ISP China Desk
ဝံပုလွေစစ်သည် သံခင်းတမန်ခင်း (Wolf Warrior Diplomacy)

အမေရိကန်သာ ပထမ ကြွေးကြော်သံနှင့် တရုတ်၏ ဝံပုလွေစစ်သည် သံခင်းတမန်ခင်းတို့အကြား မြန်မာအကျိုးစီးပွားအတွက် မဟာဗျူဟာ ဘယ်လိုရှာမလဲ

ယမန်နေ့ (ဇူလိုင် ၁၈ ရက်) က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး၏ လူမှု ကွန်ရက်စာမျက်နှာ (Facebook) တွင် သံရုံး ယာယီတာဝန်ခံ George N.Sibley ရေးသားသော “တောင်တရုတ် ပင်လယ်က ပြဿနာ မြန်မာအပေါ် ဘယ်လို သက်ရောက်နေလဲ” အတွေးအမြင် ဆောင်းပါးကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြခဲ့ပြီး နေ့မကူးခင်မှာပင် “မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်းသော မှားယွင်းသည့် ပြောကြားချက်များကို ဝေဖန် ပယ်ချကြောင်း” မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေး ဆိုခွင့်ရှိသူ၏ တုံ့ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် မြန်မာဘာသာဖြင့် ဖော်ပြခဲ့ပါသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သော အလားတူ အတွေးအမြင်၊ ဆောင်းပါးများကို အရှေ့တောင် အာရှနိုင်ငံအများစုရှိ အမေရိကန် သံရုံးများ၏ လူမှု ကွန်ရက်စာမျက်နှာ (Facebook နှင့် Twitter) များတွင် ဖော်ပြခဲ့ခြင်းက သတိပြုစရာ တခု ဖြစ်သည်။ ထိုအချက်သည် အာဆီယံ ဒေသတွင်း နိုင်ငံများ၌ အမေရိကန်နှင့် တရုတ် နိုင်ငံတို့၏ ရန်ငါစည်းခြားသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ အရှိန်မြှင့်တက်လာမှုကို ထင်ဟပ်လျက်ရှိသည်။ တရုတ်နှင့် အမေရိကန်တို့၏ စကားစစ်ထိုးမှုများကို နိုင်ငံတကာ အခင်းအကျင်းတွင် မကြာခဏ မြင်တွေ့နေရာမှ ယခုအချိန်တွင် အခြားသော အာဆီယံနိုင်ငံအချို့နည်းတူ မြန်မာနိုင်ငံတွင်လည်း ၎င်းတို့၏ စကားစစ်ထိုးမှု ပေါ်ပေါ်ထင်ထင် စတင်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သော စကား စစ်ထိုးမှုကို မြင်ရချိန်၌ လတ်တလော (နိုင်ငံတကာ အသိုင်းအဝိုင်း၌) တရုတ်နိုင်ငံ၏ သံတမန်ရေးရာ အပြုအမူများနှင့် ပတ်သက်၍ ရေပန်းစားနေသော ဝံပုလွေစစ်သည် သံခင်းတမန်ခင်း (Wolf Warrior Diplomacy) အယူအဆပိုင်း ဆိုင်ရာ ဖော်ပြချက်တခုနှင့် နှိုင်းယှဉ်စဉ်းစားကြည့်စရာ ဖြစ်လာခဲ့သည်။ Wolf Warrior ဆိုသည်မှာ ၂၀၁၅ ခုနှစ် ထွက်ရှိခဲ့သော တရုတ် ရုပ်ရှင်ဇာတ်ကားတခု၏ အမည်ဖြစ်ပြီး တရုတ်နိုင်ငံ အထူးတပ်ဖွဲ့၏ အကြောင်းကို အခြေပြု၍ တရုတ်တို့၏ အမျိုးသားရေး စိတ်ဓာတ်ကို နှိုးဆော်ပေးခဲ့သည့် ဇာတ်လမ်း ဖြစ်သည်။ ဝံပုလွေစစ်သည် သံခင်းတမန်ခင်း (Wolf Warrior Diplomacy) ဆိုခြင်းမှာမူ တရုတ် သံတမန်များသည် အမျိုးသားရေး စိတ်ဓာတ်ကို အခြေပြု၍ နိုင်ငံတကာဝေဖန်မှုများကို ပြင်းပြင်းထန်ထန် တန်ပြန် တိုက်စစ်ဆင် ဝေဖန်လေ့ရှိခြင်းကို ပြောခြင်း ဖြစ်ပါသည်။ ဇာတ်ကားနှင့် ချိတ်ဆက်၍ ခိုင်းနှိုင်းပြောဆိုရာမှ ထွက်ပေါ်လာသည့် နိုင်ငံခြား ဆက်ဆံရေးမူဝါဒဆိုင်ရာ တင်စားချက်တခု ဖြစ်ပါသည်။ ယခုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အတွေးအမြင် ဆောင်းပါးအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် တရုတ်၏ ဝံပုလွေစစ်သည် သံခင်းတမန်ခင်း ကို ထင်ဟပ်မှု ဖြစ်စေခဲ့ပါသည်။

မြန်မာစကားတွင် “ပါးရိုက် နားကိုက်” (ပါးကိုက် နားကိုက် ဟုလည်းရှိ) ဟူ၍ ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးနှင့် တရုတ်သံရုံးတို့အကြား မြန်မာနိုင်ငံ အရေးကို အကြောင်းပြု၍ လူမှု ကွန်ရက်စာမျက်နှာ (Facebook) တွင် အပြန်အလှန် ဖြစ်ခဲ့သည်မှာလည်း ပါးကို ရိုက်၍ နားကို ပြန်ကိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခုနောက်ပိုင်းတွင် အပြောများလာသော အင်အားကြီးနိုင်ငံများ အနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ပဓာနထား၍ ကြည့်သည့် အမေရိကန်သာ ဦးစားပေး၊ အမေရိကန်သာ ပထမ (America First) ဆိုသည့် ငြာသံပေးမှုကိုပဲ ဖြစ်စေ၊ ၎င်းတို့၏ အကျိုးစီးပွားကို ပိုမို ရဲတင်းစွာ ကာကွယ်မြှင့်တင်လာသော တရုတ်၏ ဝံပုလွေစစ်သည် သံခင်းတမန်ခင်း (Wolf Warrior Diplomacy) ဖြစ်စေ နှစ်ခုစလုံးသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမည် မဟုတ်ပါ။

သို့ရာတွင် ၎င်းတို့၏ စကားစစ်ထိုးမှု အပေါ် မှတ်ချက်စကား ဆိုသူများ၊ ပြန်လည် ဖြန့်ဝေကြသူများအနက် အလေးအနက် ရေးသားချက်များကို ကြည့်သည့်အခါ ကျွဲနှစ်ကောင် ခတ်သည့်ကြားမှာ မြန်မာနိုင်ငံက မြေဇာပင်ဖြစ်မည့် အပေါ် စိုးရိမ်ကြသည်ကို အဓိကအနေဖြင့် တွေ့ရှိရသည်။ “ကြားမညှပ်ချင်သည့်” သဘောသာ ဖြစ်သည်။ စင်စစ်အားဖြင့် နိုင်ငံရေးစကားဖြင့် ပြောမည်ဆိုလျှင် ကြားမညှပ်လိုခြင်းသည် ဆန္ဒသာဖြစ်ပြီး မဟာဗျူဟာ မဟုတ်သည်ကို သတိချပ်ရပါမည်။ ကြားမညှပ်စေရန် မည်သို့ လုပ်ဆောင်မည် ဆိုခြင်းကို သေချာ ဖော်ထုတ် ပြင်ဆင်ခြင်းသည်သာ မဟာဗျူဟာကျကျ စဉ်းစားမှု ဖြစ်စေပါမည်။

၂၁ ရာစု တရုတ်နှင့် အမေရိကန်တို့၏ စစ်အေးကာလ အသစ် မုန်တိုင်းသည် အဖက်ဖက်တွင် အင်အားချည့်နဲ့နေသော မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားလာခဲ့ပြီလား။ တရုတ်နှင့် အမေရိကန်တို့၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒနှင့် အားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏ အခန်းကဏ္ဍက မည်သို့ ရှိမည်နည်း။ အကယ်၍ မုန်တိုင်း ရောက်လာခဲ့သည် ရှိသော် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် မည်သို့ ပြင်ဆင်ကြမည်နည်း။ ယခုကဲ့သို့ အကျိုး စီးပွားကိုယ်စီနှင့် အင်အားကြီးနိုင်ငံများ၏ ပထမဝီနိုင်ငံရေး အားပြိုင်မှုများအကြား မဟာဗျူဟာမြောက်စွာ စဉ်းစားနိုင်ရန် လက်ရှိ အခင်းအကျင်းနှင့် ပေးထားချက်များကို အခြေခံကျကျ ပြန်လည် သုံးသပ်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သံတမန်ရေးရာ ဟန်ချက်က မည်သို့ ထိန်းနိုင်မည်နည်း။ မြန်မာ့ အကျိုးစီးပွားကို မည်သို့ မြှင့်တင်နိုင်မည်နည်း အစရှိသော မဟာဗျူဟာပိုင်း အဖြေရှာမှုကို ISP-Myanmar China Desk တွင် မကြာမီ ဆွေးနွေးတင်ပြသွားပါမည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။