ISP China Desk
သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်နှင့် တရုတ်-မြန်မာ ဆက်ဆံရေး မြေပြင်အခြေအနေများ(တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ် – ၂၀၂၀၊ ဇွန် ဒုတိယပတ်)

 

တရုတ်-မြန်မာ သံတမန်ဆက်ဆံမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်လာရောက်ခြင်းနှင့် ရွှေနှင့် ကြေးနီသယံဇာတ စမ်းသပ်ရှာဖွေမှု၊ နယ်စပ် ကုန်သွယ်ရေးနှင့် လုံခြုံရေးပြဿနာနှင့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများအရေး စသည်တို့အပါအဝင် ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖော်ပြခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၉၀ ဝန်းကျင်ကို ယခုသီတင်းပတ်အတွင်း၌ ISP-Myanmar China Desk က စုစည်းခဲ့ပြီး တပတ်တာ အနှစ်ချုပ်ကို ဖော်ပြသွားပါမည်။ ထိုသတင်းများအား ယခု link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သံတမန်ရေး

၂၀၂၀ ခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသည့် နှစ်တနှစ်ဖြစ်ခြင်းကို ဇန်နဝါရီလက လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ်က မီးမောင်းထိုးပြနေသည်။ ထိုခရီးစဉ်အတွင်းတွင် ၂၀၂၀ ခုနှစ်ကို တရုတ်-မြန်မာ ခရီးသွားမှုများ မြှင့်တင်ရန်၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ရန် ဆွေးနွေးခဲ့ကြပြီး သံတမန်ရေးရာ နှစ်ပတ်လည်အခန်းအနားကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ကိုဗစ်-၁၉ နှင့် လူစုလူဝေးအကန့်အသတ်များကြောင့်  ခရီးသွားလာမှုနှင့် သမ္မတ ရှီ၏ခရီးစဉ်အတွင်းတွင် သဘောတူထားသည့် အချက်များကို အကောင်အထည်ဖော်နိုင်ခြင်းများ မရှိခဲ့ပေ။ ထိုထဲတွင် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပတ်လည်အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းကျင်းပရန်အပြင် တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းများလည်း အပါအဝင်ဖြစ်သည်။

ဇွန်လ ၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်တို့သည်လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်းတို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာတို့ကို အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံ သံအမတ်များမှလည်း နိုင်ငံပိုင် သတင်းစာများတွင် ချစ်ကြည်ရေးဆောင်းပါးများ အပြန်အလှန်ရေးသားခဲ့ကြသည်။ ပြီးခဲ့သော နှစ်ပေါင်း ၇၀ အတွင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ကာ ချစ်ကြည်ရေးမှာလည်း ပိုမိုခိုင်မာလာခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ဆိုကြသည်။ သမ္မတခရီးစဉ်အတွင်းတွင် သဘောတူညီခဲ့သော ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများနှင့် အခြားသော အကျိုးတူပူးပေါင်းမှုများဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မျက်နှာစာအသစ်ဖွင့်လှစ်ရန် တရုတ်နိုင်ငံဘက်မှ တိုက်တွန်းပြောဆိုမှုများရှိခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ

သို့သော် ယခုတပတ်အတွင်းတွင် ဖော်ပြထားသော အခြားသတင်းများတွင်မူ တရုတ်-မြန်မာ ဆက်ဆံရေး၏ အခြားသော မျက်နှာစာတဖက်ကို ​ဖော်ပြနေသည်။

မြစ်ကြီးနားမြို့နယ်အတွင်း တရုတ်နိုင်ငံနှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်စီမံကိန်းမှာ နှစ်ဖက်နားလည်မှုစာချွန်လွှာတွင် တရုတ်ကုမ္ပဏီက အသာစီးယူထားပြီး မြန်မာနိုင်ငံအတွက် ဆုံးရှုံးနိုင်သည့်အချက်များစွာ ရှိနေသည်ဟု သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့( Sandhi Governance Institute) က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရ၏ လေးနှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားချက်များအရ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းမှာလည်း တရုတ်နိုင်ငံမှ တင်ပြလာသည့် လုပ်ငန်းဖြစ်မြောက်နိုင်ခြေ ဆန်းစစ်ချက်များအား မြန်မာနိုင်ငံမှ တတိယအဖွဲ့အစည်းနှင့် ပြန်လည်စိစစ်မှုများ ပြုလုပ်နေကြောင်းဖော်ပြထားသည်။ ထို့အပြင်  စီမံကိန်း သဘောတူညီမှုများ မရရှိမီ တာဝန်ရှိအဖွဲ့အစည်းအဆင့်ဆင့်ထံ တင်ပြဆွေးနွေးရမည်ဖြစ်ရာ စီမံကိန်းလက်တွေ့ အကောင်အထည်ဖော်ရေးမှာ အလှမ်းဝေးနေသေးသည်ဟု သုံးသပ်ရသည်။

အဆိုပါ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းသည် ကနဦးတွင် မန္တလေးမြို့မှတဆင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ဆက်လက်သွယ်တန်းဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေရ ဆိုင်းငံ့ခဲ့သည်ဟုလည်း သတင်းတပုဒ်တွင် ဖော်ပြခဲ့သည်။

အလားတူပင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြား ငွေချေးရာတွင်  အတိုးနှုန်းမြင့်မားသည့် တရုတ်နိုင်ငံ၏ ချေးငွေမျိုးကို သတိထားရန်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး လေးဘီလီယံကျော်မှာ တရုတ်နိုင်ငံမှချေးငွေးများဖြစ်သည်။ တရုတ်နိုင်ငံထံမှ ချေးငွေများ၏ အတိုးအနှုန်းမှာလည်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသည်။ သို့ဖြစ်ရာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းများ ဆောင်ရွက်အကောင်အထည်ဖော်ရာတွင် လိုအပ်သော ချေးငွေများကို မည်သို့ရယူမည်နည်းဆိုသည်မှာလည်း စီမံကိန်းများ အရှိန်မြှင့်အကောင်အထည်ဖော်ရေးတွင် ကြုံတွေ့ရမည့် အဓိကစိန်ခေါ်မှုတခု ဖြစ်နေသည်။

တရုတ်နိုင်ငံကပိုင်ဆိုင်ပြီး ဩစတေးလျနိုင်ငံတွင်အခြေစိုက်သည့် PanAust ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ပင်လည်ဘူးနှင့် ဗန်းမောက်မြို့နယ်များအတွင်း မြေဧက တစ်သိန်းရှစ်သောင်းကျော်၌ ရွှေနှင့်သတ္တုစူးစမ်းရှာဖွေခွင့်ပေးအပ်ခဲ့မှုများနှင့် စပ်လျဉ်းပြီး ပေါ်ပေါက်လာခဲ့သော ဆွေးနွေးငြင်းခုံမှုများကလည်း မျက်မှောက်ခေတ် တရုတ်-မြန်မာ ဆက်ဆံရေးတွင် အရေးပါသည့် စိန်ခေါ်မှုတခုအဖြစ် ထင်ဟပ်လျက်ရှိသည်။ တိုင်းရင်းသားဒေသများတွင် သယံဇာတရှာဖွေခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်မည့် PanAust ကုမ္ပဏီအနေဖြင့် တိုင်းရင်းသားလူမျိုးများဒေသခံများနှင့် ကြိုတင်ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်မည်ဖြစ်သလို  တိုင်းရင်းသားဒေသများအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအခြေအနေ၊ သယံဇာတ၏ တန်ဖိုးငွေအပေါ် အကျိုးခံစားရရှိမှု အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ကို အမှန်တကယ်အကျိုး ရှိ၊ မရှိ ကြိုတင်ဆွေးနွေးသုံးသပ်သင့်သည်ဟုလည်း မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ခဲ့ပြီး ယင်းစီမံကိန်းအား မြေဧရိယာလျှော့ပေါ့ပေးရန် အစိုးရကို တိုက်တွန်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုအသစ်များအဖြစ် ယခုတပတ်အတွင်းတွင် တရုတ်နှင့် ဟောင်ကောင်တို့မှ ရင်းနှီးမြှုပ်နှံမှုသုံးခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်ကိုင်ခွင့်ပြုပေးခဲ့သည်ကို တွေ့ရှိရသည်။

စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဆန်ကြိတ်ခွဲခြင်းနှင့် ဆန်ဖွပ်သန့်စင်ခြင်းလုပ်ငန်း၊ Wallboard and Skirting Line ထုတ်လုပ်ခြင်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Gunned Cotton, Eiderdown Cotton များ ထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ်လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်းတို့ပါဝင်သည်။ အဆိုပါသုံးခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၉၇ သန်းရှိမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၅၆ ခုကို ဖော်ဆောင်နိုင်မည်ဟုလည်း သိရသည်။

ကုန်သွယ်ရေး

ကုန်သွယ်ရေးကဏ္ဍသည် ယခင်သီတင်းပတ်များနည်းတူပင် အကျပ်အတည်းများ ဆက်လက်ရှိနေသေးသော်လည်း မကြာခင်ကာလတွင် ပြန်လည်သွက်လက် ပွင့်လန်းလာမည့်လက္ခဏာတို့ရှိနေကြောင်း သုံးသပ်တွေ့ရှိရသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှ နယ်စပ်ကုန်သွယ်ရေးသည် ယခုဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ကြောင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။ ကိုဗစ်-၁၉ ကြောင့် နယ်စပ်အဝင်အထွက်ကို တရုတ်နိုင်ငံဘက်က တင်းကျပ်ထားသဖြင့် ကုန်တင်ယာဉ်များ သောင်တင်နေရရာ ယင်းကို ပြေလည်စေနိုင်ရန် အစားထိုးယာဉ်မောင်းဦးရေအား ထပ်တိုးချထားပေးရန် တရုတ်အစိုးရထံသို့ မြန်မာတာဝန်ရှိသူများက တောင်းဆိုထားသည်။

လက်ရှိတွင် နေ့စဉ် ကုန်စည်တင်မော်တော်ယာဉ် အစီးရေ ငါးရာဝန်းကျင်သည် မူဆယ်နယ်စပ်ဂိတ်မှတဆင့် ဝင်ထွက်လျက်ရှိနေပြီး ကုန်သွယ်မှုတိုးတက်လာနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုအဖြစ် ပဲမျိုးစုံ၊ သရက်သီး၊ အေးခဲငါးနှင့် အခြားပစ္စည်းများအားတွေ့ရှိရပြီး တရုတ်ဘက်မှ မြန်မာသို့ တင်ပို့မှုအဖြစ် မော်တော်ဆိုင်ကယ်၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများဖြစ်သည်ကို တွေ့ရသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တစ်ရှူးငှက်ပျောနှင့် ကျွဲ၊ နွား အရှင်တင်ပို့ခြင်းအတွက် နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ထိုးနိုင်မည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ ထုတ်ပြန်ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။

အလားတူပင် မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ကယ်လီဖိုးနီးယား မျိုးစိတ် Hass ထောပတ်သီးကို တန်ချိန် ၅၀၀ ဝယ်ယူရန် တရုတ်ဘက်က ကမ်းလှမ်းလာသည်ဆိုသည့် သတင်းကိုလည်း တွေ့ရှိရသည်။ သို့သော် မြန်မာထောပတ်သီးစိုက်ပျိုးသူများအနေနှင့် လက်ရှိတွင် တန်ချိန် ၅၀ ခန့်ကိုသာ ထွက်ရှိနိုင်သေးရာ အဆိုပါကမ်းလှမ်းမှုကို လက်ခံရန် အဆင်သင့်ရှိမနေသေးသည်ကို တွေ့ရှိရသည်။  

နယ်စပ်ကုန်သွယ်ရေး၏ ပြဿနာတခုအဖြစ် ရွှေလီမြို့ရှိ တရုတ်ဘဏ်တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားပိုင် ငွေစာရင်းအချို့ အပိတ်ခံရမှုကိုလည်း တွေ့ရှိရသည်။ အင်တာနက်လောင်ကစားမှုများ၊ မူယစ်ဆေးဝါးနှင့် ဆက်စပ်သော ဘဏ်ငွေစာင်းများ၊ ငွေဖြူ၊ ငွေမည်း ပြုလုပ်မှုများတွင် တရုတ်နိုင်ငံသားများ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိရမှုနှင့်အတူ ၎င်းတို့နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ဘဏ်စာရင်းများကို တရုတ်အစိုးရက ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ယင်းပိတ်ပင်မှုတွင် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လနီးပါးတွင် မြန်မာနိုင်ငံအနေနှင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းနီးပါး တင်ပိုနိုင်ခဲ့ပြီး ယင်းတို့အထဲမှ ၃၃ ရာခိုင်နှုန်းဖြစ်သည့် တန်ချိန် လေးသိန်းနှစ်သောင်းကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၂ ဒသမ ၈၉၈ သန်း ရရှိခဲ့သည်။

နယ်စပ်လုံခြုံရေး

ယခုတပတ်အတွင်းတွင် နယ်စပ်လုံခြုံရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြသည့် ဖြစ်ရပ်အချို့နှင့်ပတ်သက်သော သတင်းအချို့ကိုလည်း တွေ့ရှိရသည်။

ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို လားရှိုးမြို့မှ အထောက်အထားမပါရှိဘဲ စင်းလုံးငှားမော်တော်ယာဉ်ဖြင့် စီးနင်းလာသည့် တရုတ်နိုင်ငံသား ရှစ်ဦးကိုလည်း မြဝတီမြို့တွင် ယခုတပတ်အတွင်း ဖမ်းမိခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာခြင်းကြောင့် ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့ရသည့် တရုတ်နိုင်ငံသား ၂၁ ဦးနှင့် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြသည့် မြန်မာ ၄၁ ဦးတို့ကို ယခုတပတ်အတွင်းတွင် မူဆယ်နယ်စပ်ဂိတ်မှတဆင့် အပြန်အလှန် လွှဲပြောင်းပေးခဲ့ကြသည်။

နေရပ်ပြန်အလုပ်သမားများ

ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နေရပ်ပြန်လာနေမှုများသည် ယခုအချိန်အထိ ဆက်လက်ရှိနေသေးပြီး ယခုတပတ်အတွင်း မီဒီယာများတွင် ဖော်ပြပါရှိသည့်စာရင်းများအရ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်လာသူ ငါးရာဝန်းကျင် ရှိနေသည်။ ၎င်းတို့ကို လားရှိုးမှတဆင့် မီးရထားဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်မှ ဇွန် ၇ ရက်အထိ တလတာအတွင်း တသောင်းဝန်းကျင် ရှိသွားပြီဖြစ်သည်။

ထို့အတူ တရုတ်နိုင်ငံ ရွှေလီမြို့၊ စီကိုင်ထောင်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၄၀ ဦးကို မူဆယ်နယ်စပ်ဂိတ်မှတဆင့် ယခုတပတ်အတွင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ကိုလည်း မီဒီယာဖော်ပြမှုများတွင် တွေ့ရှိရသည်။

ကိုဗစ်-၁၉ အတွက် အလှူ

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများလည်း ဆက်လက်ရှိနေသည်။

ယခုတပတ်အတွင်းတွင် တရုတ်နိုငံအနေနှင့် စတုတ္ထအကြိမ်မြောက် လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆ သန်း တန်ဖိုးရှိသော ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။ ယင်းပစ္စည်းများတွင် နှာခေါင်းစည်း တသိန်းလေးသောင်း၊ N95 သုံးသောင်း၊ မျက်လုံးအကာမျက်မှန် သုံးသောင်းနှင့် ရောဂါကာကွယ်ရေးဝတ်စုံတို့ပါဝင်သည်။ တရုတ်နိုင်ငံ အစိုးရ၊ ပြည်သူလူထုနှင့် အဖွဲ့အစည်းအမျိုးမျိုးမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကူညီထောက်ပံ့မှုအဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းဖိုး ရှိသွားပြီဖြစ်သည်။

ယခုတပတ်အတွင်းတွင် တရုတ်နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်းကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မူလတန်းအဆင့် ကျောင်းသူကျောင်းသား ၁၀၀ ကို စားနပ်ရိက္ခာများ လှူဒါန်းခဲ့သည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။