ISP China Desk
ပထဝီနိုင်ငံရေးအခင်းအကျင်းသစ်အား မဟာဗျူဟာမြောက် ချဉ်းကပ်ခြင်း - မြော်မြင်ချက်နှင့် အကန့်အသတ်များ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း (ဇူလိုင် ၁၈ ရက် ကစလို့) ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ တရုတ်သံရုံးတို့ရဲ့ လူမှုကွန်ရက်ပေါ်က အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေနဲ့ စကားစစ်ထိုးမှုဟာ မြန်မာနိုင်ငံကို ပထဝီနိုင်ငံရေး အခင်းအကျင်းသစ်နဲ့ (Geopolitical New Normal) နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရစေဖို့ တွန်းပို့လိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ကုန်သွယ်ရေးစစ်ပွဲတွေနဲ့အတူ အရှိန်ရလာတဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ မကြုံစဖူး တင်းမာလာတာကြောင့် ၂၁ ရာစု စစ်အေးခေတ်ကို ဝင်ရောက်လာပြီလို့တောင် ပညာရှင်တွေက ခိုင်းနှိုင်းကြပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တကမ္ဘာလုံးက နိုင်ငံတွေ စုပေါင်းပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ စိန်ခေါ်မှုတွေကို တွန်းလှန်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက ဆော်ဩတိုက်တွန်းခဲ့ပါတယ်။

ဒါအပြင်  တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး  တရုတ်နိုင်ငံကို ဦးတည်ရည်ရွယ်တဲ့ ထုတ်ပြန်ချက်၊ အတွေးအမြင်တွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံးတွေကနေ မရှေးမနှောင်း ထုတ်ပြန်ခဲ့တာနဲ့အတူ စစ်အေးသစ်မုန်တိုင်းဟာ အရှေ့တောင်အာရှဒေသကို ရွေ့လာခဲ့ပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ အမေရိကန်သံရုံး အများစုကနေ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ငြာသံပေး တိုက်ပွဲခေါ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့​ တရုတ်သံရုံးကသာ ဒီဘက်နောက်ပိုင်း အပြောများလာတဲ့ ဝံပုလွေစစ်သည် သံခင်းတမန်ခင်း (Wolf Warrior Diplomacy) ကျင့်ထုံးအတိုင်း အချိန် ခြောက်နာရီအတွင်း ချေပပြီး တန်ပြန်စွပ်စွဲ ပြောဆိုခဲ့တာကို ကြည့်ရင် မြန်မာနိုင်ငံဟာ စစ်အေးတိုက်ပွဲသစ်ရဲ့  မျက်နှာတရပ်အဖြစ် ပေါ်ထွက်လာနေတာကို တွေ့ရပါတယ်။ 

ပထဝီနိုင်ငံရေးအခင်းအကျင်းသစ်ရဲ့ ဖိအားတွေကြားမှာ ဆူးကြားက ဗူး မဖြစ်စေဖို့ ဘယ်လိုရင်ဆိုင်ရပ်တည်မလဲ၊ ပိုပြီး ရည်ရွယ်ချက်ကြီးကြီးမားမား စဉ်းစားရရင် စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး အကျိုးစီးပွားတွေကို ဘယ်လို အကောင်းဆုံး ဖော်ဆောင်နိုင်မလဲဆိုတာ မြန်မာနိုင်ငံအတွက် အထူးအရေးပါပါတယ်။  ဒါကြောင့် ဒီလို အကဲဆတ်လှတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းမှာ ကိုယ့်အကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်ရှိနိုင်ငံခြားရေးမူဝါဒတွေဟာ လွှမ်းခြုံနိုင်မှုရှိရဲ့လားဆိုတာကို ပြန်လည် ဆန်းစစ်ဖို့လိုပါတယ်။ အသစ်ပြောင်းလဲပေါ်ထွက်လာတဲ့ ဒီအခင်းအကျင်းကို အဖြေရှာနိုင်ဖို့ ဦးတည်ရယ်ရွယ်တဲ့၊ ပြည်တွင်းအမျိုးသားလုံခြုံရေးနဲ့ ပြည်ပဆက်ဆံရေး ပကတိအခြေအနေကို ထည့်သွင်းစဉ်းစားတဲ့ မဟာဗျူဟာ စဉ်းစားချက်အသစ်တွေကို မူဝါဒချမှတ်သူတွေ၊ ပညာရှင်တွေနဲ့ ပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ပေါ်ထွက်လာဖို့ ဆောင်ရွက်ကြရမှာပါ။

မဟာဗျူဟာမြောက် စဉ်းစားချက်ဆိုတာဟာ လတ်တလော ရင်ဆိုင်နေရတဲ့ အကြောင်းအရာ တခုချင်း၊ ပြဿနာ တခုချင်းစီ အပေါ်မှာသာ စဉ်းစားတဲ့ ဒီကွေ့ဒီတက်နဲ့ လှော်၊ ဟိုကွေ့ ဟိုတက်နဲ့ လှော်တဲ့ စဉ်းစားချက်မျိုးကို ကျော်လွန်တဲ့ တစုံလုံးခြုံငုံ ရှုမြင်တဲ့ စဉ်းစားချက်မျိုး ဖြစ်ပါတယ်။  မဟာဗျူဟာ တည်ဆောက်ရာမှာ အောက်ပါအချက်သုံးချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။ ဒါတွေကတော့ မြော်မြင်ချက်(Strategic Goal)၊ ဒီမြော်မြင်ချက်ကို ဘယ်လို ရောက်အောင်သွားမလဲ ဆိုတဲ့ အစီအစဉ်(Strategic Plan and Ways) နဲ့ ဒီကိုရောက်အောင်သွားဖို့ အရင်းအမြစ်တွေကို ဘယ်လိုစီမံခန့်ခွဲ အသုံးချမလဲ(Resource Mobilization or Means) ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပထဝီနိုင်ငံရေးကို မဟာဗျူဟာမြောက် စဉ်းစားကိုင်တွယ်နိုင်ဖို့ဆို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမြော်မြင်ချက်က ဘာလဲ၊ ဒီမြော်မြင်ချက်ကို ရရှိနိုင်ဖို့ ဘယ်လိုချဉ်းကပ်မှုမျိုးတွေကို အသုံးပြုမလဲ၊ ကိုယ့်မှာ ဘယ်လိုအရင်းအမြစ်တွေနဲ့ အကန့်အသတ်တွေ ရှိနေလဲ ဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။ အခု ဒီဆောင်းပါးမှာ ရွေးချယ်စရာ လမ်းလေးသွယ်နဲ့ အကန့်အသတ်နှစ်ရပ်ကို အလေးပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

မြော်မြင်ချက်

ဒီနေရာမှာ ပထမဆုံးဆွေးနွေးချင်တာကတော့ မဟာဗျူဟာ မြော်မြင်ချက် ဖြစ်ပါတယ်။ ဒီပထဝီနိုင်ငံရေး အခင်းအကျင်းသစ်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုအခန်းကဏ္ဍမျိုးမှာ ပါဝင်မှာလဲ။ ဘယ်လိုအကျိုးစီးပွားတွေကို ကာကွယ်ပြီး ဘယ်လိုအကျိုးစီးပွားတွေကို မြှင့်တင်ချင်တာလဲ ဆိုတာ အရင်ဆုံး စဉ်းစားရမှာ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေအကြား ကြားမညပ်ချင်တာ၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေစာပင် မဖြစ်ချင်တာ၊ နယ်ရုပ် မဖြစ်ချင်တာကတော့ မြန်မာနိုင်ငံက ကာကွယ်လိုတဲ့ အခြေခံအကျိုးစီးပွားတွေလို့ ယေဘုယျ ပြောလို့ရပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ “လွတ်လပ်ပြီး  တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ” ဖြစ်တယ်လို့ တရားဝင် ပြဌာန်းထားတာကြောင့် ဘယ်နိုင်ငံရဲ့ အရိပ်ထိုးမှုကိုမှ မခံဘဲ ကိုယ်ကိုင်စွဲထားတဲ့ တန်ဖိုး၊ နှုန်းစံ၊ အကျိုးစီးပွားတွေအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေးဟာ လက်ရှိ မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒရဲ့  ပန်းတိုင်ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ရွေးချယ်စရာ လမ်းလေးသွယ်

ဒီပန်းတိုင်ရောက်အောက် ဘယ်လိုသွားကြမလဲ ဆိုတဲ့ နည်းနာတွေကို လေ့လာတဲ့အခါမျာ အကြမ်းအားဖြင့်တော့ အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အားနည်းတဲ့နိုင်ငံတွေအတွက် ရွေးချယ်စရာ လေးရပ်ရှိပါတယ်။ ပထမတခုကတော့ Bandwagoning လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံနဲ့ ထိပ်တိုက်တွေ့မယ့်အရေး ရှောင်ရှားပြီး  သူနဲ့ အကျိုးစီးပွား တလှေတည်းလိုက်စီးတဲ့ ဗျူဟာပါ။ ဒါပေမဲ့ ဒီဗျူဟာဟာ အင်အားနည်းတဲ့ နိုင်ငံငယ်အတွက် ပြန်ရုန်းထွက်ရ ခက်ခဲပြီး အင်အားကြီးနိုင်ငံရဲ့ နောက်မြီးဆွဲ ဖြစ်သွားနိုင်တာကြောင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မူဝါဒပန်းတိုင်ကို ရောက်ဖိုက အထောက်အပံ့ မဖြစ်စေနိုင်ပါဘူး။ ဒုတိယတခုကတော့ Balancing ဗျူဟာလို့ခေါ်တဲ့ ကိုယ့်ကို တိုက်ရိုက်ခြိမ်းခြောက်ိနုင်တဲ့ အင်အားကြီးနိုင်ငံရဲ့ လွှမ်းမိုးမှုကို ကာကွယ်ဖို့ အခြားအကျိုးစီးပွားတူတဲ့ နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့တာပါ။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပထဝီအနေအထားအရ အိမ်နီးချင်းဖြစ်တဲ့အပြင် အကျိုးစီးပွားများစွာ ဆက်စပ်နေတာကြောင့် တရုတ်ကို ခြေစုံကန်ပြီး အမေရိကန် ဗဟိုပြုစနစ်ထဲကို ဝင်ဖို့ အတားအဆီးများစွာ ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ခွာဖို့ ကြိုးစားရင်၊ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာစေမယ့် ရွေးချယ်မှုမျိုး ပြုလုပ်ရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့  ပြည်တွင်းစစ်၊ စီးပွားရေးအရ တရုတ်ကို မှီခိုမှုတွေကို အဖိအဖော့လုပ်ပြီး မြန်မာနိုင်ငံကို သူ့ရဲ့ ဩဇာစက်ဝန်းအောက်ကို အချိန်အရွေး ပြန်လည် သွပ်သွင်းနိုင်တာကြောင့် မြန်မာနိုင်ငံဟာ Balance လုပ်နိုင်တဲ့ အနေအထားမှာမရှိပါဘူး။

တတိယတခုကတော့ ပြိုင်ဆိုင်မှုတွေကြားမှာ ဓားခုတ်ရာ လက်ဝင်မလျှိုဘဲ၊ အရှုပ်အထွေးတွေကြားမှာ ဝင်မပါဘဲ ကင်းအောင်နေ  Buck-Passing ဗျူဟာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံးနဲ့ တရုတ်သံရုံးတို့အကြား စကားစစ်ထိုးမှုက ဒီမူဝါဒ မလုပ်မဖြစ်ဘူး ဆိုတာ သက်သေပြနေပါတယ်။ အမေရိကန်သံရုံးအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အတော်အများမှာ အလားတူ ထုတ်ပြန်မှုမျိုးတွေ ပြုလုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထုတ်ပြန်မှုဟာ ပိုမိုပြင်းထန်သလို တန်ပြန်မှုကိုလည်း မြန်မာနိုင်မှာရှိတဲ့ တရုတ်သံရုံးကသာ လုပ်ဆောင်ခဲ့တာဟာ သတိချပ်စရာပါ။ ကိုယ်တိုင်က ကြားနေဖို့ ကြိုစားရင်တောင် အညှီရှိ ယင်အုံတယ် ဆိုသလို ပြဿနာက ကိုယ့်ဆီကို တန်းတန်းမတ်မတ် လာနေတာကြောင့် ဘာသိဘာသာ နေပြီး Buck-Passing လုပ်နိုင်တဲ့ အခြေအနေ မပေးပြန်ပါဘူး။

နောက်ဆုံးဆွေးနွေးလိုတဲ့ နည်းနာကတော့ Hedging ဗျူဟာ ဖြစ်ပါတယ်။ ဒါက အင်အားကြီးနိုင်ငံဘက်ကို ခြေစုံပစ်ဝင်တာနဲ့ ဆန့်ကျင်ပြီး အင်အားချိန်ခွင်လျှာ ထိန်းညှိခြင်းရဲ့ကြားက လမ်းစဉ်လို့ ဆိုကြပါတယ်။ ကိုယ့်ကို ခြိမ်းခြောက်နိုင်တဲ့ အင်အားကြီးနိုင်ငံရော၊ သူနဲ့ ဆန့်ကျင်ဘက်နိုင်ငံ နှစ်ဖက်စလုံး တဘက်ဘက်ကို ရွေးချယ်ပြီး အလုံးစုံ ဝင်ရပ်လိုက်တာမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံပြီး ကိုယ့်ရဲ့ အကျိုးစီးပွားကို ချဲ့ထွင်တာဖြစ်ပါတယ်။  မြန်မာနိုင်ငံအစိုးရအနေနဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်မူဝါဒ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးရပ် စတဲ့ မူဝါဒတွေနဲ့အညီ အငြင်းပွားမှုတွေကို စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် အဖြေရှာရေးကို တိုက်တွန်းပြီး ပဋိပက္ခတွေ အရှိန်မမြင့်ရေးကို အလေးပေး ဆောင်ရွက်သွားမယ်လို့ ဆိုတာကြောင့် Hedging မူဝါဒနဲ့ ပိုမိုနီးစပ်တယ်လို့ သုံးသပ်ရပါတယ်။ (Hedging အယူအဆဟာ ကျယ်ပြန့် လွန်းတာကြောင့် အကောက်အယူ မတူညီတာတွေလည်း ရှိနိုင်ပါတယ်)။

အကန့်အသတ် နှစ်ရပ်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ပြန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကို ကိုင်စွဲပြီး ပြည်တွင်းပြည်ပ အရေးနှစ်ရပ်စလုံးမှာ ကိုယ့်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ဖော်ဆောင်လိုတဲ့ စိတ်ဆန္ဒတွေ ရှိတာကတော့ အငြင်းပွားစရာတရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမူဝါဒတွေကို လက်တွေ့မှာ ဘယ်လောက်နီးနီးစပ်စပ် အကောင်အထည်ဖော်နိုင်ခဲ့လဲ ဆိုတာကတော့ ဝိဝါဒပွားစရာတွေ ရှိနေပါတယ်။ ဒီမူဝါဒ ချဉ်းကပ်မှုကို အကာင်အထည်ဖော်ဖို့ ဘယ်လိုအကန့်အသတ်တွေရှိနေလဲ။ ဒီအကန့်အသတ်တွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကို ဆက်လက်လေ့လာပါမယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ပြန်ကြည့်ရင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လဲဆိုတာ အချက်နှစ်ချက် အပေါ်မှာ မူတည်နေတာကို တွေ့ရပါတယ်။ ပထမတချက်ကတော့ ပြည်တွင်းနိုင်ငံရေး ကိုယ်ခံအားလျော့နည်းပြီး ပြည်တွင်းပြဿနာတွေကို အဖြေရှာရေးမှာ နိုင်ငံတနိုင်ငံကို တဖက်သတ် မှီခိုလာရတဲ့ အခြေအနေမျိုး ရောက်သွားတတ်တာပါ။  ဒုတိယတချက်ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်မှုကို ခံရတဲ့အခါ ရွေးချယ်စရာမရှိတဲ့ အခြေအနေတရပ်ကို တွန်းပို့ခံရတတ်ပါတယ်။

စစ်အေးခေတ် အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေအကြား ပါလီမန်အစိုးရခေတ်နဲ့ ဆိုရှယ်လစ်ခေတ်တွေမှာ ဆူးကြားမှာ လူးသာလွန့်သာ ဖြစ်စေဖို့  ကြားနေရေးနဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို တိတိကျကျလိုက်နာ စောင့်ထိန်းခဲ့နိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို အကြမ်းဖက် နှိမ်နှင်းမှုတွေကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်အရေးယူမှုတွေကို ခံခဲရတဲ့ တပ်မတော်အစိုးရဟာ စီးပွားရေး၊ စစ်ရေးတွေသာမက နိုင်ငံရေးနဲ့ သံတမန်ရေးတွေးမှာပါ တရုတ်နိုင်ငံကို အကာအကွယ်အဖြစ် အားကိုးခဲ့ရတာကြောင့်   Bandwagoning နဲ့ ပိုမိုနီးစပ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်တဲ့၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ မြော်မြင်ချက်ကနေ သွေဖယ်ခဲ့ပြီး တရုတ်ရဲ့ နောက်လိုက်နိုင်ငံ  (Client State) (ဒါမှမဟုတ်) အရန်နိုင်ငံ(Satellite State) ဆိုပြီးတော့ လေ့လာသူတွေက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

တဖန်  ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာတော့  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပိုမိုချိတ်ဆက်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ Hedging မူဝါဒဟာ မူအားဖြင့်ရော၊ အနှစ်သာရအားဖြင့်ရော ပိုမိုအသက်ဝင်ပုံပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုအရှိန်ရလာတာ၊  ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ (ဘင်္ဂါလီ) အကျပ်အတည်းနောက်ပိုင်း လူအခွင့်အရေး ပြဿနာတွေကြောင့် နိုင်ငံတကာဖိအားနဲ့ ပိတ်ဆို့မှုတွေ ပိုမို ရင်ဆိုင်လာရတာ စတဲ့ အခြေအနေတရပ်အောက်မှာ မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ တရုတ်ဘက်ကို ပိုအလေးသာခဲ့ရပြန်ပါတယ်။

ဒီအခြေအနေအောက်မှာ မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာကို ကုလသမဂ္ဂမှာဆွေးနွေးရာမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဘက်ကို ရပ်တည်ထောက်ခံခဲ့တာ၊ ဟောင်ကောင် ဆန္ဒပြမှုတွေကို တရုတ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေတွေနဲ့ အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းရေးမှာ ထောက်ခံရတည်ခဲ့တာ အစရှိတဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တရုတ်နိုင်ငံနဲ့စပ်လျဉ်းတဲ့ အရေးတွေမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်တွေက ဒီအချက်ကို သက်သေထူနေပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုတွေ ပြင်းထန်လာတဲ့အခြေအနေမှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်တွေကို တဘက်ဘက်ကို ရွေးချယ်ဖို့ လုံခြုံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း ဆွဲဆောင်၊ စည်းရုံး၊ ဖိအားပေးတာတွေ ရှိလေ့ရှိတာကြောင့် တိကျတဲ့ ဒီအခင်းအကျင်းအောက်မှာ ဘယ်နိုင်ငံရဲ့ အရိပ်ထိုးမှုကိုမှ အခံဘဲ လွတ်လပ်စွာ ရပ်တည်နိုင်ရေးဟာ မြန်မာနိုင်ငံလို အဘက်ဘက်ကအားနည်းတဲ့ နိုင်ငံငယ်အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ဒီပထဝီနိုင်ငံရေး အားပြိုင်မှုမှာ တဘက်ဘက်ကို မရွေးချယ်ဘဲ၊ နယ်ရုပ်အဖြစ်မခံဘဲ၊ ကိုယ့်အကျိုးစီးပွားကို အကောင်အထည်ဖော်နိုင်ဖို့ သမိုင်းကြောင်းအခြေခံတဲ့၊ သူများနိုင်ငံတွေရဲ့ အတွေ့အကြုံဆီက လေ့လာသင်ယူတဲ့၊ ပြည်တွင်းပြည်ပ အကန့်အသတ်တွေကို တီထွင်ကြံဆမှုရှိတဲ့ နိုင်ငံခြားရေးမူဝါဒတရပ် လိုအပ်ပါတယ်။

ပြန်ချုပ်ရရင် အင်အားကြီးနိုင်ငံနှစ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေကို ရင်ဆိုင်ရာမှာ  မူအရတော့ မြန်မာနိုင်ငံဟာ ကြားနေမူဝါဒ၊ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်မူဝါဒကို  ကိုင်စွဲထားမှာပါ။  ဒါပေမဲ့ လက်တွေ့မှာ ဒီမှုဝါဒကို အနှစ်သာရှိရှိ အကောင်အထည်ဖော်နိုင်မလား ဆိုတာဟာ  ပြည်တွင်း ကိုယ်ခံအားမြှင့်တင်ရေး၊ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံဟာ ဘယ်လောက် ပြန်လည်ဝင်ဆံ့နိုင်မလဲအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနေရာမှာ ရေရှည်မျှော်ကြည့်တဲ့ မဟာဗျူဟာ ပန်းတိုင်၊  ချဉ်းကပ်ပုံနဲ့ ချိတ်ဆက်စဉ်းစားရုံသာမက အထက်မှာ ဆိုခဲ့သလို  လက်တွေ့ကျတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မဟာဗျူဟာဆိုင်ရာ စီမံကိန်း၊ တိကျတဲ့ နည်းလမ်းတွေ (Strategic Plans and Ways) နဲ့ မဟာဗျူဟာမြောက် အရင်းအမြစ် စုစည်းမှု (Strategic Resource Mobilization or Means) တွေကို ဘယ်လို ဆောင်ရွက်မလဲဆိုတာ စဉ်းစားရေးဆွဲ ပြင်ဆင်ရတော့မှာပါ။ ဒါဟာ ကျွဲနှစ်ကောင်ခတ်တဲ့အကြား မြေစာပင် မဖြစ်ရေး၊ ကိုယ့်အကျိုးစီးပွားကို လွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ရေး မြန်မာနိုင်ငံအနေနဲ့ အရေးတကြီး ရှာဖွေရမယ့် မဟာဗျူဟာ အဖြေပဲ ဖြစ်ပါတယ်။ (ဒီအဖြေကို ဘယ်လိုရှာမလဲဆိုတာကို နောက်ဆောင်းပါးတွေမှာ ဆက်လက်ပြီးအကျယ်တဝင့်ဆွေးနွေးပါမယ်)။

ခင်ခင်ကျော်ကြီး