ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဩဂုတ် နောက်ဆုံးပတ် (ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်မြန်မာဆက်ဆံရေးနှင့်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၅၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။

သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု

ဩဂုတ် ၂၄ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် တတိယ အကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက လာအိုနိုင်ငံထံမှ ပူးတွဲဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် ဩဂုတ် ၂၆ ရက်တွင် တရုတ်-မြန်မာ ပူးတွဲသုတေသန စီမံကိန်းများ စတင်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချိန်ဟိုင်တို့ တက်ရောက်ခဲ့သည်။ အဆိုပါပူးတွဲသုတေသနစီမံကိန်းများအတွက် ယွမ်ငွေ ၁၅ သန်း ထောက်ပံ့ပေးမည်ဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ သန့်ရှင်းလုံခြုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စသည်တို့ ပါဝင်ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းများကို တရုတ်နိုင်ငံရှိ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမှ တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးတွဲဆောင်ရွက်သွားမည် ဖြစ်သည်။

ကုန်သွယ်ရေး

တရုတ်ဘက်မှ ဝယ်လိုအား မြင့်မားလျက်ရှိသောကြောင့် လာမည့်နှစ် တွင်လည်း မြန်မာ့နှမ်းများ ဆက်လက် ဈေးကောင်းရနေဦးမည်ဟု The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။ နှမ်းသည် ပြည်တွင်း၌ အများဆုံး စိုက်ပျိုးသော ဆီထွက်သီးနှံဖြစ်ပြီး ထွက်ရှိသည့် နှမ်းများ၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိရာ အဓိကဝယ်ယူသူမှာ တရုတ်နိုင်ငံဖြစ်သည်။ ထို့အပြင် နောက်ထပ် ကုန်သွယ်ရေးသတင်းတပုဒ်အဖြစ် မြန်မာနိုင်ငံမှအဆင့်မီထုပ်ပိုးထားသည့် စားသောက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်းလည်း မြဝတီနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း(အောက်တိုဘာ ၁ ရက်မှ ဩဂုတ် ၁၄ ရက်ထိ) တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၂၇ မီလီယံ ကျဆင်းခဲ့သည်ဟု The Global New Light of Myanmar သတင်းစာက ဖော်ပြထားသည်။ မြန်မာပို့ကုန်များအပေါ် တရုတ်၏ ကြီးလေးသော အခွန်ကောက်ခံမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ အရေးတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းလျက်ရှိကြောင်း သတင်းဖော်ပြချက်မှာ ဂရုပြုဖွယ်ဖြစ်သည်။

တရုတ်-မြန်မာ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဩဂုတ် ၂၅ ရက်တွင် ကျင်းပခဲ့သည်။ တဖက်တွင်လည်း မြန်မာ့စီးပွားရေးလုပ်ငန်းများအပေါ် ထုတ်ပြန်လိုက်သည့် တရုတ်အစိုးရ၏ စည်းမျဉ်းစည်းကမ်းများမှာ မြန်မာလုပ်ငန်းရှင်များ လိုက်နာရန် ခက်ခဲသဖြင့်  လုပ်ငန်းရှင်များက အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုလျက် ရှိသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည် သယ်ယူပို့ဆောင်ရေးဂိတ်များ၊ ဂိုဒေါင်ငှားရမ်းမှုများအား တရုတ်ဘက်မှ ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။ ယူနန်ပြည်နယ် တက်ဟုန် ပြည်နယ်ခွဲ အစိုးရ၏ ဩဂုတ် ၂၅  ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော စည်းမျဉ်း စည်းကမ်းများတွင် မြန်မာ့ကုန်စည်ပို့ဆောင်ရေးအတွက် တရုတ်နိုင်ငံသား နှင့် အစုစပ် ၅၀ ရာခိုင်နှုန်းနှင့် အထက်မှသာ လုပ်ကိုင်ခွင့်ပေးခြင်းစသော စည်းမျဉ်းများပါရှိရာ မြန်မာကုန်သည်များအတွက် လိုက်နာရန် ခက်ခဲလျက် ရှိသည်။ အဆိုပါစည်မျဉ်းများကို လိုက်နာခြင်းမရှိပါက မြန်မာ့ကုန်စည် ပို့ဆောင်ရေး ဂိတ်များကို ပိတ်သိမ်းသွားမည်ဟုလည်း တရုတ်တာဝန်ရှိသူများက ပြောကြားကြောင်း VOA Burmese က ဖော်ပြထားသည်။

တရုတ်နှင့် ပါကစ္စတန် ပူးပေါင်းထုတ်လုပ်ထားသော JF-17 တိုက်လေယာဉ်များကို မြန်မာနိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း The National Interest ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အဆိုပါ လေယာဉ်များမှာ အခြားနိုင်ငံထုတ် တိုက်လေယာဉ်များနှင့် ယှဉ်လျှင် ဈေးနှုန်းသက်သာပြီး မြန်မာနိုင်ငံမှ တစင်းလျှင် အမေရိကန် ဒေါ်လာ ၁၆ သန်း ပေးချေ၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ရင်းနှီးမြှုပ်နှံမှု

တရုတ်ကုမ္ပဏီမှ ၉၀ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသော ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အကြီးစားခဲသတ္ထုကုန်ချောစက်ရုံသည် ဓာတုစွန့်ပစ်ပစ္စည်းများ စွန့်ပစ်မည့်နေရာကို အတိအကျ မဖော်ပြထားသည့် အတွက် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခံနေရသည့် သတင်းမှာလည်း အာရုံစိုက်ဖွယ်ဖြစ်သည်။ စီမံကိန်းကို ဦးစီးဆောင်ရွက်နေသော Global South Industrial ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဝင်းမော်က ဓာတုစွန့်ပစ်ပစ္စည်း များမှာ အဆင့်မြင့်နည်းပညာဖြင့် အဆင့်ဆင့် ဖြတ်သန်းပြီး အနံ့အသက် ကင်းသော အဆင့်ရောက်မှသာ လေထုထဲထုတ်လွှတ်မည်ဖြစ်၍ စွန့်ပစ်ပစ္စည်းရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါစက်ရုံသည် စတင်တည်ဆောက်စဉ်ကပင် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA)မပြုလုပ်ဘဲ တည်ဆောက်နေခြင်း စွန်ပစ်မြေဇာပုံ ထားရှိမည့်နေရာ အတိအကျ မဖော်ပြထားခြင်းတို့ကြောင့် ဥပဒေအရ အားနည်းချက်များရှိကြောင်း လေ့လာစောင့်ကြည်သူများက သုံးသပ်ကြ သည်ဟု RFA သတင်းဌာန၏ သတင်းဖော်ပြချက်တွင် တွေ့ရှိရသည်။

BRI နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC)

အငြင်းပွားစရာများစွာရှိသော ရွှေကုက္ကို မြို့သစ်စီမံကိန်းအား  မြန်မာနိုင်ငံမှ  တရားဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်မှုအပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ ယင်းစီမံကိန်းမှာ “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၂၅ ရက် ထုတ်ပြန်ချက်မှာ အာရုံစိုက်စရာဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီကို ဩဂုတ် ၂၆ ရက့်တွင် အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း ထည့်သွင်းခဲ့သည့် သတင်းမှာလည်း သတိပြုစရာ ဖြစ်သည်။ ထိုကုမ္ပဏီသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ် စခန်းအတွက် ကျွန်းတုများဆောက်လုပ်ပေးခြင်းနှင့် တရုတ်အစိုးရ၏ BRI စီမံကိန်းအတွက် နိုင်ငံငယ်များကို အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်းဖြင့် အကြွေးထောင်ချောက်ဆင်ဖမ်းခြင်းကြောင့် အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ကြောင်း 7day Daily သတင်းစာတွင် ဖော်ပြထားသည်။

BRI (ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း – Belt and Road Initiative)နှင့် ပတ်သက်၍ မိုင်းရှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးမှ လွှတ်တော်သို့ သက်ဆိုင်ရာဝန်ကြီး ဌာနမှ လာရောက်ဖြေဆိုရန်(ကြယ်ပွင့်ပြမေးခွန်းအဖြစ်) တင်ပြခဲ့ရာ အစိုးရအဖွဲ့မှ စာဖြင့်သာဖြေဆိုမည့် (ကြယ်ပွင့်မပြမေးခွန်းအဖြစ်) ပြောင်းလဲပေးရန် ညှိနှိုင်းလာမှုအပေါ် ပြောင်းလဲပေးရန် ဆန္ဒမရှိကြောင်း ပြန်လည် တင်ပြခဲ့သည့် ဖော်ပြချက်မှာ ဂရုပြုဖွယ်ဖြစ်သည်။

ယင်းကိုယ်စားလှယ်၏ မေးမြန်းချက်တွင် စီမံကိန်းအကောင်အထည် ဖော်မည့် ကုမ္ပဏီများအရေး၊ ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝထိခိုက်နိုင်သည့် အရေးများနှင့် စပ်လျဉ်း၍ မေးမြန်းချက်များ ပါဝင်သည်။

ကိုဗစ်-၁၉နှင့် လူမှုစီးပွားအရေး

အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှု လျော့ကျလာနေသော သတင်းမှာလည်း သတိပြုဖွယ်ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းသည် မြန်မာ့ပို့ကုန်ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းခန့်ကို နေရာယူထားပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ တင်ပို့နိုင်ခဲ့သည်။ ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အနောက်နိုင်ငံများ၏ ဝယ်လိုအား ကျဆင်းခဲ့ရာ ပြည်တွင်းသို့ ကုန်ကြမ်းတင်သွင်းမှုလည်း အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၃၄၉ မီလီယံ ခန့်အထိ ကျဆင်းခဲ့ကြောင်း The Global New Light of Myanmar သတင်းစာက ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်တားဆီးရေးအတွက် တရုတ်အာဏာပိုင်များက ကချင် ပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ ခရီးသွားလာမှုများကို ကန့်သတ်လိုက်ခြင်း ကြောင့် KIA ထိန်းချုပ်နယ်မြေတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံနေရကြောင်း RFA Burmese တွင် ဖော်ပြထားသည်။ ထိုဒေသတွင် တပ်မတော်က လုံခြုံရေးအကြောင်းပြ ချက်ဖြင့် စားနပ်ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းကို ပိတ်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်တန်းဒေသဖြစ်သောကြောင့် တရုတ်နယ်စပ်ကိုသာ မှီခိုပြီး စားနပ်ရိက္ခာ ဝယ်ယူနေရကြောင်း ဖော်ပြ ထားပါသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် တရုတ်ကျွမ်းကျင်ပညာရှင်များ မြန်မာပြည်တွင်းသို့ လာရောက်အကူအညီပေးလျက်ရှိရာ အခြေအနေ တိုးတက်မှုရှိကြောင်း သိရသည်။ ၂၀၁၈ ခုနစ်မှ၍ တရုတ်ပညာရှင်များကို မြန်မာကျေးရွာ နှစ်ရွာသို့ စေလွှတ်ကူညီစေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက်အနေဖြင့် ဩဂုတ် ၁၉ ရက်က တရုတ်ပညာရှင်များ လာရောက်ခဲ့ကြသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလအတွင်းက လာရောက်ရန် စီစဉ်ထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုမှသာ လာရောက်နိုင်ခြင်းဖြစ်ကြောင်း People’s Daily က ဖော်ပြထားသည်။

အခြား

ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေချိန်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိမှုများမှာလည်း ယခုရက်များတွင် မကြာခဏ ဖြစ်ပွား နေကြောင်း မီဒီယာဖော်ပြမှုများအရ သိရှိရသည်။ ယခုတပတ်အတွင်း နမ္မတူ၊ ဘားအံ၊ ကျိုက်ထိုမြို့များတွင် တရုတ်နိုင်ငံသား စုစုပေါင်း ၄၃ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ISP Myanmar China Desk က စုစည်းထားခဲ့သော သတင်းဖော်ပြချက်များအရ ဩဂုတ် ၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အရေအတွက် ၁၅၉ ဦးအထိ ရှိခဲ့သည်မှာ သတိပြုဖွယ်ဖြစ်သည်။ တဖက်တွင်လည်း တရုတ်အရှေ့ပိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၉၀၀ နီးပါး ဖမ်းဆီးခံရသည်ဟူသော RFA ၏ သတင်းဖော်ပြချက်ကိုလည်း တွေ့ရသည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။