ISP China Desk
တကျော့ပြန် နယ်စပ်ကုန်သွယ်ရေးအခက်အခဲနှင့် တရုတ်၏အကူအညီများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဧပြီ ပထမပတ်)

လူမှုရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးတို့နှင့်ပတ်သက်၍  ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြလျက်ရှိသော တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ သတင်းပေါင်း ၇၀ ဝန်းကျင်ကို ယခုတပတ်အတွင်းတွင် ISP-Myanmar China Desk မှ စုစည်းမှတ်တမ်းတင်ခဲ့ပါသည်။ 

သတင်းဖော်ပြမှုများတွင် ကိုဗစ် ၁၉ စတင်ခံစားလာနေရသည့် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံခြားသားများမဆို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းမပြုတော့ဘဲ ယာယီရပ်ဆိုင်းလိုက်သည်ဆိုသည့်အကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ကုန်စည်တင်မော်တော်ယာဉ် ဝန်ဆောင်ခနှုန်းထားများ နှစ်ဆဝန်းကျင် မြင့်တက်ခဲ့မှု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ လူထုတွေ့ဆုံပွဲပြုလုပ်သူနှစ်ဦးကို အမှုဖွင့်အရေးယူလိုက်သည်ဆိုသည့်အကြောင်း၊ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၃၀ ကျော်ကို လဝကဥပဒေဖြင့် အရေးယူမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်ဆိုသည့် အကြောင်းတို့ကို တွေ့ရသလို အလုပ်ပိတ်သိမ်းခဲ့သည့် တရုအထည်ချုပ်စက်ရုံများမှ အလုပ်သမားများ လုပ်ခလစာရရှိရေး အစိုးရအား အကူအညီတောင်းခံခဲ့မှု စသဖြင့် ကိုဗစ် ၁၉ ၏ နောက်ဆက်တွဲရိုက်ခက်မှုဖြစ်သည့် လူမှုစီးပွားရေးအခြေအနေများကို တွေ့ရှိရပါသည်။

ယင်းတို့အထဲတွင် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် ကိုဗစ် ၁၉ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်အစိုးရနှင့် ပုဂ္ဂလိကတို့က အလှူငွေနှင့် ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ခဲ့မှု၊ နယ်စပ်ဝင်ပေါက်များကို တရုတ်ဘက်က တင်းကျပ်လိုက်မှုနှင့် နှစ်နိုင်ငံနယ်စပ်ရှိ နယ်နိမိတ်ကျောက်တိုင်များကို စစ်ဆေးမှုတို့သည် သတိပြုဖွယ်ရာ ဖြစ်သည်။

တရုတ်နိုင်ငံမှ ပေးအပ်သော ထောက်ပံ့လှူဒါန်းမှုများ

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ထိန်းချုပ်၊ ကာကွယ်ရေးအတွက် ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်း ၂ ဒသမ ၄၅ တန်ကို တရုတ်နိုင်ငံအစိုးရက လှူဒါန်းခဲ့သည်။ လှူဒါန်းသည့်ပစ္စည်းများတွင် တကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ(PPE) ငါးထောင်၊ N95 နှာခေါင်းစည်း ငါးထောင်နှင့် တခါသုံးနှာခေါင်းစည်း နှစ်သိန်းတို့ ပါဝင်သည်။ လှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး ချင်းဟိုင်မှတဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ယခုလှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကိုဗစ် ၁၉ ဓာတ်ခွဲစစ်ဆေးရေးကိရိယာ နှစ်ထောင်ကျော်နှင့် နှာခေါင်းစည်းများကို ပထမအကြိမ်အဖြစ် လှူဒါန်းထားခဲ့သည်။

ယင်းအပြင် တရုတ်နိုင်ငံအနေနှင့် ရောဂါပိုးရှိ၊ မရှိကို တနေ့လျှင် လူ နှစ်ရာအထိ စစ်ဆေးဓာတ်ခွဲနိုင်သည့် ဓာတ်ခွဲခန်းအတွက်လည်း ကူညီမည်ဖြစ်သလို အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ဆေးပညာရှင်အဖွဲ့ကိုလည်း မြန်မာနိုင်ငံသို့ စေလွှတ်ရန် ရှိနေသည်။ ထို့အတူပင် တရုတ်နိုင်ငံက ပြုပြင်အဆင့်မြှင့်တင်ထားသည့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဆေးရုံသို့လည်း နှာခေါင်းစည်းနှစ်သောင်းကို မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက လှူဒါန်းခဲ့သည်မှာလည်း စိတ်ဝင်စားစရာဖြစ်သည်။ မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ရေး အသင်းသည် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများပါဝင်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။

အလားတူပင် ကမ္ဘာကျော် တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျက်မား၏ ဂျက်မားဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့ကလည်း ရောဂါရှာဖွေရေးကိရိယာ နှစ်သောင်းရှစ်ထောင်ကျော်နှင့် N95 နှာခေါင်းစည်း တသိန်းတို့ကို လှူဒါန်းခဲ့သလို ယူနန်စီးပွားရေးလုပ်ငန်းရှင်များကလည်း PPE ဝတ်စုံများ လှူဒါန်းခဲ့သည်။

ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြီးခဲ့သည့် မတ်လကုန်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းမှုများကို ISP-Myanmar China Desk မှ စာရင်းပြုစုထားပါသည်။

နယ်စပ်အခြေအနေ တင်းကျပ်ခြင်း

တရုတ်နိုင်ငံ၌ ကိုဗစ် ၁၉ ဖြစ်ပွားခဲ့စဉ်က တုံ့နှေးရပ်ဆိုင်းမှုများနှင့် ဖြစ်ပေါ်ခဲ့ရသည့် နယ်စပ်ကုန်သွယ်ရေးအခြေအနေသည် ယခုအခါ မြန်မာနိုင်ငံတွင် အဆိုပါရောဂါဖြစ်ပွားလာသည့်အခါတွင်လည်း တင်းကျပ်မှုများနှင့် ထပ်မံကြုံတွေ့လာနေသည်ကို တွေ့ရသည်။

တရုတ်နှင့် မြန်မာ နယ်စပ်ဝင်ထွက်ပေါက်များကို ပိတ်လိုက်ခြင်း၊ တင်းကျပ်သည့်စည်းကမ်းသတ်မှတ်ချက်များဖြင့် ခွင့်ပြုခြင်းတို့ကို တရုတ်နိုင်ငံဘက်မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်နှင့် ရှမ်းပြည်နယ်၊ မူဆယ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်များတွင် ကြံ၊ ဖရဲနှင့် ငှက်ပျော စသည့် ကုန်တင်ယာဉ်များကို ယာဉ်မောင်းတဦးတည်းဖြင့်သာ ဝင်ရောက်ခြင်းမှလွဲ၍ မြန်မာနိုင်ငံသားများ ဝင်ရောက်မှုကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

ယင်းကြောင့် တနိုင်တပိုင် ကုန်သွယ်သူများအနေနှင့် အခက်အခဲများကြုံတွေ့နေသည်။ နယ်စပ်ဂိတ်များတွင် သုံးဘီးယာဉ်များဖြင့် တနိုင်တပိုင်ကုန်သွယ်ကြသည့် ကုန်သည်ဦးရေမှာ လေးရာမှ ငါးရာဝန်းကျင်ရှိနေကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။ အလားတူပင် တရုတ်ကုန်သည်များအနေနှင့်လည်း မြန်မာဘက်ခြမ်းသို့ လာရောက်၍ ကုန်စည်ဝယ်ခြင်းကိုလည်း ရပ်ဆိုင်းခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ကိုဗစ် ၁၉ ကို ထိန်းချုပ်နိုင်လိုက်မှုကြောင့် ဝယ်လိုအားမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံမှ အခြေခံစားသောက်ကုန်စည်များ တင်ပို့ရမှုသည် ပြီးခဲ့သည့်ရက်များအတွင်းက ပြန်လည်မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုစတင်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ အဝင်အထွက်တင်းကျပ်မှုအပြင် မြန်မာပြည်အတွင်းတွင် အသွားအလာကန့်သတ်ခြင်း၊ ထိန်းချုပ်ခြင်းများ ရှိလာမည်ဖြစ်ရာ နယ်စပ်ကုန်သွယ်ရေးသည် ပြန်လည်တုံ့နှေးသွားမည့်အခြေအနေများ ရှိနေသည်။

နယ်နိမိတ်စစ်ဆေးခြင်းနှင့် လုံခြုံရေး

တရုတ်နှင့် မြန်မာအကြား ပုံမှန်လုပ်ဆောင်နေကျဖြစ်သည့် နယ်နိမိတ်ကျောက်တိုင်များ စစ်ဆေးခြင်းကို ယခုတပတ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်ဟီးရိုးမြို့အတွင်း ၁၃ မိုင်ရှည်လျားသည့် နယ်နိမိတ်ထိစပ်မှုအတွင်းမှ နယ်ခြားကျောက်တိုင် ၂၃ တိုင်ကို မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ် နယ်မြေခံရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ဦးစီးမှူး စသည့် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ 

နှစ်နိုင်ငံအကြား နယ်နိမိတ်မျဉ်းသတ်မှတ်ထားမှုမှ နယ်ခြားကျောက်တိုင်များကို သုံးလတကြိမ် ပုံမှန်စစ်ဆေးခြင်း ဖြစ်သည်။

အလားတူပင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ မဲခေါင်မြစ်အတွင်း ကင်းလှည့်စစ်ဆေးမှုကိုလည်း ယခုတပတ်အတွင်း ပြုလုပ်ခဲ့သည်။

နိုင်ငံလေးခုမှ အရာရှိ ၁၁၁ ဦးက သင်္ဘော ငါးစင်းဖြင့် မဲခေါင်မြစ်အတွင်း ၆၀၅ ကီလိုမီတာ(၃၇၅ မိုင်) ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တဆက်တည်းမှာပင် လက်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ် ၁၉ ကပ်ရောဂါနှင့်ပတ်သက်၍လည်း လေးနိုင်ငံ၏ တာဝန်ရှိသူများက ဗီဒီယိုမှတဆင့် စီစဉ်ညွှန်ကြားခြင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသလို ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေရေးအဖွဲ့အစည်းများကိုလည်း စေလွှတ်ခဲ့ကြသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။