ISP China Desk
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံခြင်းနှင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးရာများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာ သတင်းအနှစ်ချုပ် - ၂၀၂၀၊ ဇူလိုင် တတိယပတ်)

ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်းသော သတင်းဖော်ပြမှုပေါင်း ၈၀ ကျော်ကို ISP-Myanmar China Desk က ယခုသီတင်းပတ်အတွင်း၌ စုစည်းခဲ့ပြီး ၎င်းတို့အား အကြောင်းအရာတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

သံတမန်ရေး

ယခုတပတ်အတွက် တရုတ်-မြန်မာ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ သံတမန်ရေးဆိုင်ရာ သတင်းနှစ်ခုအား ကောက်နုတ်ဖော်ပြပါမည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချင်းဟိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုနှင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အာဆီယံ-တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးများ အထူးအစည်းအဝေးအကြောင်းတို့ ဖြစ်သည်။

မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများကို တရုတ်နိုင်ငံက ထောက်ပံ့ကူညီနေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံခရီးစဉ်တွင် ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက နိုင်ငံတကာသတင်းစာမျက်နှာများတွင် ဖော်ပြခဲ့ပြီးနောက် မကြာမီတွင် သံအမတ်ကြီးနှင့် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သို့သော် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ တိုက်ဖျက်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများ၊ ရခိုင်ပြည်နယ်အရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုသာ အစိုးရသတင်းစာတို့တွင် ဖော်ပြပါရှိသည်။

ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အာဆီယံ-တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယခုတပတ်အတွင်းတွင် ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်ကာလအတွင်း လရှည်ကြာစွာ အကျပ်အတည်းများကြုံတွေ့နေရသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်းနှင့်ပတ်သက်၍ မြန်မာပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

စီးပွားရေး

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မည့် တရုတ်နိုင်ငံသားများကို ပုံစံအသစ်ဖြင့် ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်မှာ ယခုတပတ်အတွင်း သတိပြုဖွယ်ရာ အကြောင်းအရာတခုဖြစ်သည်။

ကိုဗစ်ကာလအတွင်း နိုင်ငံတကာ လေကြောင်းနှင့် ခရီးသွားများကို ပိတ်ပင်ထားသော်လည်း စီးပွားရေးကိစ္စအတွက် လာရောက်မည့် တရုတ်နိုင်ငံသားများကိုမူ မကြာသေးခင်က ဖွင့်လှစ်ခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အမြန်လမ်းကြောင်း(Fast Track) အစီအစဉ်အောက်မှ အထူးသတ်မှတ်ချက်များဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု

ယခုကဏ္ဍ၏ ထူးခြားချက်များအဖြစ် ကာစီနိုလောင်းကစားကိစ္စများအပြင် ခွင့်ပြုချက်ထက်ကျော်လွန်ကာ လုပ်ဆောင်နေသည်ဟူ၍ သတင်းထွက်ပေါ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့မှုကို ဖော်ပြလိုပါသည်။

မြဝတီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ပြန်လည်ဖြေဆိုခဲ့ရာတွင် ရင်းနှီးမြှုပ်နံသူလိုက်နာရမည့်အချက်များကို ချိုးဖောက်ပါက ဥပဒေနှင့်အညီအရေးယူမည်ဟု ပြောဆိုခဲ့သည်။ ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များကို ပြောဆိုခဲ့ရာတွင် မြေပြင်အခြေအနေများနှင့် ကွဲလွဲမှုများ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်၏ ပြောဆိုမှုကို ကိုးကား၍ သတင်းတပုဒ်က ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်းသည် တရုတ်နှင့် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်သော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး မြေဧက ၂၅ ဒသမ ၅ ဧကတွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဟု အစိုးရက ပြောဆိုသော်လည်း သက်ဆိုင်ရာကုမ္ပဏီက မြေဧက သုံးသောင်းဝန်းကျင်တွင် ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အစိုးရထံတင်ပြထားသည်ထက် ပမာဏများစွာ ကျော်လွန်လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။   

ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများအား ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၅ ဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည့် သတင်းမှာလည်း ယခုတပတ်အတွင်း သတိပြုဖွယ် ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သို့ မလျှောက်လှမ်းနိုင်သေးသည့် အချိန်တွင် တနှစ်ထက်တနှစ် တိုးပွားလာသော ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားသင့်ကြောင်း မြန်မာသတ္တုမိုင်းစောင့်ကြည့်ရေးကွန်ရက်(MMWN)  အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၅ ခုက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများသည် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်နိုင်ငံတို့အကြား အကျိုးစီးပွားများ ချိတ်ဆက်ယှက်နွယ်နေကာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများ ကြီးမားစွာ ရှိနေသည့် လုပ်ငန်းများဖြစ်သည်။

ကုန်သွယ်ရေး

နယ်စပ်ကို ဖြတ်ကျော်ရာတွင် အကောက်အခွန်ဆိုင်ရာ လုပ်ငန်းများအား ထိရောက်လျင်မြန်စွာ ဆောက်ရွက်ပေးနိုင်ပြီး ကုန်စည်စီးဆင်းမှု ကြန့်ကြာနေခြင်းအား ဖြေလျှော့ပေးနိုင်မည့် အလိုလျောက်ကုန်စည်ရှင်းလင်းစနစ်(MACCS) ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် စတင်အသုံးပြုနိုင်မည်ဆိုသည့် သတင်းဖော်ပြမှုမှာလည်း ကုန်သွယ်ရေးကဏ္ဍ၏ စိတ်ဝင်စားဖွယ်ရာ သတင်းဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအား တင်းကျပ်ကန့်သတ်ထားသည့်အခြေအနေများသည် ဆက်လက်ရှိနေသေးပြီး နယ်စပ်တွင် ကုန်တင်ယာဉ်များလည်း ပိတ်မိနေဆဲ ဖြစ်သည်။ ယင်းအခြေအနေများအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများကို တရုတ်နိုင်ငံအစိုးရက ခွင့်ပြုချက်များ ချပေးခဲ့သည်ကို တွေ့ရှိရသည်။

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(GACC) က ခွင့်ပြုချက်များ ထုတ်ပေးခြင်းဖြစ်ပြီး မြန်မာကုမ္ပဏီ ၄၃ ခုသည် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။ ယင်းကြောင့် မြန်မာ့ ဆန်၊ ဆန်ကွဲ ဈေးကွက်သည် ရေရှည်အတွက် အလားအလာ ပိုကောင်းလာစေကာ အကျိုးကျေးဇူး ဖြစ်ထွန်းလာမည်ဟု  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုကော်မတီဝင် ဒေါက်တာ စိုးထွန်း၏ ပြောဆိုချက်ကိုလည်း တွေ့ရှိရသည်။

တရားမဝင် ဝင်ရောက်မှုနှင့် ရာဇဝတ်မှုများ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တည်ရှိသော တရားမဝင် ကာစီနိုရုံတခုကို တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဆိုသည့် သတင်းမှာလည်း ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ တရုတ်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ၁၄ ဦးတို့ကို ဖမ်းဆီးမိခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မဲ့၊ အထောက်အထားမဲ့ ဝင်ရောက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းကာ ပြစ်ဒဏ်ချမှတ်ခံထားသည့် တရုတ်နိုင်ငံသား ၃၈ ဦးအား ယခုတပတ်အတွင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ကိုလည်း တွေ့ရှိရသည်။  ၎င်းတို့သည် မေလအတွင်းက ဝင်ရောက်လာသူများ ဖြစ်ပြီး မူဆယ် တရားရုံးက ဒဏ်ငွေ ကျပ်ငါးသိန်းချမှတ်ခဲ့ကာ ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုများအဖြစ် ယခုတပတ်အတွင်း ကျိုင်းတုံတွင် လေးဦး၊ လောက်ကိုင်တွင် ရှစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။

အလားတူပင် မြန်မာနိုင်ငံ၌ လောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသား ၁၆ ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့်သတင်းမှာလည်း သတိပြုဖွယ်ရာ ကိစ္စတရပ်ဖြစ်သည်။

နေရပ်ပြန်အလုပ်သမားများ

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ကိုဗစ်ကာလအတွင်းတွင် နေရပ်သို့ ပြန်လာနေဆဲ ဖြစ်ပြီး ယခုတပတ်အတွင်း မီဒီယာဖော်ပြချက်များအရ ၃၀၀ ဦး ဝန်းကျင်ရှိခဲ့သည်။ အားလုံးနီးပါးမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ အစိုးရသတင်းများအရ ဧပြီလကုန်မှ ယခု ဇူလိုင်တတိပတ်အထိ ချင်းရွှေဟော်နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်လာသူသည် တသောင်းသုံးထောင်ကျော် ရှိပြီဖြစ်သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။