ISP China Desk
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ)

ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာအဖြစ် –

၁။ သတင်းများ

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များ စသည်တို့ကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

 

၁။ သတင်းများ

တရုတ်စီမံကိန်း သတင်းများ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းကြီးတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဧပြီလတွင် သိရှိနိုင်မည်ဖြစ်ကြောင်း မြဝတီသတင်း ဖော်ပြချက်အရ သိရသည်။ နိုဝင်ဘာလအတွင်းက အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ထုတ်ယူသွားခဲ့သော အဖွဲ့အစည်း ကိုးခုသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် ၃၃ ချက်အနက် တခုအပါအဝင်ဖြစ်သည်။ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ပါက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများလည်း ရှိလာမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် မိုးတွင်းအခါ ရေကြီးမှုများ ကြုံတွေ့နေရသည့် မြစ်တဖက်ကမ်း ရန်ကုန်မြို့‌နေရာအများစုတွင် အန္တရာယ်ကြုံတွေ့နိုင်ရကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားသည်။

စိတ်ဝင်စားဖွယ် သတင်းတပုဒ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မြေယာသိမ်းဆည်းခံတောင်သူများ၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်က သဘောတူကြောင်း သတင်းဖြစ်သည်။ ထို့ကြောင့် မြေယာလျော်ကြေးကို အမြန်ဆုံးထုတ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပြောကြားထားကြောင်း Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ မြေသိမ်းခံတောင်သူများ တောင်းဆိုသည့် အချက်ကိုးချက်အနက် ငါးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အကြား သဘောတူညီမှုရရှိခဲ့ပြီး မြေသိမ်းခံတောင်သူများအတွက် ၂၀၁၃ ခုနှစ်မှစ၍ ဘဏ်စာအုပ်များတွက်ချက်ပေးရန်နှင့် ငွေလဲနှုန်းကွာခြားချက်များကို တွက်ချက်ပေးချေရန် စသည့်အချက်များ ပါဝင်သည်။ ယခင်က မြေယာသိမ်းဆည်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံတောင်သူများနှင့် ကာလရှည်ကြာစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြေယာလျော်ကြေးငွေကိစ္စတွင်လည်း သဘောတူညီမှုရရှိခဲ့ခြင်း မရှိဘဲ အများစုမှာ လျော်ကြေးငွေထုတ်ယူခဲ့ခြင်း မရှိပေ။ အဆိုပါသတင်းဖော်ပြချက်တွင်ပင် တောင်သူအားလုံးထုတ်ယူလိမ့်မည်ဟု မပြောနိုင်ကြောင်း ဒေသခံတဦး၏ ပြောကြားချက်လည်း ရှိနေသည်။

တရုတ်ခြံစည်းရိုး ဖယ်ရှား

တရုတ်နိုင်ငံဘက်က ဆောက်လုပ်နေသည့် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ ပြီးခဲ့သည့်တပတ်က မြန်မာနိုင်ငံဘက်က ကန့်ကွက်ပြီးသည့်နောက် ဇန်နဝါရီ ၁၉ ရက်တွင် သံတိုင်များ၊ သံဆန်ခါများဖြင့် အခိုင်အမာကာပြီး ဖြစ်နေ သည့် ခြံစည်းရိုးကို တရုတ်ဘက်က ပြန်လည်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း 7 Day သတင်းဌာနက ဖော်ပြသည်။  နယ်စပ်နေရာ ငါးခုအထိ ခြံစည်းရိုးများ တည်ဆောက်နေပြီး ယခုအခါ လွယ်ဂျယ်မြို့နှင့် နယ်စပ်နေရာကို ပထမဆုံးအကြိမ်အဖြစ် တရုတ်က နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန် ကန့်ကွက်ထားဆဲ လေးနေရာတွင်မူ တရုတ်သည် ခြံစည်းရိုးကို ဆက်လက်ကာရံနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး

အာရုံစိုက်ဖွယ်ရာ သတင်းတပုဒ်မှာ နိုင်ငံပိုင်သတင်းစာတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆိုသည့် သတင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ ဝမ်ယိ၏ ဇန်နဝါရီ ၁၁-၁၂ ရက် မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားတွင် သံတမန်ရေးရာ တင်းမာမှုအချို့ရှိနေပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း နယူးယောက်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြီးမှူးကျင်းပပေးခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းတရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ အဆိုပါစီမံကိန်းနှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများဖော်ဆောင်လာမည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိနေရာ ယခုနှစ်ပိုင်းများအတွင်း နေရပ်စွန့်ခွာသူများအရေး၊ AA အဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခအရေးတို့၌ တရုတ်နိုင်ငံ၏ ထဲထဲဝင်ဝင်ပါဝင်လာမှုများကို တွေ့ရှိလာရသည်။

(ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကို ISP-Myanmar China Desk က လက်လှမ်းမီသမျှပြုစုထားရှိပါသည်။ ဖတ်ရှုရန် နှိပ်ပါ။)

 

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

ယခင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောများ အဓိက တင်ပို့ရောင်းချသောနိုင်ငံ ဖြစ်ခဲ့သော်လည်း တောင်တရုတ်ပင်လယ်အရေးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် ဝန်းကျင်မှစ၍ တရုတ်နိုင်ငံက ဖိလစ်ပိုင်ငှက်ပျောများကို တားမြစ်ခဲ့သည်။ ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် တရုတ်သို့ တစ်ရှူးငှက်ပျော တင်ပို့သော အဓိကနိုင်ငံဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က ထုတ်ဝေသော မြစ်ကြီးနား သတင်းဂျာနယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်၏ မိသားစုအကြောင်းကို ဖော်ပြထားသည်။ ကလေးငယ်၏ မိဘများမှာ ဝိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သည်။ အသက် သုံးလခန့်ရှိပြီဖြစ်သော ကလေးငယ်မှာ ဦးခေါင်းအတွင်း ရေများစွာရှိနေခြင်းကြောင့် တနေ့တခြား ဦးခေါင်းမှာကြီးထွားလာပြီး ခွဲစိတ်ရန်လိုအပ်နေသည်ဟု ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဖြန်းခြင်းမှလွဲ၍ ဆေးဖြန်းထားသော စိုက်ခင်းများအား ပေါင်းသင်ခြင်းအပါအဝင် အခြားသောတာဝန်များ လုပ်ကိုင်ခဲ့ရကြောင်းဖော်ပြထားသည်။ စိုက်ခင်းအလုပ်သမားများအတွက် မည်သည့် လူမှုဖူလုံရေး ထောက်ပံ့မှု အကူအညီမှ မရရှိကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ရှိ ငှက်ပျောစိုက်ခင်းများတွင် အများဆုံးအသုံးပြုနေသော ပိုးသတ်ဆေးမှာ အခြားသောအပင်များနှင့် သက်ရှိများအားလုံးကို အဆိပ်အတောက်ဖြစ်နိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအများစုက တားမြစ်ထားသည့် Carbofuran ပိုးသတ်ဆေးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်တွင်ထုတ်ဝေသည့် Mekong Region Land Governance၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်လည်း အတည်ပြုပြီးဖြစ်သော ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက် ဥပဒေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေများ ရှိနှင့်ပြီး ဖြစ်သည်။ သို့သော် ယင်းဥပဒေများနှင့် မူဝါဒများမှာ ဧကသိန်းချီ ရှိနေသော တစ်ရှူးငှက်ပျောစိုက်ခင်းများအပေါ် မည်သို့မျှ သက်ရောက်မှု ရှိမနေသည်မှာ သတိပြုဖွယ်ဖြစ်သည်။

ထို့အပြင် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်လုပ်ငန်းရှင်များမှာ နေရပ်သို့ ပြန်သွားခြင်းကြောင့် စိုက်ခင်းအလုပ်သမားများ၏ လုပ်ခလစာ ပြဿနာများမှာလည်း တနေ့တခြား များပြားလာလျက်ရှိသည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ဝေသော မြစ်ကြီးနားသတင်းဂျာနယ်တွင် တရုတ်လုပ်ငန်းရှင်ပြန်သွားသောကြောင့် လုပ်အားခ ကျပ်သိန်းတထောင်ခန့် ဆုံးရှုံးနေရသော အလုပ်သမားတို့အကြောင်း ရေးသားဖော်ပြထားသည်။ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုပေါင်းမှာ ၂၀၁၉ တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီးဖြစ်သည်။ အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီကပင် ရှိနှင့်ခဲ့ပြီးဖြစ်သည်။ စိုက်ခင်းအလုပ်သမားများအနေဖြင့် တရားဝင်အလုပ်သမားစာချုပ် မချုပ်ဆိုရခြင်း၊ မည်သည့် လူမှုဖူလုံရေးအထောက်အပံ့မှ မရရှိခြင်း၊ စိုက်ခင်းအတွင်း ပိုးသတ်ဆေးများနှင့် အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့နေရခြင်း၊ အသက် ၁၆ နှစ်ဝန်းကျင်ခန့် ကလေးလုပ်သားများ အသုံးပြုခြင်း၊ လခနှုန်းမှာ တရားသေမရှိဘဲ ထွက်နှုန်းပေါ်မူတည်ပြောင်းလဲခြင်းနှင့် အထွက်နည်းလျှင် လခလျှော့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းတို့ကြောင့် အလုပ်သမားမျာမှာ စိုက်ခင်းမှ နှစ်ချီ မထွက်ခွာဘဲ နေ့စဉ် တရားဝင်အလုပ်ချိန်ထက်ပို၍ လုပ်ကိုင်ရန် အကျပ်ကိုင်ဖိအားပေးခံရသကဲ့သို့ ရှိနေကြောင်း Mekong Region Land Governance အဖွဲ့၏ သုတေသနစာတမ်းအရ သိရသည်။ ကိုဗစ်ကပ်ရောဂါမှာ နှစ်ကာလရှည်ရှိနေသော အဆိုပါ အလုပ်ရှင်-အလုပ်သမား အရေးကို ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ပိုမိုအရှိန်မြင့်လာစေခြင်းသာဖြစ်၍ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သည့်တိုင် အဆိုပါအလုပ်သမား၏ အရေးကို အာရုံစိုက်ဖြေရှင်းရန် အားထုတ်ခြင်းမရှိပါက အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ အဆုံးမသတ်နိုင်ဘဲ ဆက်လက်ရှိနေဦးမည်သာဖြစ်သည်။

 

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်  ပြည်တွင်းပြည်ပ အမြင်များ

ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏အဆင့်မြင့်တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤသို့လာရောက်ခဲ့မှုအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များမှ မှတ်ချက်အမျိုးမျိုးပြုခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် ဆင်းရဲနေဆဲဖြစ်သော ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ကုန်များနှင့် တရုတ်ကုန်စည်များ လဲလှယ်စီးဆင်းနိုင်မည့် အခွင့်အလမ်းဖြစ်သောကြောင့် များစွာမျှော်လင့်ကြောင်း ပြောကြားထားသည်။ ၈၈ မျိုးဆက်နိုင်ငံရေးသမားဖြစ်သူ ဦးမြအေးကမူ ယခုအချိန်၌ မြန်မာပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး မပြေပြစ်ဖြစ်နေပြီး တရုတ်ကလည်း မြန်မာနိုင်ငံကို ၎င်း၏ထီးရိပ်အောက်ရှိစေချင်မည်ဖြစ်၍ သတိထားရမည့် အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ လေးသန်းခန့် တန်ဖိုးရှိ မြစ်ကြီးနား စီးပွားရေးဇုန်တည်ဆောက်ရေးကန်ပိုက်တီကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် ဗန်းမော်ဆိပ်ကမ်း တည်ဆောက်ရေးများ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ကချင်ပြည်နယ်ရှိ နေရပ်စွန်ခွာခဲ့ရသူများ ပြန်လည်ကူညီပေးရေးတွင် တရုတ်က ကူညီခဲ့သည့်အတွက် မစ္စတာဝမ်ယိ၏ ယခုခရီးစဉ်တွင် ယင်းအကူအညီအပေါ် အသိအမှတ်ပြု လက်မှတ် အပ်နှင်းခဲ့ပါသည်။ ဤသို့ ကချင်ဒေသအတွက် အများအပြား ကူညီပေးခဲ့ခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိကြောင်း South Asia Analysis Groupမှ Dr.  S. Chandrasekharan က သုံးသပ်ထားသည်။ ပထမအချက်မှာ ကချင်ဒေသရှိ တရုတ်၏ စီမံကိန်းများအပေါ်  ဒေသခံလူထု၏ ကန့်ကွက်မှုများ မြင့်တက်လျက်ရှိခြင်းကြောင့်ဟု သုံးသပ်ထားသည်။ မြစ်ဆုံစီမံကိန်းကဲ့သို့ပင် ဒေသခံလူထုမှ မည်သည့်အခြေအနေမျိုးနှင့်မျှ လက်ခံနိုင်ခြင်းမရှိသော စီမံကိန်းများရှိနေပြီး တရုတ်နိုင်ငံမှလည်း မြစ်ဆုံစီမံကိန်းကိုပင် ယခုထိ မစွန့်လွှတ်သေးကြောင်း သုံးသပ်ထားသည်။ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ရေကြောင်းလမ်းအတွက် အလွန်အရေးကြီးသော ကချင်ဒေသအနီး ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ဗန်းမော်ဆိပ်ကမ်းစီမံကိန်းကြောင့် ဖြစ်ကြောင်း သုံးသပ်ထားသည်။

မစ္စတာဝမ်ယိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ်က မဲစာရင်းကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲရလဒ်ထက် တင်မြှောက်ခံရမည့် အစိုးရသစ်နှင့်ချိတ်ဆက်ကာ စင်္ကြံလမ်းတလျှောက်ရှိ စီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်ရေးကိုသာ လိုလားမည်ဖြစ်ကြောင်း ၎င်း၏ သုံးသပ်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အပေါ် Dr.  S. Chandrasekharan က တရုတ်နိုင်ငံ၏ အမြင်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အောင်မြင်ရေးအတွက် စီမံကိန်းအများစုတည်ရှိရာ နယ်စပ်ဒေသ၏ တည်ငြိမ်မှုက အရေးပါသဖြင့် စီမံကိန်းဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်အထောက်အပံ့ပေးထားပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ၏စီမံကိန်းများကို အတိုက်မခံမပြုရန် အပေးအယူသဘောပြုထားသည်ဟု မှတ်ချက်ပြုထားသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများမှလွဲ၍ အခြားသောစီမံကိန်းများအား လက်နက်ကိုင်အဖွဲ့တို့က တိုက်ခိုက်နေခြင်းမှာ ဖော်ပြပါအပေးအယူသဘောဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

 

၄။ အချက်လက်များ

ယခုတပတ်သတိပြုစရာ ကိန်းဂဏန်းမှာ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုအရေအတွက်ဖြစ်ပြီး အမှုပေါင်းမှာ ၂၀၁၉ ခုနှစ်တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်သည်။

 

 


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။