကုက္ကိုရှိ ယထိုက်မြို့သစ်စီမံကိန်း အောင်မြင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်များ ရုတ်သိမ်းသည်နှင့် တပြိုင်နက် ရွှေကုက္ကိုသို့ သွားရောက်မည်ဖြစ်ကြောင်း ယူဇင်ချီက ဆိုသည်။

ယထိုက် ဥက္ကဋ္ဌ ရှီလွမ်ကိုင် နှင့် ယူဇင်ချီ တို့ တွေ့ဆုံပြီး နှစ်ပတ်အကြာ စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံအခြေစိုက် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှု မြှင့်တင်ရေး အသင်း (CMECD) ၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ယူဇင်ချီ ကို တာဝန်ပေးအပ်ကြောင်းကြေညာခဲ့သည်။ CMECD ဥက္ကဋ္ဌ ဖြစ်သူ လီဖူချွမ် သည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ရင်းနှီးကျွမ်းဝင်သူတဦးဖြစ်ပြီး ယထိုက် ဥက္ကဋ္ဌ ရှီလွမ်ကိုင် နှင့်လည်း ၂၀၁၉ ခုနှစ် မေ ၁၄ ရက်က  ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် မိတ်ရင်းဆွေရင်းများ ဖြစ်သည်။ ယခုကဲ့သို့ ဇာတ်ကောင်မျိုးစုံနှင့် စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းနေသောယထိုက် IHG ၏ ခြေလှမ်းများကို အထူးသတိပြု စောင့်ကြည့်ရမည် ဖြစ်သည်။

နှင်းဆီပါတီ ဖျက်သိမ်းခံရခြင်း နှင့် တရုတ်နိုင်ငံမှ တဆင့် တရားမဝင်ငွေကြေးလွှဲပြောင်းမှု

စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော နှင်းဆီပါတီ(UDP) ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတအိမ်တော်၌ အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့သည်။ ထူးခြားချက်မှာ တရုတ်နိုင်ငံမှ ရောက်ရှိလာသော တရားမဝင် လွှဲငွေများဖြစ်ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ငွေကျပ်သိန်းပေါင်း တသိန်း ခြောက်သောင်း (၁၆ ဘီလီယံ)ကျော် ရှိနေခြင်းပင် ဖြစ်သည်။ အဆိုပါ ငွေကြေးများကို ပါတီလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုခဲ့ပြီး ဦးကျော်မြင့်၊ ၎င်းနှင့် ပတ်သက်ဆက်နွှယ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် နှင်းဆီပါတီတို့၏ တရားမဝင် လုပ်ဆောင်မှုများကို သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။ (နှင်းဆီပါတီနှင့် တရုတ်ဂယက်ကို တပတ်တာ သတင်းအနှစ်ချုပ်တွင် ဖော်ပြခဲ့ပါသည်။ အသေးစိတ်ဖတ်ရှုရန်နှိပ်ပါ။) ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။ အစိုးရက ဆက်လက် အရေးယူ ဆောင်ရွက်သွားမည့် ကိစ္စရပ်များ ရှိကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာ လုံခြုံမှုကို တရုတ်ကုမ္ပဏီများလွှမ်းမိုးထား

နေရောင်ခြည်သုံးစွမ်းအင် တည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီများ တင်ဒါရရှိမှုများနှင့်အတူ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးရေးတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများမှာ အာရုံပြုဖွယ် ဖြစ်လာခဲ့သည်။ (မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ပါဝင်မှု အသေးစိတ်ကို ISP Myanmar China Desk ၏ အထူးကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏသည် လက်ရှိအချိန်တွင် မဂ္ဂါဝပ် ၃၈၀၀ မှ ၄၀၀၀ ဝန်းကျင်အထိ ရှိပြီး အစိုးရ၏ ထုတ်လုပ်မှုသည် ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး ပုဂ္ဂလိကကဏ္ဍက ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိသည်။ လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ် အလတ်စားအသေးစား စီမံကိန်းများမှ ၃၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း၊ ကျောက်မီသွေးမှ ၃၃ ရာခိုင်နှုန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ကိုးရာခိုင်နှုန်း နှင့် အခြားထုတ်လုပ်မှုများမှ ခြောက်ရာခိုင်နှုန်းရှိသည်ဟု ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍမှ လျှပ်စစ်ထုတ်လုပ်မှုနှင့် အစိုးရနှင့် ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်သော လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများတွင် တရုတ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုသည် အနည်းဆုံး သုံးပုံနှစ်ပုံအထိ ရှိနေသည်။ ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပေးထားသော တရုတ်ကုမ္ပဏီများ၏ LNG စီမံကိန်းများနှင့် ဆိုလာပါဝါ စီမံကိန်းများသည် ၂၀၂၁ နှစ်အစပိုင်း၌ လျှပ်စစ်ဓာတ်အားများ အပြည့်အဝ ထွက်လာပါက လာမည့် ၂ နှစ်ကျော် အတွင်း မြန်မာ့လျှပ်စစ်ကဏ္ဍတွင် တရုတ်ကုမ္ပဏီများ၏ လျှပ်စစ်ထုတ်လုပ်မှု သည် ၇၀ ရာခိုင်နှုန်းမှ ၈၀ (ခန့်မှန်း မဂ္ဂါဝပ် ၅၄၀၀ ကျော်) ရာခိုင်နှုန်းအထိ ဖြစ်လာမည် ဖြစ်သည်။

ထိုသို့ တရုတ်ကုမ္ပဏီများ၏ မြန်မာ့လျှပ်စစ်ကဏ္ဍအပေါ် လွှမ်းမိုးလာမည့် ကိန်းဂဏန်းတွက်ချက်ခန့်မှန်းမှုနှင့်အတူ တပါတည်း သတိပြုရမည့်အရေးမှာ မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာလုံခြုံမှု (Energy security)  အရေးပင်ဖြစ်သည်။ ရပ်ဝန်းလမ်းကြောင်း(BRI) စီမံကိန်းအခြေခံအဆောက်အအုံဆိုင်ရာ ကြွေးမြီများနှင့် ပတ်သက်သည့် ပြဿနာများကြောင့် လာအိုနိုင်ငံ၏ မဟာလျှပ်စစ်ဓာတ်အားလိုင်း အများစုကို တရုတ်ကုမ္ပဏီတခုက လွှဲပြောင်းရယူတော့မည့် အခြေအနေသည် တရုတ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍဆိုင်ရာလုံခြုံမှု (Energy security)  အရေးထိပါးမှုနှင့် ပတ်သက်၍ သတိပြုရမည့် သာဓကဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုံခြုံမှု၏ အရေးကြီးမှုကိုလည်း မမေ့ရန်လိုအပ်ပြီး တရုတ်ကုမ္ပဏီများ၏ လွှမ်းမိုးနေမှု သတိထားကိုင်တွယ်ရမည်ဟု ပညာရှင်များက ထောက်ပြထားသည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ  သန်း ၇၀၀ ခန့် ပိုမို တိုးတက်လျက်ရှိကြောင်း မြန်မာတိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။  သို့သော် ရေထွက်ပစ္စည်းတင်ပို့မှုနှင့် ကျွဲနွားအရှင် တင်ပို့မှုတို့မှာ ယခင်နှစ်ကထက် ကျဆင်းခဲ့သည်။ တရုတ်နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုသာမက မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းမှာလည်း ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၆၆ သန်းခန့် လျော့နည်းကျဆင်းခဲ့ကြောင်း The Global New Light of Myanmar၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး တန်ဖိုး ယခင်နှစ်ထက် လျော့နည်းနေသော်လည်း ရေကြောင်းကုန်သွယ်ရေးတန်ဖိုး တိုးမြင့်လာခြင်းကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးလည်း ပိုမိုတိုးတက်လာကြောင်း ဖော်ပြထားသည်။ (မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ၊ တန်ဖိုး စသည်များနှင့် ပတ်သက်၍ ISP-Myanmar China Desk Infographic တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။) ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်အစိုးရ၏ စည်းကျပ်မှုများကြောင့် မြန်မာဘက်မှ မိုးဖရဲနှင့် ကျွဲ၊ နွား တင်ပို့မှုများ အခက်အခဲအချို့ ကြုံတွေ့နေရသည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ဂိတ်ရေးဂိတ်များတွင် ယာဉ်မောင်းလဲလှယ်ခနှုန်းများ သုံးဆခန့် မြင့်တက်နေသော်လည်း ဆန်တင်ပို့မှုဈေးကွက်အပေါ် သက်ရောက်မှုနည်းကြောင်း Myanmar Times မီဒီယာက ဖော်ပြထားသည်။ တရုတ်မှ တင်ပို့လာသော စားအာလူးများကို မျိုးအာလူးအဖြစ် အသုံးပြုနေခြင်းကြောင့် ပြည်တွင်း အခွန်နှင့် အာလူးဈေးကွက် ထိခိုက်နေကြောင်း ကမ္ဘောဇတိုင်း မီဒီယာက ဖော်ပြထားသည်။ မျိုးအားလူးကို တရုတ်နှင့် နယ်သာလန်တို့က မြန်မာသို့ တင်ပို့လျက်ရှိပြီး အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရကာ စားအာလူးတင်ပို့မှုအတွက် အခွန် သုံးရာခိုင်နှုန်းပေးရသည်ဟုဆိုသည်။ ယခုအခါ တရုတ်ဘက်မှ သုံးရာခိုင်နှုန်း အခွန်ဆောင်၍ ပြည်တွင်းသို့ တင်သွင်းလာသော စားအာလူးများကို တောင်သူများက မျိုးအာလူးအဖြစ် စိုက်ပျိုးလျက်ရှိရာ ပိုးမွှားမကင်းစင်မှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရပြီး နိုင်ငံ့အခွန်လည်း နစ်နာလျက်ရှိသည်ဟု ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ထူးခြားသော သတင်းတပုဒ်မှာ တရုတ်ရှိ ဂျပန်ကုမ္ပဏီများ အရှေ့တောင်အာရှသို့ ပြောင်းရွေ့နိုင်ရေးကို ဂျပန်အစိုးရက တိုးချဲ့လုပ်ဆောင်လာကြောင်း Mizzima သတင်းဌာန၏ ဖော်ပြချက်ဖြစ်သည်။ ထောက်ပံ့ပစ္စည်းကွင်းဆက်အတွက် တနိုင်ငံတည်းအပေါ် မှီခိုနေရခြင်းမျိုး မဖြစ်စေရန် ဂျပန်အစိုးက ဂျပန်ကုမ္ပဏီများကို ထုတ်ကုန်အပေါ်မူတည်၍ ထောက်ပံ့ကြေးများ ထုတ်ပေးပြီး ပြောင်းရွေ့နိုင်ရန် ကြိုးစားလျက်ရှိသည်။ ထိုသို့ ထောက်ပံ့ပစ္စည်း ဖြည့်စည်းမှုကွန်ရက် (supply chain)ကို ချဲ့ထွင်နိုင်ရန် ဂျပန်အစိုးရက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၃ သန်းအထိ သုံးစွဲရန် အပိုဆောင်းဘတ်ဂျက်အဖြစ် သတ်မှတ်ထားသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ သက်သာသော ကုန်ထုတ်တန်ဖိုးက ကုန်ထုတ်လုပ်သူများအတွက် မျက်စိကျစရာဖြစ်ကြောင်း ဖော်ပြထားသည်။

အခြား သတိပြုဖွယ် သတင်းတပုဒ်မှာ ရန်ကုန်တိုင်းရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီက အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀၄သန်း ခန့် တန်ဖိုးရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သုံးခုကို ခွင့်ပြုပေးခဲ့ကြောင်း မြဝတီနေ့စဉ်ထုတ်သတင်းစာ၏ ဖော်ပြချက်ဖြစ်သည်။ ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ဗီယက်နမ်၊ တောင်ကိုရီယားနှင့် တရုတ်နိုင်ငံတို့မှ လုပ်ဆောင်မည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရောင်းချရေး လုပ်ငန်းတခုနှင့် CMP စနစ်နှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းနှစ်ခုတို့ ဖြစ်သည်။

မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးမည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP)ကို နိုဝင်ဘာလတွင် ရေးထိုးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း မြန်မာတိုင်းမ် မီဒီယာ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ စာချုပ်တွင် အာဆီယံ ၁၀ နိုင်ငံ အပြင် သြစ​တြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီယားနှင့် နယူးဇီလန်၊ စုစုပေါင်း ၁၅ နိုင်ငံပါဝင်ပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူစာချုပ် တခု ဖြစ်လာမည်ဟု ဆိုသည်။ စာချုပ်အတွက် ၂၀၁၂ ခုနှစ်ကပင် စတင်ညှိနှိုင်းခဲ့ပြီး ယခင်က ပါဝင်ရန် သဘောတူထားသော အိန္ဒိယနိုင်ငံမှာ ယခုအခါတွင်မူ ပါဝင် လက်မှတ်ရေးထိုးတော့မည် မဟုတ်ပေ။ စာချုပ်တွင် လွတ်လပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များပါသဖြင့် လက်မှတ်ရေးထိုးပြီးပါက မြန်မာ့ပို့ကုန်များကို စာချုပ်ပါ နိုင်ငံများသို့ အခွန်နှုန်း လွတ်ကင်းသက်သာခွင့်များဖြင့် တိုးချဲ့ တင်ပို့နိုင်မည်ဖြစ်ပြီး အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပြည်တွင်းသို့ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်ရန် ခက်ခဲနိုင်ကြောင်း လေ့လာသူများ၏ ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

အခြား

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ယွမ်ငွေသိန်း (၂၀)ခန့် တန်ဖိုးရှိသော ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ Nucleic Acid ဓာတ်ခွဲစစ်ဆေးရည် (၁)သောင်း လှူဒါန်းခဲ့သည်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနသို့ U Pay Technology Co.,Ltd.(တရုတ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ကြည့်ရှုရန်) မှ နှာခေါင်းစည်း လေးသောင်းနှင့် ယူနန်ပြည်နယ်မှ ယွမ် ၁.၅ သန်းကို ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အသီးသီး လာရောက်လှူဒါန်းခဲ့သည်။

ယခုတပတ်အတွင်း တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းဖော်ပြချက် မတွေ့ရှိရသော်လည်း ၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအရေအတွက် ၉၀၀ နီးပါးခန့် ရှိကြောင်းမှာ သတိပြုဖွယ် ဖြစ်သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။