ISP China Desk
ကိုဗစ် ၁၉ အကျပ်အတည်းကြားမှ တိုးပွားလာသည့် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဧပြီ ဒုတိယပတ်)

ပြီခဲ့သည့် တပတ်တာအတွင်း ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြလျက်ရှိသော တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ သတင်းပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk မှ စုစည်းမှတ်တမ်းတင်ခဲ့ပါသည်။  သတင်းဖော်ပြမှုများထဲတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မွန်ဂိုလီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်လိုက်မှု၊ မြန်မာတွင်ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ နှင့်ပတ်သက်၍ တရုတ်နိုင်ငံက အကူအညီများ ပေးအပ်နေမှု၊ နယ်စပ်ကုန်သွယ်ရေးတွင် အကျပ်အတည်းများ ဖြစ်လည်ဖြစ်ပေါ်လာမှု၊ ပိတ်သိမ်းရပ်ဆိုင်းသည့် အထည်ချုပ်စက်ရုံများ များပြားလာနေမှု၊ ကိုဗစ် ၁၉ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုတချို့ကို ခွင့်ပြုပေးရန် စီစဉ်နေမှု၊ ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသားများ၏ တရားမဝင်သတ္တုတူးဖော်နေမှု စသည်တို့ပါဝင်ပါသည်။

သံတမန်ရေး

တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးမျိုးသန့်ဖေအား မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ကြောင်းကို ယခုတပတ်အတွင်းက အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ဦးမျိုးသန့်ဖေသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံထားခဲ့ရသူ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံ၊ ကွမ်တုံးပြည်နယ်၊ စန်းဝှေ့မြို့ရှိ အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အကျဉ်းသား ၂၀ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ရာ ၎င်းတို့ကို ကိုဗစ် ၁၉ ရောဂါလက္ခဏာရှိ၊ မရှိ သီးခြားထားစောင့်ကြည့်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

လုံခြုံရေးကဏ္ဍ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း တရုတ်နိုင်ငံသားများ ဝင်ရောက်၍ တောင်ဖြိုခြင်း၊ လိုဏ်ခေါင်းတူခြင်းတို့ဖြင့် တရားမဝင် သတ္တုတူးဖော်နေသည်ကို အစိုးရတာဝန်ရှိသူများက ယခုတပတ်အတွင်းတွင် သွားရောက်စစ်ဆေးတွေ့ရှိခဲ့သည်။ အလှဆင်ခြင်း၊ ဆီလီကွန်နှင့် Solar Cell များ ထုတ်လုပ်ခြင်းတို့အတွင် အသုံးပြုသည့် သလင်းကျောက်တူးဖော်နေခြင်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် ယမ်းတောင့် ၁၇၀၀ ကျော်၊ စနက်တံ ၇၅၀ ကျော်၊ အမိုးနီးယမ်နိုက်ထရိတ် အိတ် ၅၇၀ ကျော်၊ ဘက်ဟိုးစက်ယန္တရား ၁၀ စီး၊ ကျောက်ဖောက်စက် လေးစီး၊ ၁၀ ဘီးနှင့် ခြောက်ဘီးယာဉ် သုံးစီးတို့အပါအဝင် အဆောက်အဦများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ဖမ်းဆီးရမိမှုသည် ပစ္စည်းများသာဖြစ်ပြီး လူများ မပါဝင်ပေ။

ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် တရုတ်၏အကူအညီ

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုများ ရှိလာချိန်တွင် တရုတ်နိုင်ငံအနေနှင့် အစိုးရရော၊ ပုဂ္ဂလိကအဖွဲ့အစည်းများကပါ ရောဂါထိန်းချုပ်တားဆီးရေးအတွက် ငွေကြေးနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိရာ ယခုတပတ်အတွင်းတွင်လည်း ဆက်လက်ရှိနေခဲ့သည်။

မြန်မာနိုင်ငံနှင့် စီးပွားရေးချိတ်ဆက်လုပ်ဆောင်နေသည့် ကူမင်းမြို့အခြေစိုက် ရွှေချိုက်ကုမ္ပဏီက တရုတ်ယွမ်ငွေ တသိန်း(ကျပ်သိန်းနှစ်ရာဝန်းးကျင်)နှင့် နှာခေါင်းစည်း နှစ်သိန်းကို ကိုဗစ် ၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သို့ ပေးအပ်လှူန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လက်ခံရယူခဲ့သည်။

အလားတူပင် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သော တရုတ်ဆေးပညာရှင် ၁၂ ဦးသည်လည်း ယခုတပတ်အတွင်းတွင် ရောက်ရှိခဲ့ပြီး ၎င်းတို့နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသည့် ယွမ် လေးသန်းကျော်(ကျပ်သန်း ၈၆၀ ကျော်) တန်ဖိုးရှိသည့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများလည်း ပါရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ရောက် တရုတ်နွယ်ဖွားများဖြင့်ဖွဲ့စည်းထားသည့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကျပ်သိန်း ၃၀၀ ဝန်းကျင် တန်ဖိုးရှိသည့် နှာခေါင်းစည်းအခုရေ ငါးသောင်းကို လှူဒါန်းခဲ့သည်။ ယင်းအသင်းသည် ယခုတကြိမ်အပါအဝင် နှာခေါင်းစည်းပေါင်း ရှစ်သောင်းကို လှူဒါန်းပြီး ဖြစ်သည်။

ကိုဗစ် ၁၉ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲကလည်း ယွမ် လေးသိန်း(ကျပ် သန်းရှစ်ဆယ်ဝန်းကျင်) တန်ဖိုးရှိသည့် ဆေးရုံသုံးပစ္စည်းများကို ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းခဲ့သည်။

ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုများ ရှိလာချိန်တွင် မြန်မာနိုင်ငံသို့ နှာခေါင်းစည်းအပါအဝင် ရောဂါထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများအား တင်သွင်းခွင့်လျှောက်ထားရန်မလိုဘဲ မူဆယ်နယ်စပ်ဂိတ်မှတဆင့် ခွင့်ပြုထားသည်ကိုလည်း သတင်းဖော်ပြမှုများအရ သိရှိရသည်။

အကျပ်ကြုံနေရသည့် ကုန်သွယ်ရေး

တရုတ်နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားစဉ်က ပထမအကြိမ် တုံ့နှေးရပ်ဆိုင်းခဲ့ရသည့် နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားလာသည့်အခါ နောက်တကြိမ် အကျပ်အတည်းနှင့် ထပ်မံကြုံတွေ့လာနေသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကူးသန်းသွားလာမှုကို တရုတ်နိုင်ငံက ပိတ်ပင်ထားပြီး ကုန်စည်တင်မော်တော်ယာဉ်များကိုသာ အကန့်အသတ်ဖြင့် ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကကုန်စည်စီးဆင်းရာဂိတ်တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ မန်းဝိန်းဂိတ်၌ မြန်မာကုန်ကားမောင်းသူများကို တရုတ်နိုင်ငံဘက်အခြမ်းက ပေးမဝင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်လျက်ရှိသလို ကျင်စန်းကျော့နယ်စပ်ဂိတ်၌ ဖရဲ၊ သခွား ကားအစီးရေ ၃၀၀ ကျော် ပိတ်မိခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ဖြစ်ပွားနေခြင်းကြောင့် ရောဂါကာကွယ်တားဆီးရေးများကို တရုတ်နိုင်ငံအနေနှင့် လုပ်ဆောင်ရာတွင် နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်စေဘဲ လုပ်ဆောင်ရန် မြန်မာဘက်က အဆိုပြုခဲ့သော်လည်း တရုတ်ဘက်ကမူ နယ်စပ်အဝင်အထွက်ဂိတ်များကို တင်းကျပ်၊ ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ခုနစ်သိန်းခန့် တင်ပို့ရန်ရှိနေသော်လည်း လက်ရှိတွင်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် ၁၉ ကြောင့် ပြန်လည်ဆွေးနွေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

အခြားတဖက်တွင် ကုန်ကြမ်းပြတ်လပ်မှုဒဏ်သင့်လျက်ရှိသည့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများအတွက် တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုမရှိသည့်ပြည်နယ်များမှ နှစ်လအတွင်း အမေရိဒေါ်လာ ၅၄ သန်းကျော်တန်ဖိုးရှိ CMP ကုန်ကြမ်း တန်ချိန် ၁၆၉၀၀ ကျော်ကို မူဆယ်နယ်စပ်ဂိတ်မှဆင့် တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားသည့် ကိုဗစ် ၁၉ ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကဂိတ်ဖြစ်သော မူဆယ်နယ်စပ်ဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ကုန်သွယ်မှုသည် ဒေါ်လာ တသန်းဖိုးအထိ ကျဆင်းသွားခဲ့သော်လည်း မတ်လနှောင်းပိုင်းတွင် ဆယ်သန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် ယခုအခါတွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ဖြစ်ပွားမှု တစတစမြင့်တက်လာနေခြင်းကြောင့် ကုန်သွယ်ရေးမှာ ပြန်လည်၍ တုံ့နှေးသွားခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများ၏ တာဝန်ရှိသူများပါဝင်သည့် အာဆီယံ + ၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများအထူးအစည်းအဝေးကို ယခုပတ်အတွင်း ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်ခဲ့ပြီး ကိုဗစ် ၁၉ ၏ သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို တင်ပြခဲ့ကြကာ ရောဂါထိန်းချုပ်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ပေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ပုံမှန်အားဖြင့် အစည်းအဝေးကို အလှည့်ကျအိမ်ရှင်နိုင်ငံများတွင် ကျင်းပခြင်းဖြစ်သော်လည်း ကိုဗစ် ၁၉ ကြောင့် အင်တာနက်၊ အွန်လိုင်းမှတဆင့် ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ကိုဗစ် ၁၉ အကျပ်အတည်းကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရရှိစေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းခွင့်ပြုခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါကော်မရှင်၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ယခုတပတ်တွင်ကျင်းပခဲ့ပြီး အလုပ်အကိုင်အခွင့်လမ်း သုံးထောင်ကျော်ရရှိစေပြီး အမေရိကန်ဒေါ်လာ သန်း ၅၅၅ သန်းကျော်နှင့် ကျပ် ၅၁ ဘီလီယံ တန်ကြေးရှိသည့် လုပ်ငန်းသစ် ၁၁ ခုကို ခွင့်ပြု(အတည်ပြု)ပေးခဲ့သည်။ ခွင့်ပြုခဲ့မှုများတွင် တရုတ်နှင့် ဟောင်ကောင်တို့မှ ကုမ္ပဏီ အနည်းဆုံး ခုနစ်ခုပါဝင်သည်ကို ကော်မရှင်၏ထုတ်ပြန်ထားမှုအရ တွေ့ရှိရသည်။ အများစုမှာ အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းလည်း ပါဝင်သည်။

အခြားတဖက်တွင်မူ ကိုဗစ် ၁၉ ကာလအတွင်း ကုန်ကြမ်းပြတ်လပ်မှု၊ ဝယ်ယူမှုအမှာစာ မရရှိတော့မှုတို့ကြောင့် လုပ်ငန်းရပ်နားခြင်း၊ လုပ်သားလျှော့ချခြင်းတို့လုပ်ဆောင်ခဲ့သည့် အထည်ချုပ်စက်ရုံပေါင်း ၇၃ ရုံ ရှိပြီး အလုပ်လက်မဲ့ဖြစ်သူ နှစ်သောင်းဝန်းကျင်ရှိလာနေကြောင်း အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ အဆိုအရ သိရသည်။ အဆိုပါပမာဏသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာတမြို့နယ်ထဲအတွက်သာ ဖြစ်ပြီး အခြားနေရာများပါထည့်တွက်မည်ဆိုပါက ထို့ထက်များပြားမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွင် ယခုတပတ်အတွင်း စိတ်ဝယ်စားဖွယ်တွေ့ရှိရသည်မှာ သာကေတ၊ သန်လျင်နှင့် ကျောက်ဖြူမြို့တို့တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားနည်းပညာသွင်းကုန်နှင့် ပို့ကုန်ကော်ပိုရေးရှင်း(China National Technical Import and Export Corporation – CNTIC)၊ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် VPower တို့နှင့်အတူ ပြည်တွင်းမှ RGK+Z&A Group တို့နှင့် ဆက်စပ်သည့် သတင်းဖော်ပြမှုဖြစ်သည်။

အဆိုပါကုမ္ပဏီများအနေနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အချိန်မီမပြီးစီးသော်လည်း ဒဏ်ငွေရိုက်ခြင်းမှ ကင်းလွတ်ဖွယ်ရှိနေသည်။ ၎င်းတို့အနေနှင့် ဧပြီ ၃ ရက်တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရန်ဆိုသည်ကို လုပ်ငန်းခွင့်ပြုစဉ်ကတည်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူညီထားခြင်းဖြစ်ပြီး အချိန်မီမပြီးစီးပါက တရက်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ သုံးသိန်း(ကျပ်သိန်း လေးထောင့်နှစ်ရာဝန်းကျင်) ဒဏ်ငွေပေးဆောင်ရန် ဖြစ်သည်။

သို့သော် မြန်မာအပါအဝင် ကမ္ဘာတလွှားတွင် ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားလျက်ရှိနေရာ စစ်မက်ဖြစ်ပွားခြင်းနှင့် ဆိုးရွားပြင်းထန်သည့် သဘာဝဘေးကဲ့သို့သော ကြိုတင်တွက်ဆမရနိုင်သည့် ဖြစ်ရပ်များကြောင့် နှောင့်နှေးကြန့်ကြာမှုတို့နှင့်ပတ်သက်၍မူ လျှော့ပေါ့စဉ်းစားပေးရဖွယ်ရှိနေသည်ဟု သတင်းဖော်ပြမှုတွင် ပါရှိသည်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများရှိနေချိန်မှာပင် နောက်ထပ်အငြင်းပွားဖွယ်ရာ တရုတ်ရင်းနှီးမြှုပ်နှံမှုကိစ္စတရပ်လည်း ရှိနေသေးသည်။ ကရင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကိစ္စဖြစ်သည်။ အဆိုပါစီမံကိန်းသည် အစိုးရကခွင့်ပြုထားသည်ထက် ပမာဏများစွာကျော်လွန်၍ ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် Myanmar Yatai International Holding Group က  မကြာသေးခင်က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။ တရုတ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် ရွှေကုက္ကိုစီမံကိန်းသည် အရှေ့တောင်အာရှဒေသအတွင်း စတုတ္တမြောက်စက်မှုတော်လှန်ရေးတွင် မြန်မာ့စီးပွားရေးကို ဖွံ့ဖြိုးစေမည့်စီမံကိန်းဖြစ်ပြီး ကုမ္ပဏီအနေနှင့် ပွင့်လင်းမြင်သာမှုအားနည်းခဲ့ခြင်းအတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။