ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် စက်တင်ဘာ တတိယပတ် (စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၅၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေး အာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ်ဖော်ပြပေးမည်ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ် ထူးခြားအခြေအနေ

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာအရေတွက်များပြားလာသည်နှင့်အတူ နယ်စပ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသား အချို့တွင် ရောဂါပိုးတွေ့ရှိခဲ့ရခြင်းများကြောင့် ယခုတပတ်အတွင်းတွင် တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာသည်ကို တွေ့ရသည်။

နမ့်ခမ်းမြို့ရှိ စက်လှေဂိတ် တခုမှ တဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ တရားမဝင် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသမီးတွင် စက်တင်ဘာ ၁၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း၊ စက်တင်ဘာ ၁၃ ရက်၌ နောက်ထပ် မြန်မာအမျိုးသမီးတဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးခြင်းနဲ့အတူ  တရုတ်အစိုးရ တာဝန်ရှိသူများက ရွှေလီနှင့် ကျယ်ဂေါင် မြို့များကို စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီ ခန့်မှစပြီး တပတ်ခန့် lockdown ချရန် သတ်မှတ်ခဲ့သည်။ ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးကလည်း တရုတ်အစိုးရသည် နယ်စပ်အသွားအလာများကို ကန့်သတ်ထိန်းချုပ်၍ မြန်မာနိုင်ငံသားအပါအဝင် လူတိုင်းကို တသမတ်တည်း သတ်မှတ်ပြီး ရောဂါရှာဖွေရေး ပြုလုပ်သွားမည်ဖြစ်သောကြောင့် ရွှေလီရှိ မြန်မာနိုင်ငံသားများ တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားသည့် ကြေညာချက်တစောင်ကို စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရကလည်း နှစ်ရက်အတွင်း မြန်မာအပါအဝင် လူနှစ်သိန်းခွဲကျော်ကို  အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း 7 day သတင်းဌာနက ဖော်ပြခဲ့သည်။ ရွှေလီနှင့် ကျယ်ဂေါင်မြို့တို့ကို lockdown ချထားသောကြောင့် နယ်စပ် ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ကြောင်း Eleven Media Group ၏ ဖော်ပြချက်လည်း ရှိသည်။ သစ်သီးများ တင်သွင်းခြင်းကလွဲ၍ ကျန်သော ကုန်စည်စီးဆင်းမှု အားလုံးကို တရုတ်အစိုးရက ကန့်သတ်ထိန်းချုပ်ထားသည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် မြန်မာနိုင်ငံ နယ်စပ် ကုန်သွယ်ရေး တန်ဖိုးစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသောကြောင့် ယခုကဲ့သို့ ကုန်စည်စီးဆင်းမှုများ ရုတ်တရက် တုန့်ဆိုင်းသွားခြင်းက ကုန်သည်များအပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း 7 day သတင်းဌာနက ဖော်ပြထားသည်။

ရောဂါထိန်းချုပ်ရေးအတွက် တရုတ်အစိုးရက ဈေးအပါအဝင် ကျောက်ဝိုင်းများနှင့် စက်ရုံအချို့ကို ပိတ်ခဲ့ပြီး အမြန်လမ်းကိုလည်း ကန့်သတ်ထားသဖြင့် ကုန်စည်များကို လမ်းဟောင်းမှ ပို့ဆောင်ရသည့်အပြင် ရွှေလီသို့အဝင်တွင် ယာဉ်မောင်းလဲလှယ်ပြီးမှ ဝင်ခွင့်ပြုထားကြောင်း  Eleven Media Group ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ lockdown ချပြီးနောက် မြန်မာ့ပို့ကုန် အမျိုးမျိုး ဈေးနှုန်းကျဆင်းခဲ့ရပြီး သီးနှံပို့ကုန်တန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ဘေဂျင်းသံရုံးမှ ကြေညာချက်

အဆင့်မီထုတ်ပိုးထားသော မြန်မာပို့ကုန် စားသောက်ဖွယ်ရာအမယ်သစ်များ တရုတ်စျေးကွက် အတွင်းသို့ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာသံရုံးက အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သော တရုတ်စျေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရန် အလားအလာရှိသည့် မြန်မာထွက်ကုန်ပစ္စည်းအမယ်သစ်များကို ကုန်သွယ်မှုပမာဏ တိုးတက်စေရန် တရုတ်နိုင်ငံသို့ တင်သွင်းနိုင်ရေး ကြေညာချက်၏ နောက်ဆက်တွဲအဖြစ် ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံး(ဘေဂျင်း) မှ ဘေဂျင်းအခြေစိုက် China International Electronic Services Co., ltd (Silk Road International Cooperation Working Committee) အား သံရုံးထံ ဖိတ်ခေါ်ဆွေးနွေးရာ BRI စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော နိုင်ငံများမှ ပို့ကုန်အသစ်များကို တရုတ်စျေးကွက်အတွင်းသို့ တင်သွင်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။ ပို့ကုန်အမယ်သစ်များ တရုတ်စျေးကွက်အတွင်းသို့ တင်သွင်း၊ တင်ပို့မှုဆိုင်ရာ အကောက်ခွန်လုပ်ငန်းစဉ်များ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သိုလှောင်ရုံများတွင် ဂျူတီကင်းလွတ်ခွင့်ဖြင့် ပြသခြင်း၊ Platform Sales ထူထောင်ပေးခြင်းများ၊ တရုတ်ကုန်စည်ပြပွဲတွင် လာရောက်ပြသထားသည့် လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများ ကျန်ရှိပါက China International Electronic Services Co., ltd ၏ ဂိုဒေါင်တွင်ထားရှိကာ online မှတဆင့် ပြန်လည်ရောင်းချပေးခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သိပ္ပံနှင့် နည်းပညာ

တရုတ်-မြန်မာဆက်ဆံရေးတွင် သိပ္ပံ နည်းပညာနှင့် စာပေယဉ်ကျေးမှု နယ်ပယ်များသည် ကဏ္ဍတရပ်အနေဖြင့် ပေါ်ထွက်လာနေသည်ကို  ယခုတပတ်သတင်းများတွင် သတိပြုဖွယ်တွေ့ရှိရပါသည်။ တရုတ်- မြန်မာလူငယ် သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးလှုပ်ရှားမှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့သည်။ ယခုလှုပ်ရှားမှုသည် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေအဖွဲ့  လန်ချန်း- မဲခေါင် “မြို့နှစ်မြို့မှတ်တမ်း” လူငယ်ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုကြီးတခု ဖြစ်ပြီး ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနနှင့် ကွေ့လင်အီလက်ထရောနစ်နည်းပညာ တက္ကသိုလ်တို့က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဇီဝနည်းပညာ သုတေသနဌာနနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်အဖွဲ့တို့က ကမ္ဘာ့ ကပ်ရောဂါကာကွယ်တားဆီးရေးအား အထောက်အကူဖြစ်စေသည့် AI နယ်ပယ်ဆိုင်ရာ သိပ္ပံနည်းပညာသုံး အသိဉာဏ်အတုထည့်သွင်းထားသည့် ဆေးဖျန်းစက်ရုပ်ကိုပြသခဲ့ပြီး တရုတ်ကျောင်းသား၊ ကျောင်းသူများ နှင့် နိုင်ငံခြားပညာတော်သင်ကျောင်းသား၊ ကျောင်းသူများ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို  ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံအစိုးရမှ ထူထောင်ခဲ့သည်။ ယခု လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ယခုနှစ် ဇန်နဝါရီက လာရောက်ခဲ့သော တရုတ်သမ္မတ ခရီးစဉ်အတွင်း သဘောတူခဲ့သည့် ၃၃ ချက်တွင် ပါဝင်သည့် စီမံကိန်းလည်းဖြစ်သည်။

ထို့အပြင် မြန်မာရုပ်ပြစာပေလောက တခေတ်ဆန်းချိန်တွင် မြန်မာနိုင်ငံမှ ငါတို့စာပေ စာအုပ်တိုက်၏ တိုက်ခွဲဖြစ်သည့် Yoke Pya စာအုပ်တိုက်နှင့် တရုတ်ရုပ်ပြကုမ္ပဏီ Manhua Co., ltd တို့သည် တရုတ်ရုပ်ပြများ၊ အင်္ဂလိပ်ရုပ်ပြများကို ဘာသာပြန်ဆို၍ တရားဝင်ထုတ်ဝေနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုခဲ့သည်။ ယခုအခါ တရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရန်အတွက် စီစဉ်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါသည်။

အခြား

တရုတ်အစိုးရက ယူနန်ပြည်နယ် မန်စီအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၁၅ ဦးကို စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်း ခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် ၎င်းတို့အနက်မှ အမျိုးသားတဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း Eleven Media Group က ဖော်ပြထားသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံရောက် နေရပ်ပြန်မြန်မာများ ဆက်လက်ဝင်ရောက်လျက်ရှိပြီး နိုင်ငံပိုင် သတင်းစာများ ဖော်ပြချက်အရ ဧပြီ ၃၀ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ နေရပ်ပြန်သူ စုစုပေါင်း ၁၅၀၇၂ ဦး ရှိပြီဖြစ်သည်။

မြန်မာပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လျက်ရှိသည်နှင့်အမျှ စက်တင်ဘာလဆန်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအရေအတွက် ကျဆင်းလျက်ရှိပြီး ယခုတပတ်အတွင်း တရားမဝင် ဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် သတင်းဖော်ပြချက် မတွေ့ရပါ။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။