ISP China Desk
တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် စက်တင်ဘာ ပထမပတ် (ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၈၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ်ဖော်ပြပေးမည်ဖြစ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် Mr. Yang Jiechi ၏ မြန်မာနိုင်ငံ ခရီးစဉ်

Mr. Yang Jiechi သည် စက်တင်ဘာ ၁ ရက်တွင် နေပြည်တော်သို့ ရောက်ရှိ ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စက်တင်ဘာ ၂ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ Mr. Yang သည် ယခု ခရီးစဉ်တွင် မြန်မာ၊ ဂရိနှင့် စပိန်နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံသို့ ဦးစွာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းသံတမန်တဦးဖြစ်သော Mr. Yang Jiechi သည် ယခုနှစ်အတွင်း စင်္ကာပူ၊ တောင်ကိုရီးယား နိုင်ငံ နှစ်ခုသို့သာ သွားရောက်ထားပြီး မြန်မာနိုင်ငံသို့ နှစ်ကြိမ် (တရုတ်သမ္မတ ခရီးစဉ်အတွင်း အတူလိုက်ပါလာခဲ့) လာရောက်ခြင်းဖြစ်၍ ထူးခြားသော ခရီးစဉ်တခုဟု ဆိုရမည် ဖြစ်သည်။

ထိုခရီးစဉ်တွင် ယခုနှစ် ဇန်နဝါရီက လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက် များအား အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ရေး၊ ကိုဗစ်-၁၉ အရေးငြိမ်းချမ်းရေးနယ်စပ်ဒေသတည်ငြိမ်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ၊ တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy)ကို မြန်မာနိုင်ငံမှ ထောက်ခံကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ အပြန်အလှန် အားပေးထောက်ခံမှုများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပါသည်။ ပုဂ္ဂလိက မီဒီယာများက အလေးပေးဖော်ပြသော အကြောင်းအရာများမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လာရောက်တိုက်တွန်းခြင်း၊ ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး၊ တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ဖြန့်ဝေချိန်တွင် မြန်မာကို ထောက်ပံ့မည့် အချက် စသည်တို့ ဖြစ်သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာ ချိန်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အမြန်ဆုံး အကောင်အထည် ဖော်ရန် လာရောက်တိုက်တွန်းခြင်းမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင်လည်း တရုတ်အနေဖြင့် လွှမ်းမိုး ထားနိုင်သည် ဆိုခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှ ဦးစားပေးရရှိနိုင်ချေတို့ကိုလည်း တွေ့ရသည်။

ယခု တရုတ်အကြီးတန်း သံတမန်၏ ခရီးစဉ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ၏ ဩဂုတ် ၂၄ ရက် ခရီးစဉ်နှင့် အချိန်ကာလအားဖြင့် တပတ်ခန့်သာ ကွာခြားခဲ့သည်။ထို့အပြင် စက်တင်ဘာ ၃ ရက်က တရုတ်သံအမတ်ကြီး Mr. Chen Hai သည် (၇၅) နှစ်မြောက် ဂျပန်ကျူးကျော်မှု ဆန့်ကျင်ရေးစစ်ပွဲ အထိမ်းအမှတ်နေ့အဖြစ် မြန်မာနိုင်ငံသို့ စစ်ကူလာသော တရုတ်အဝေး ရောက်တပ်အတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့အပြင် ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘ငဘ’ ကို တရုတ်က ဒီဂျစ်တယ်နည်းဖြင့် ကူညီပြုပြင်မည်ဆိုသည့် သံရုံး ကြေညာချက်လည်း ဩဂုတ် ၂၀ ရက်က ထွက်ရှိခဲ့ရာ ပထဝီနိုင်ငံရေး အားပြိုင်မှုများအကြား တရုတ်နိုင်ငံ၏ သံတမန်ရေးရာလှုပ်ရှားမှုများမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

တရုတ်-မြန်မာစီးပွားရေး စင်္ကြံ အရွေ့

ယခုတပတ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းနှင့် ပတ်သက်သော အရွေ့တချို့ကိုလည်း တွေ့ရှိခဲ့ရပါသည်။ တရုတ်နိုင်ငံအကူအညီဖြင့် ကီလိုမီတာ ၃၅၀ ရှည်လျားသည့် နေပြည်တော်-ကျောက်ဖြူ လမ်းမကြီးနှင့် ကီလိုမီတာ ၄၆၀ ရှည်လျားသည့် မန္တလေး-ထီးချိုင့်-နမ့်ခမ်းလမ်း ဖောက်လုပ်ရေးစီမံကိန်းများအတွက် ဖြစ်တန်ချေလေ့လာရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ပြောကြားချက်ကို ကိုးကားပြီး 7 Day သတင်းစာတွင် ဖော်ပြခဲ့သည်။

အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံက အဆိုပြုထားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း (CMEC)နှင့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း(BRI) ၏ အစိတ်အပိုင်းများဖြစ်ပြီး ဇန်နဝါရီက လာရောက်ခဲ့သော တရုတ်သမ္မတ ခရီးစဉ်အတွင်း သဘောတူခဲ့သည့် ၃၃ ချက်တွင် ပါဝင်သည့် စီမံကိန်းများဖြစ်သည်။ တရုတ်နိုင်ငံ၏ ပိုးလမ်းမ စီမံကိန်းများအနက် အကျိုးအရှိဆုံး စီမံကိန်းလေးခုကို ဦးစားပေးအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်ထားပြီး နေပြည်တော်-ကျောက်ဖြူစီမံကိန်းသည် တခုအပါဝင်ဖြစ်သည်ဟု ဆိုသည်။

ညီနောင်လက်နက်ကိုင် သုံးဖွဲ့အပစ်ရပ်

ရွေးကောက်ပွဲအပြီးထိ အပစ်ရပ်သက်တမ်းတိုးကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ရခိုင်အဖွဲ့(AA)တို့က စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာကွယ်တားဆီးရေးနှင့် ရွေးကောက်ပွဲ လုပ်ငန်းများ အထောက်အကူပြုစေရန် အပစ်အခတ် ရပ်စဲခြင်းကို သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က အစိုးရနှင့် ၎င်းတို့ကြား တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်မြောက်ရန် တရုတ်နိုင်ငံမှ ကြားဝင် ပံ့ပိုးပေးစေလိုကြောင်း အလေးအနက် မေတ္တာရပ်ခံထားသည်။ယခု ကြေညာချက်ကို ထုတ်ပြန်ချိန်သည် မြန်မာနိုင်ငံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် Mr. Yang Jiechi လာရောက် လည်ပတ်နေချိန်နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်စဉ်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များက အပစ်ရပ်ကြေညာခဲ့ဖူးသည်။

အခြား

တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများ တရားဝင် မှတ်ပုံ တင်ရန် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည်အထိ အချိန်တိုးပေးခဲ့သည်။ မြန်မာလုပ်ငန်းရှင်များက လုပ်ငန်းစပေါ်ငွေ လျော့ပေါ့ပေးရန် အပါအဝင် အချက်ငါးချက်ကို ညှိနှိုင်းတောင်းဆိုခဲ့ရာ ယခုအခါ လုပ်ငန်းမှတ်ပုံတင်ရန် သတ်မှတ်ရက်ကို နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်သည်အထိ ဖြေလျော့ပေးသော ယာယီသဘောတူညီချက် တခုကို ရရှိခဲ့သည်။

ယခုတပတ်အတွင်း အခြား ထူးခြားသည့် အကြောင်းအရာတခုမှာ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သော အင်္ဂလိပ်ဘာသာဖြင့် သတင်း ဆောင်းပါးလေးပုဒ်နှင့် မြန်မာဘာသာဖြင့် ဗီဒီယို တခုတို့ကို Myanmar Times မှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆောင်းပါးများ၏ ခေါင်းစဉ်များမှာ ‘မြန်မာ့ ရန်သူနှင့် မိတ်ဆွေများက ဘယ်သူတွေလဲ’၊ ‘မြန်မာပြည်ရှိ အဓိက စီမံကိန်းကြီးနှစ်ခု ကြန့်ကြာမှု မဖြစ်စေလိုခြင်း အကြောင်းအရင်း’၊ ‘မြန်မာက တရုတ်နှင့် ဆက်ဆံရေးကို ဘာကြောင့် ပြန်လည်ပုံဖော်သင့်သလဲ’၊ ‘မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုပေါ် မူတည်နေ’ တို့ဖြစ်ကြပြီး ရေးသားသူ မှာ Hong Kong Nanyan Institute ဟုဖော်ပြထားသည်။ ဗီဒီယိုမှာ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ပိုက်လိုင်းတလျှောက် ပြည်သူတို့၏ လူနေမှုဘဝများတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဆောင်ရွက် ချက်များကို Open Day အစီအစဉ်ဖြင့် တင်ဆက်ပြသနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေချိန်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိမှုများမှာလည်း ယခုရက်များတွင် မကြာခဏ ဖြစ်ပွားနေ ကြောင်း မီဒီယာဖော်ပြမှုများအရ သိရှိရသည်။ ယခုတပတ်တွင်လည်း မြဝတီမြို့တွင် တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းမိခဲ့ပါသည်။ ယခုတပတ် ဖမ်းဆီးရမိမှုမှာ နှစ်ဦးသာရှိသော်လည်း ISP-Myanmar China Desk က စုစည်းထားခဲ့သော သတင်းဖော်ပြချက်များအရ ဩဂုတ်လအတွင်း တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အရေအတွက် ၁၆၁ ဦး အထိ ရှိခဲ့သည်မှာ သတိပြုဖွယ်ဖြစ်သည်။ ဩဂုတ်လအတွင်း မူဆယ်သို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂၀ ဦးကိုလည်း စက်တင် ဘာ ၂ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရ သည်။

အခြား အာရုံစိုက်ဖွယ် မှုခင်းသတင်းတပုဒ်မှာ ဩဂုတ်လအတွင်း မိန်းကလေး ၇ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၇ ဦး လူကုန်ကူး ခံခဲ့ရပြီး တရုတ်ပြည်သို့ ပို့ဆောင်၍ အဓမ္မလက်ထပ်စေမှု ၁၂ မှုထိ ရှိခဲ့ခြင်းပင် ဖြစ်သည်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။