ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် စက်တင်ဘာ ဒုတိယပတ် (စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ခန့်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ်ဖော်ပြပေးမည်ဖြစ်ပါသည်။

တရုတ်-မြန်မာစီးပွားရေး စင်္ကြံ အရွေ့

ယခုတပတ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) နှင့် ပတ်သက်သော အရွေ့တချို့ကိုလည်း တွေ့ရှိခဲ့ရပါသည်။  ‘တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သော ဧရာ၀တီမြစ်ကြောင်းရှိ မကွေးဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၃၃ သန်း၊ ပခုက္ကူဆိပ်ကမ်းကို ၄၇ သန်းနှင့် ဗန်းမော်ဆိပ်ကမ်းကို ၃၄ သန်း တို့အပြင် ချင်းတွင်းမြစ်ကြောင်းရှိ ကလေး၀ဆိပ်ကမ်းကို ၂၄ သန်းနှင့် မုံရွာဆိပ်ကမ်းကို ၄၄ သန်း အကုန်အကျခံကာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများ ဖြစ်လာစေရန် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ ထိုစီမံကိန်းများကို အစိုးရ၏ စီမံကိန်းဘဏ်(Project Bank) တွင် ထည့်သွင်းထားပြီး အစိုးရ၊ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။ ထိုအရွေ့၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်သော ကူမင်းမြို့မှတဆင့် ဗန်းမော်မြို့သို့ ကုန်လမ်းကြောင်းဖြင့် ဆက်သွယ်ကာ ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ဖြတ်သန်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတဆင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မှနေ၍ ကုန်စည်များကို စီးဆင်းစေမည်ဖြစ်သည်။

နောက်ထပ် အရွေ့တခုမှာ ပြီးခဲ့သည့် ဇန်နဝါရီက လာရောက်ခဲ့သော တရုတ်သမ္မတ ခရီးစဉ်အတွင်း သဘောတူခဲ့သည့် ၃၃ ချက်တွင် ပါဝင်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း(CMEC)၏ အစိတ်အပိုင်း တခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း အရွေ့ဖြစ်သည်။ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည် ဖော်ဆောင်ရွက်ရန် ဆွစ်ယှဉ်ပြိုင်တင်ဒါ Swiss Challenge ခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျာမန်အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော Roland Berger တို့ ရန်ကုန်မြို့တော်ခန်းမ၌ ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် ချိတ်ဆက်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယခုခေါ်ယူမည့် Swiss Challenge သည် ရန်ကုန်မြို့သစ် စီမံကိန်း ပထမအဆင့်အကောင်အထည်ဖော်ရန် China Communications Construction Company (CCCC)က  အဆိုပြုခဲ့သည့် စီမံကိန်းအစီအစဉ်များနှင့် ယှဉ်ပြိုင်မည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ အဆိုပါ Challenge တွင် ပါဝင်အရွေးခံလိုသည့် ကုမ္ပဏီများက CCCC နှင့်ယှဉ်ပြိုင်ကာ အစီအမံကို တင်နိုင်ပြီး ငွေကြေးပိုမိုသက်သာစွာ လုပ်ဆောင်နိုင်သော ကုမ္ပဏီက စီမံကိန်း အကောင်အထည်ဖော်ခွင့်ရမည်ဖြစ်သည်။ သို့သော် စီမံကိန်းအကောင်အထည်ဖော်ခွင့်ရသည့် ကုမ္ပဏီက အစီအမံရေးဆွဲသော ကုန်ကျစရိတ်အား CCCC သို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်းကို အသေးစိတ်သိရှိလိုပါက ISP China Desk Website Special Issue ကဏ္ဍတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဆိုလာစီမံကိန်း စျေးပြိုင်ခေါ်ယူမှု တရုတ်ကုမ္ပဏီအများစုလုပ်ပိုင်ခွင့်ရရှိ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မေလ ၁၈ ရက်က ခေါ်ယူခဲ့သော ဆိုလာစီမံကိန်း ၃၀ အနက်မှ ၂၇ ခုကို တရုတ်ကုမ္ပဏီများက တင်ဒါပထမအဆင့် အောင်မြင်ခဲ့သည်ဟူသော Myanmar Times Daily ၏ သတင်းဖော်ပြချက်ကို တွေ့ရသည်။ စတင်လျှောက်လွှာတင်စဉ်ကပင် တရုတ်ကုမ္ပဏီ ၈၅ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ပြီး ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနက် ၉၃ ရာခိုင်နှုန်းကျော်မှာ တရုတ်ကုမ္ပဏီများ ဖြစ်သည်။

မြန်မာနိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ကျော် ထွက်ရှိမည့် စီမံကိန်း ၃၀ အနက် ၂၉ ခု တင်ဒါအောင်မြင်ခဲ့ပြီး ၂၇ ခုအား တရုတ်ကုမ္ပဏီများမှ ပထမအဆင့်တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာနည်းပညာ အသုံးပြုထားခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟူသော ထောက်ပြချက်များလည်း ရှိသည်။ သို့သော် တင်ဒါပြင်ဆင်ရန် အချိန်လုံလောက်မှု မရှိခြင်း၊ မြေယာပိုင်ဆိုင်မှု ပြသရန်လိုအပ်ခြင်း၊ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် သုံးနှစ် ဝင်ငွေ ရှိရမည် ဆိုသော အချက်များကြောင့် ပြည်တွင်းကုမ္ပဏီများအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အကန့်အသတ်များ ရှိနေခဲ့သည်ဟူသော ဝေဖန်မှုများလည်းထွက်ပေါ်ခဲ့သည်။

မြန်မာ့ရွေးကောက်ပွဲရလဒ်အပေါ် တရုတ်လိုလားချက်

တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ယခုတပတ်အတွင်း အခြား ဂရုပြုဖွယ် အကြောင်းအရာတခုမှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံမှ လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အနိုင်ရစေလိုသော ဆန္ဒရှိသည်ဟု မြန်မာ့အရေး လေ့လာသူများ၏ သုံးသပ်ချက်များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိစဉ်က တရုတ်သည် သူ့အပေါ် သံသယကြီးမားခဲ့ပြီး စစ်အစိုးရနှင့် ခိုင်မာသည့်ဆက်ဆံရေးရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် အခြေအနေများ ပြောင်းလဲသွားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြခဲ့သည့် မြန်မာ့အရေးလေ့လာသူ ဆောင်းပါးရှင် Bertil Lintner ၏ ဆောင်းပါးတွင် ရေးသားထားသည်။ ဤသို့ ပြောင်းလဲလာရခြင်းမှာ ရခိုင်အရေးကိစ္စကြောင့် ယခင်က မဟာမိတ်ဖြစ်သော အနောက်နိုင်ငံများနှင့် NLD အစိုးရအကြား ဆက်ဆံရေးတင်းမာခဲ့မှု၊ တရုတ်နိုင်ငံအပေါ် တပ်မတော်၏ ဆက်ဆံရေးသဘောထားများ ပြောင်းလဲလာမှု၊ မြန်မာနိုင်ငံတွင်းရှိ တရုတ်၏ BRI နှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

တပ်မတော်၏ လက်နက်ဝယ်ယူသော ဈေးကွက်မှာ တရုတ်ဈေးကွက်မှ ရုရှား၊ ယူကရိန်းဈေးကွက်များသို့ ပြောင်းလဲလာပြီး ပြည်တွင်းလက်နက်ကိုင်များနှင့် ပတ်သက်၍ တပ်မတော်၏ တရုတ်နိုင်ငံအပေါ် သဘောထားများကလည်း တရုတ်နှင့် NLD အစိုးရ၏ ဆက်ဆံရေးခိုင်မာလာမှုကို သက်ရောက်စေသည်ဟု RFA ၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်များ၊ တရုတ်သမ္မတ၏ မြန်မာခရီးစဉ်တို့အပါအဝင် တရုတ်အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိများ၏ သံတမန်ရေးရာ ခရီးစဉ်များကို ထောက်ရှုခြင်းဖြင့် တရုတ်နှင့် NLDအစိုးရကြား ကောင်းမွန်သော ဆက်ဆံရေးကို မြင်တွေ့နိုင်ကြောင်း၊ ထိုခရီးစဉ်တိုင်းတွင် BRIနှင့် ပတ်သက်သော စီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးမှုများရှိခဲ့ရာ သဘောတူညီချက် အမြောက်အမြားလည်း ရရှိခဲ့သဖြင့် တရုတ်တို့အနေဖြင့် ယခင်က လူထုထောက်ခံမှုအားနည်းပြီး လာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့သော အစိုးရထက် ပို၍ လက်တွေ့ကျပြီး ကတိစကားတည်သော ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ဆက်လက် လက်တွဲလုပ်ဆောင်လိုမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

အခြား

စက်တင်ဘာ ၁ ရက်နေ့က လာရောက်ခဲ့သော Mr. Yang Jiechi ၏ ခရီးစဉ်အတွင်း နယ်စပ်ဒေသငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ရာ မြန်မာ-တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးရန်လိုအပ်သည် ဆိုသော အယူအဆကို တရုတ်ဘက်ကလက်ခံဆွေးနွေးခဲ့ကြောင်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။ တဆက်တည်းမှာပင် စက်တင်ဘာ ၅ ရက်မှ ၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ် သွားရောက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့နှင့်တွေ့ဆုံစဉ် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းဖို့ ပြောကြားခဲ့သည်ဟု ဧရာ၀တီသတင်းဌာနက ဖော်ပြထားသည်။

ယခုတပတ်အတွင်း တရုတ်အစိုးရက ယူနန်ပြည်နယ် ရွှေလီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၂၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။ တဆက်တည်းမှာပင် တရုတ်နိုင်ငံအတွင်းရှိ နေထိုင်ခွင့်သက်တမ်းကျော်လွန်ပါသူ မြန်မာနိုင်ငံသားများကို တရုတ်လ၀က ဥပဒေဖြင့် သတင်းပေးသူများကို ဆုငွေချီးမြှင့်ကာ ဖမ်းဆီးအရေးယူလျက်ရှိသည်ဟုဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ငါးသောင်းကျော် ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နေ့စဉ် ၃၀ နီးပါး ပြန်လည်ဝင်ရောက်ခဲ့သည်ဟု Eleven Media Group တွင် ဖော်ပြထားသည်။

ထို့အတူ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်ထိ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား ၇၅၀ ကျော်ကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။ တရားမဝင် ဝင်ရောက်မှု အများဆုံးဒေသမှာ မူဆယ်-လောက်ကိုင် ဒေသဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့က တရားမဝင် ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား ၁၉ ဦး ကို မူဆယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။