ISP China Desk
နှစ်နိုင်ငံ သံတမန်နည်းလမ်းဖြင့် အဖြေရှာမှုများနှင့် သတ္တုတူးဖော်ရေးအတွက် တရုတ်၏ရင်းနှီးမြှုပ်နှံမှုဂယက် (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ ဇွန် ပထမပတ်)

နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအတွက် အဆင့်မြင့်အရာရှိများအကြား ဆက်သွယ်ဆွေးနွေးမှုများ၊ တရုတ်အပါအဝင် အာဆီယံ + ၃ စီးပွားရေးဝန်ကြီးများစည်းဝေးခြင်းနှင့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ကြေးနီနှင့် ရွှေ ရှာဖွေရေးအတွက် ဩစတေးလျအခြေစိုက် တရုတ်ကုမ္ပဏီတခုအား ခွင့်ပြုလိုက်မှုနှင့်ပတ်သက်၍ လူထုအတွင်း ဆွေးနွေးငြင်းခုံမှုများ၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတခုက မြန်မာတောင်သူများ၏ သီးနှံစိုက်ခင်းများအား ဝင်ရောက်ဖျက်ဆီးခဲ့မှု၊ ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ပို့ကုန် ကျဆင်းခဲ့မှု စသည့် စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများအပြင် တရုတ်နိုင်ငံမှ နေရပ်ပြန်အလုပ်သမားများအရေး၊ မြန်မာ့ကိုဗစ်-၁၉ အတွက် တရုတ်၏ ကူညီထောက်ပံ့မှုများ ဆက်လက်ရှိနေသေးမှု စသည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၇၀ ကျော်ကို ယခုသီတင်းပတ်အတွင်း၌ ISP-Myanmar China Desk က စုစည်းခဲ့ပြီး ၎င်းတို့အား သံတမန်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုကဏ္ဍ စသဖြင့် ကဏ္ဍတခုချင်းစီ ခွဲခြမ်း၍ ဖော်ပြသွားပါမည်။

သံတမန်ရေး

ယခုတပတ်အတွင်းတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်  တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချင်းဟိုင်တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများ၌ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးရေး၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုချောမွေ့စေရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်နိုင်ဖွယ်ရှိသည်များကို ကုစားရန်အတွက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံခေါင်းဆောင်များအကြား သဝဏ်လွှာများ အပြန်အလှန် ပေးပို့သွားရေး၊ ကိုဗစ်ကာလအလွန်တွင် မြန်မာ-တရုတ် ယဉ်ကျေးမှု ခရီးသွားလာရေးနှစ်ကို နှစ်ဖက်ညှိနှိုင်း အကောင်အထည်ဖော်ရေး၊ သမ္မတ မစ္စတာရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှု အရှိန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးကို အထောက်အကူပြုစေမည့် ကွမ်လုံတံတားစီမံကိန်း ဆောလျင်စွာ စတင်ရေးကိစ္စများပါဝင်ခဲ့သည်။

ယင်းအပြင် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်တို့ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း၊ ဟောင်ကောင်အရေးတွင် တရုတ်နိုင်ငံ၏ မူဝါဒများကို ထောက်ခံကြောင်း မြန်မာဝန်ကြီးက ပြောဆိုခဲ့သည်။

အလားတူပင် မြန်မာသံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ်တို့သည်လည်း စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံမှ ထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုတင်သွင်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး၊ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း စာချုပ်များအနက် မြန်မာ-တရုတ် နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်အပါအဝင် ကုန်သွယ်ရေးနှင့်ပတ်သက်သည့် စာချုပ်များအား စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ အတားအဆီးမရှိသော  ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ထူထောင်ရေး နားလည်မှုစာချွန်လွှာအား ဆက်လက်အကောင်အကောင်အထည်ဖော်သွားရေး၊ မြန်မာနိုင်ငံမှ အသီးအနှံများ၊ ပဲပုပ်၊ ရေထွက်ပစ္စည်း၊ ကွမ်းသီးအစိမ်း၊ စပါးနှင့် ပီလောပီနံတို့အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ကြန့်ကြာလျက်ရှိသည့် အဆင့်များအား ကျော်လွှာနိုင်ရေး၊ သဘောတူညီပြီးဖြစ်သည့် ပြောင်းတင်ပို့ရေးအား ဆက်လက်အကောင်အထည်ဖော်ရေးနှင့် မြန်မာနိုင်ငံမှ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ငံရေးတို့ပါဝင်သည်။

နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များကို အပြည့်အဝလိုက်နာဆောင်ရွက်သွားမည်ဖြစ်သလို မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏနှင့် အမျိုးအမည်များ ပိုမိုတိုးတက်လာစေရေး၊ လက်မှတ်ရေးထိုးပြီးဖြစ်သည့် စာချုပ်များအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ပြောဆိုခဲ့သည်။

ယင်းအပြင် လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်း၌ ကျင်းပရန်ရှိနေသည့် တတိယအကြိမ် CIIE ကုန်စည်ပြပွဲသို့ မြန်မာကုမ္ပဏီများ အရေအတွက်ပိုမိုစွာ ပါဝင်ရန်ကိုလည်း ဖိတ်ခေါ်ခဲ့သည်။

အာဆီယံ + ၃

ယခုတပတ်အတွင်းတွင် အာဆီယံ+၃ စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ကျင်းပခဲ့ရာ မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏ စီးပွားရေးဝန်ကြီးများ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် ကဏ္ဍများအား ပံ့ပိုးရေး၊ ဒေသတွင်း ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးနှင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် စီးပွား‌ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပွားသော စီးပွားရေးထိခိုက်မှုများကို လျှော့ချနိုင်ရေး အာဆီယံ + ၃ စီးပွားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်(ASEAN Plus Three Economic Ministers’ Joint Statement on Mitigating the Economic Impact of the COVID-19) ကိုလည်း အတည်ပြုခဲ့ကြသည်။

ရင်းနှီးမြှုပ်နှံမှု

တရုတ်နိုင်ငံပိုင်လုပ်ငန်းတခုအား မြန်မာနိုင်ငံအထက်ပိုင်းရှိ ဧကသိန်းနှင့်ချီသည့် မြေနေရာတွင် ကြေးနီနှင့် ရွှေ ရှာဖွေရေးအတွက် အစိုးရက ခွင့်ပြုလိုက်သည့်သတင်းမှာ လူထုအတွင်း အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။

ဩစတေးလျနိုင်ငံတွင် အခြေစိုက်ပြီး တရုတ်နိုင်ငံပိုင်ဖြစ်သည့် လုပ်ငန်း၏ လုပ်ငန်းခွဲတခုဖြစ်သော PanAust မြန်မာနိုင်ငံမြောက်ပိုင်းရှိ စင်ကာပူနိုင်ငံမျှ အရွယ်အစားရှိသော မြေနေရာအကျယ်အဝန်းကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

PanAust ကုမ္ပဏီကို တွင်းထွက်သယံဇာတထုတ်လုပ်မှု၊ အီလက်ထရွန်းနစ်၊ စက်မှုစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ အိမ်ခြံမြေနှင့် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်သည့် Guangdong Rising Assets Management Co. Ltd (GRAM)က ပိုင်ဆိုင်ပြီး ၎င်းသည် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်အခြေစိုက် တရုတ်နိုင်ငံပိုင်လုပ်ငန်းဖြစ်ဖြစ်သည်။

သတ္တုရှာဖွေရေးအတွက် ခွင့်ပြုလိုက်သည့် မြေနေရာအကျယ်အဝန်းမှာ ဧက တသိန်းရှစ်သောင်းခွဲရှိပြီး ထိုမျှကျယ်ဝန်းသည့်ပမာဏအား ခွင့်ပြုလိုက်မှုနှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း မကျေနပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေးတွင်းကုမ္ပဏီက ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းဖော်ပြမှုမှာလည်း သတိပြုဖွယ်ရာဖြစ်သည်။

တရုတ်၏ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် အဆိုပါကျောက်မီးသွေးတွင်းကုမ္ပဏီအနေနှင့် ၎င်းတို့သိမ်းယူမည့် မြေဧက ၂၀၀ အနက် ၁၀၀ ဝန်းကျင်ကို ယခုတပတ်အတွင်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ တောင်သူ ၂၂ ဦးလုပ်ကိုင်လျက်ရှိသည့် ယင်းမြေများအတွက် တဧကလျှင် လျော်ကြေး ကျပ်သိန်း ၅၀ ပေးဆောင်ကာ နှစ်ဖက်အကြား သဘောတူညီမှုကိုလည်း ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ သို့သော် ထိုသို့သဘောတူညီမှုမှာ အခြားရွေးချယ်စရာမရှိသည့်အတွက် လိုလျောခဲ့ခြင်းဖြစ်သည်ဟုလည်း တောင်သူများဘက်မှ ပြောဆိုခဲ့သည်။

နောက်ထပ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိကာ ပြီးခဲ့သည့်လများက ယာယီအလုပ်ရပ်နားခဲ့ရသည့် ဟွာမှုံအထည်ချုပ်စက်ရုံအနေနှင့် မကြာမီတွင် လုပ်ငန်းပြန်လည်လည်ပတ်တော့မည်ဖြစ်ကြောင်း သတင်းတပုဒ်ကိုလည်း တွေ့ရှိရသည်။ ကုန်ချောအမှာများ ပြန်လည်လက်ခံလာရပြီဖြစ်သဖြင့် စက်ရုံအနေနှင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။

ကုန်သွယ်ရေး

ကုန်သွယ်ရေးအခြေအနေများမှာ ယခင်သီတင်းပတ်များနည်းတူပင် အဆင်မပြေမှုများ ရှိနေသေးသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ကြောင့် နယ်စပ်အဝင်အထွက်ကို တရုတ်ဘက်မှ တင်းကျပ်ထားရာ နယ်စပ်တွင် ရာနှင့်ချီသည့် မော်တော်ယာဉ်များမှာ ရက်ရှည်ပိတ်မိနေပြီး မူဆယ်မှ မန္တလေးနှင့် ရန်ကုန်သို့ အဆင်းယာဉ်များအတွက် ကုန်စည်တင်ခများမှာလည်း နှစ်ဆဝန်းကျင် မြင့်တက်လျက်ရှိသည်ဟု သိရသည်။ သို့သော် မူဆယ်သို့ အတက်ကားများ၏ တန်ဆာခနှုန်းထားမှာ ထက်ဝက်နီးပါးကျဆင်းလျက်ရှိရာ မြန်မာနိုင်ငံမှ ပို့ကုန်များမှာ အခက်အခဲရှိနေပြီး တရုတ်နိုင်ငံမှသွင်းကုန်များမှာ ဆက်လက်ဝင်ရောက်နေသည်ဟု သုံးသပ်ရရသည်။

တချိန်တည်းမှာပင် တရုတ် ယွမ်ငွေတန်ဖိုးကျဆင်းနေမှုကြောင့် မြန်မာ့ပို့ကုန်များအနေနှင့် ထိုက်သင့်သည့် အကျိုးအမြက်မရရှိဘဲ ရှိနေသည်။ မေလအတွင်းက တယွမ်လျှင် ၁၉၆ ကျပ် ရှိခဲ့ရာမှ ယခုဇွန်လတွင် ၁၉၂ ကျပ်သို့ ကျဆင်းသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်းက ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်မပါရှိသဖြင့် တရုတ်နယ်စပ် ကျယ်ဂေါင်တွင်သောင်တင်နေခဲ့သည့် ဆန်အိတ်များအနက် ခြောက်သောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ၏ ဦးမင်းသိန်းကို ကိုးကား၍ သတင်းတပုဒ်က ဖော်ပြခဲ့သည်။ အဆိုပါဆန်အိတ်များမှာ မူဆယ်သို့ ပြန်လည်သယ်ဆောင်ကာ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးခဲ့ပြီး ထောက်ခံချက်ဖြင့် တရုတ်တိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ရက်များက မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိမှုကြောင့် လုံခြုံရေးတင်းကျပ်လျက်ရှိသော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးအနေနှင့် ပုံမှန်အခြေအနေတွင် ရှိနေသည်ဟုလည်း ဆိုသည်။ 

ထို့အတူ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် နှစ်ဖက်အရာရှိများ ဆွေးနွေးခဲ့မှုဖြင့် ယခုတပတ်အတွင်းတွင် ပြန်လည်စတင်နိုင်ခဲ့သလို ယခင်က မူဆယ်ဂိတ်မှသာ တင်ပို့ခွင့်ရှိသည့် သရက်၊ ဖရဲ၊ သခွားမွှေးနှင့် ဆီးသီးတို့ကို တိုးချဲ့တင်ပို့နိုင်ပြီဟု သတင်းများက ဆိုသည်။

အစိုးရ၏ ထုတ်ပြန်သည့်စာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမ ရှစ်လခွဲအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရမှုသည် ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၆၀ သန်းဝန်းကျင် နည်းပါးခဲ့ကြောင်း သိရသည်။

နေရပ်ပြန်များ

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နေရပ်ပြန်လာမှုများလည်း ဆက်လက်ရှိနေသေးသည်ကို တွေ့ရှိရသလို ၎င်းတို့နှင့်ပတ်သက်၍လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အကြီးအပါအဝင် မြန်မာသံအမတ်ကြီးများနှင့် ဆွေးနွေးခဲ့သည်။

အစိုးရသတင်းများတွင် ဖော်ပြပါရှိမှုများအရ ဧပြီလဆန်းပိုင်းမှ မေလကုန်အထိ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ လွယ်ဂျယ်ဂိတ်မှ ရှစ်ထောင်နီးပါး၊ ချင်းရွှေဟော်ဂိတ်မှ ကိုးထောင်နီးပါးနှင့် မူဆယ်ဂိတ်မှ တသောင်းခြောက်ထောင်ကျော် ရှိသွားပြီဖြစ်သည်။

ထို့အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးမှုအပါအဝင် အခြားအကြောင်းအရာများကြောင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်း၊ အကျဉ်းချခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၀၀ ဦးကိုလည်း ယခုတပတ်အတွင်းတွင် မူဆယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

မြန်မာ့ကိုဗစ်-၁၉ အတွက် တရုတ်၏ ကူညီထောက်ပံ့မှုများ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေနှင့် ကူညီထောက်ပံ့ပေးနေရာ ယခုတပတ်အတွင်းတွင်လည်း ဆက်လက်ရှိနေသေးသည်ကို တွေ့ရှိရသည်။ ကူညီထောက်ပံ့မှုများတွင် အစိုးရ၊ အရပ်ဖက်နှင့် စီးပွားရေးအဖွဲ့အစည်းများပါပြီး မြန်မာနိုင်ငံရှိ ဗဟိုအဆင့် အစိုးရအဖွဲ့အစည်းများ၊ ဌာနများအပါအဝင် ဒေသန္တရအဆင့်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များသို့ သက်ဆိုင်ရာအလိုက် လှူဒါန်းခြင်းဖြစ်သည်။

ယခုတပတ်အတွင်းတွင် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း (Myanmar-China Friendly Contact Organization)၊ တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးစင်တာ(CMCEEC)၊ China Foundation for Poverty Alleviation ၏ စီစဉ်မှုဖြင့် Pundarika charity၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း စသည့်အဖွဲ့အစည်းများက ရန်ကုန်၊ မန္တလေးမြို့များနှင့်  နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့သို့ လှူဒါန်းခဲ့သည်။

ဘေဂျင်းရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ရာတွင် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအပါအဝင် စေတနာရှင်အဖွဲ့အစည်း ၁၃ ဖွဲ့က လှူဒါန်းမှုမှာ ယခုအချိန်အထိ ကျပ် သိန်း တသောင်းခြောက်ထောင်ဖိုးခန့် ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။