ISP China Desk

၁။ စီမံကိန်းအကျဉ်းချုပ်

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်းသည် မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် နန်ကျင်ရွာနှင့် ၁၀ ကီလိုမီတာခန့် အကွာအဝေးရှိ နန့်ကွေ့ချောင်းအနီး၊ လီဒိုလမ်းမကြီးပေါ် မြေဧက ၄,၇၀၀ ကျော်တွင် တည်ဆောက်ရန် လျာထားသည့် ဘက်စုံစီးပွားရေးဇုန်များ ပါဝင်မည့် စီမံကိန်းကြီးဖြစ်သည်။

အမေရိကန် ဒေါ်လာ သန်း ၄၀၀ နီးပါးကုန်ကျမည်ဟုခန့်မှန်းထားသော ၎င်းစီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ သဘောတူညီချက်အရ အကောင်အထည်ဖော်နေသော တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့်လမ်းကြောင်း(BRI) စီမံကိန်း၏ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။

လီဒိုလမ်းမကြီးသည် အိန္ဒိယ၏ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းနှင့် တိုက်ရိုက် ချိတ်ဆက်ခဲ့သော လမ်းမကြီးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း အနောက်နိုင်ငံများမှ မဟာမိတ်များ အတွက် ဗြိတိသျှအင်ပါယာက တည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံသို့ ထောက်ပို့ရိက္ခာများ သယ်ယူ ပို့ဆောင်ရန် အသုံးပြုခဲ့သည်။ ၎င်းလမ်းမကြီးသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်း(BRI) စီမံကိန်း၏ အစီအမံအောက်တွင် အိန္ဒိယနိုင်ငံနှင့်တိုက်ရိုက် ချိတ်ဆက်ရန် အဓိကကျသော နေရာတွင်လည်း ရှိနေသောကြောင့် စက်မှုဇုန် တည်ဆောက်ရန် မဟာဗျူဟာကျကျ ရွေးချယ်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ နန်ကျင်စက်မှုဇုန်စီမံကိန်းတွင် လယ်ယာစိုက်ပျိုးရေးဇုန်၊ သယ်ယူပို့ဆောင်ရေးဇုန်၊ အထွေထွေထုတ်လုပ်မှုဇုန်၊ ရိုးရာယဉ်ကျေးမှုဇုန်၊ စိုက်ပျိုးရေးသုံးစက်ယန္တရားများထုတ်လုပ်ရေးဇုန်၊ သစ်အချောထည် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဇီ၀ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ခရီးသွားများအပန်းဖြေလေ့လာရေးဇုန်တို့ ပါဝင်မည် ဖြစ်သည်။

ထိုစီမံကိန်းကို တရုတ်နိုင်ငံ ယူနန်ထိန်ချုံးဟိန်ရုန် (ယုံ) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (Yunnan Tengchong Heng Yong Investment Company) မှ အဆိုပြုထားခြင်းဖြစ်သည်။ ယူနန်ထိန်ချုံးဟိန်ရုံ ကုမ္ပဏီမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်စမ်းပြည်နယ်ခွဲအခြေစိုက် ယူနန်ပေါင်စန်းဟိန်ယိ (Yunnan Baoshan Hengyi) အုပ်စုမှ ပိုင်ဆိုင်သောကုမ္ပဏီဖြစ်သည်။ ထို့အပြင် ယူနန်ပေါင်စန်းဟိန်ယိမှ ရှယ်ယာ ၇၀ရာခိုင်နူန်း ထည့်ဝင်ထားသော မြန်မာဟိန်ယကုမ္ပဏီသည် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ခွင့်ပြုချက်ရထားသည်။

ယူနန်ထိန်ချုံးဟိန်ရုန်၏ လုပ်ငန်းအစီအမံအရ စက်ရုံပေါင်း ၅၀၀ ခန့်ပါဝင်ပြီး ၎င်းနှင့်ဆက်စပ်သော အဆောက်အဦးပေါင်း ၅,၀၀၀ နီးပါးတည်ဆောက်သွားရန် ရည်ရွယ်ထားသည်။

စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အချက် ၂၁ ချက် ပါဝင်သော နားလည်မှုစာချွန်လွှာကို ယူနန်ထိန်ချုံးဟိန်ရုန် နှင့် ကချင်ပြည်နယ်အစိုးရတို့ကြား ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် မဟာစီမံချက်ရေးဆွဲရန် (Master Plan)၊ ကုန်ကျစရိတ်များ အသေးစိတ်တွက်ချက်ရန်၊ ရှယ်ယာပိုင်ဆိုင်မှုများ ဆုံးဖြတ်ကြရန် သဘောတူ ထားသည်။ တရုတ်ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရ ကြားတွင် ဖက်စပ်ကုမ္ပဏီ တည်ထောင်ကာ ၎င်းကုမ္ပဏီမှ စီမံကိန်းကို ဦးဆောင် အကောင်အထည်ဖော်ရန်၊ တရုတ်ကုမ္ပဏီက စီမံကိန်းဖြစ်တန်ချေ လေ့လာဆန်းစစ်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများ အကုန်ကျခံကာပြုလုပ်ရန်များ ပါဝင်သည်။

နားလည်မှုစာချွန်လွှာအရ အစိုးရမှ စီမံကိန်းတည်နေရာ မြေဧရိယာအား တန်ဖိုးသတ်မှတ်ကာ ရှယ်ယာအဖြစ်ထည့်ဝင်ရန် အကြမ်းဖျင်း သဘောတူထားသည်။ ယခုစီမံကိန်းကို ကုမ္ပဏီက နှစ် ၅၀ လုပ်ပိုင်ခွင့်ရမည် ဖြစ်ကာ ဖက်စပ်ကုမ္ပဏီတည်ထောင်ပြီး ရက်ပေါင်း ၉၀ အတွင်း ကချင်ပြည်နယ်အစိုးရက စီမံကိန်းမြေဧရိယာလုပ်ပိုင်ခွင့်ကို ကုမ္ပဏီသို့ လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရက စီမံကိန်းအကောင်အထည် ဖော်ရာတွင် ချောမွေ့စေရန်၊ စီမံကိန်း ခွင့်ပြုမိန့်ရရန်၊ အခွန်သက်သာခွင့်ရရန် တောင်းဆိုမှုများကို တာဝန်ယူပေးရန်နှင့် တရုတ်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန် သဘောတူထားကြသည်။

စီမံကိန်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီမှ စီးပွားရေးနှင့် ပတ်သက်ပြီး လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုနိင်ရန်၊ ပြည်နယ်အချုပ်အခြာအာဏာကို မထိပါးရန်နှင့် စီမံကိန်းမကျရှုံးစေရန် စင်ကာပူနိုင်ငံမှ ရှေ့နေများငှားရမ်း၍ ဒေါ်လာ ၆၀,၀၀၀ အကုန်အကျခံကာ အစီအမံများ ရေးဆွဲနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့် အသေးစိတ်ညှိနှိုင်းနေကြောင်းကိုလည်း ကချင်ပြည်နယ်အစိုးရက ပြောဆိုခဲ့သည်။ သို့သော် မည့်သည်အစီအမံဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။

ထိုမှတဆင့် သဘောတူညီမှုစာချွန်လွှာကို ဆက်လက် လက်မှတ်ထိုးရန် ပြင်ဆင်ထားသော်လည် နိုင်ငံတော်သမ္မတရုံးက စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ကုမ္ပဏီတခုတည်းကို လုပ်ပိုင်ခွင့်တိုက်ရိုက်ချပေးသောစနစ် (Direct Award) အစား Swiss Challenge ခေါ်ယူကာ နိုင်ငံတော်က ဖွင့်ထားသော ပြည်သူ့ပုဂ္ဂလိကမိတ်ဖက်စင်တာ (Public Private Partnership Center) နှင့်ညှိနိူင်းရန် ညွှန်ကြားခဲ့သောကြောင့် စီမံကိန်းအကောင်အထည်ဖော်ရန် တင်ဒါအဆိုပြုလွှာကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းပြောခဲ့သည်။

တင်ဒါခေါ်ယူရန် Public Private Partnership Center ၏ ဦးဆောင်မှုဖြင့် ပြုလုပ်မည် ဖြစ်ပြီး ရွေးချယ်ခံရသောကုမ္ပဏီမှာ ဖြစ်နိုင်ချေလေ့လာစမ်းစစ်ချက်၊ မဟာစီမံချက်၊ အသေးစိတ် စီမံချက်တို့ကို ရေးဆွဲရမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်းစီမံကိန်း၏ မူလအစီအမံကို တင်ပြသူမှာ ယူနန်ထိန်ချုံးဟိန်ရုန် ဖြစ်ပြီး တရုတ်၏ မဟာဗျုဟာကျစီမံကိန်းဖြစ်သောကြောင့် အခြားကုမ္ပဏီများထက် ထိုကုမ္ပဏီကပင် လုပ်ပိုင်ခွင့်ရရန် အခွင့်အလမ်းများနေသော စီမံကိန်းဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။

၂။ စီမံကိန်းအသေးစိတ်အချက်အလက်များ

စီမံကိန်းအမည်မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်း
အကျယ်အဝန်း၄,၇၀၀ ဧက
တည်နေရာမြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ သန်း ၄၀၀နီးပါး
ပါဝင်မည့်စီးပွားရေးဇုန်များလယ်ယာစိုက်ပျိုးရေးဇုန်၊ သယ်ယူပို့ဆောင်ရေးဇုန်၊ အထွေထွေထုတ်လုပ်မှုဇုန်၊ ရိုးရာယဉ်ကျေးမှုဇုန်၊ စိုက်ပျိုးရေးသုံးစက်ယန္တရားများ ထုတ်လုပ်ရေးဇုန်၊ သစ်အချောထည်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဇီ၀ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ခရီးသွားများအပန်းဖြေ လေ့လာရေးဇုန်
စက်ရုံအရေအတွက်၅၀၀ ကျော်
အဆောက်အအုံအရေအတွက်၅,၀၀၀ ခန့်
အကောင်အထည်ဖော်ရန် တင်ပြထားသည့်ကုမ္ပဏီယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (Yunnan Tengchong Heng Yong Investment Company Limited)
ရှယ်ယာခွဲဝေမှုမသိရှိရသေး
လက်ရှိအခြေအနေကချင်ပြည်နယ်အစိုးရက Swiss Challenge ဖြင့် တင်ဒါခေါ်ယူရန် ပြင်ဆင်နေ

 

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်း

၃။ အချိန်ကာလပြဇယား

• ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ထိ ယူနန်ပြည်နယ်ရှိတာဝန်ရှိသူများက မြစ်ကြီးနားမြို့တွင် စက်မှုဇုန်အကြီးစားများ တည်ဆောက်ရန် ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ညှိနှိုင်း ခဲ့ကြသည်။ သို့သော် နေရာရွေးချယ်ရာတွင် အဆုံးသတ် သဘောတူညီမှုများ မရဘဲ စီမံကိန်းများ အကောင်အထည်ဖော်ရန် ကြန့်ကြာခဲ့သည်။

• ၂၀၁၇ ခုနှစ်အတွင်း ယူနန်ထိန်ချုံးဟိန်ရုန် ကုမ္ပဏီမှ တာဝန်ရှိသူများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

• ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ယူနန်ထိန်ချုံးဟိန်ရုန် ကုမ္ပဏီက ကချင်ပြည်နယ် အစိုးရနှင့်တွေ့ဆုံပြီး မြစ်ကြီးနားမြို့အနီးတဝိုက်တွင် စက်မှုဇုန်တခုတည်ဆောက်လိုကြောင်း အစီအမံကို တင်ပြခဲ့သည်။

• ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ တွင် ကချင်ပြည်နယ်အစိုးရက လျာထားမြေစိစစ်ရေး ကော်မတီဖွဲ့ကာ တရုတ်ကုမ္ပဏီ၏ တင်ပြချက်များနှင့်ကိုက်ညီသော နန်ကျင်ကျေးရွာရှိ မြေ ဧက ၄,၇၀၀ ပေါ်တွင် စီမံကိန်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုလျာထားမြေ စိစစ်ရေးကော်မတီကို ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးက ဦးဆောင်သည်။ ထိုမြေများအနက်မှ ဧက ၃,၅၅၀ မှာ လုပ်ငန်းရှင် ၄ ဦးကို မြေလွတ်မြေရိုင်းဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားသော မြေဖြစ်ပြီး မြေဧက ၁,၁၅၀ မှာ လုပ်ငန်း ၂ ဦးကို လုပ်ပိုင်ခွင့် ချပေးထားသောမြေဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်ပြီး ၁၃ ဦး ပါဝင်သော ဘက်စုံညှိနှိုင်းရေးကော်မတီဖွဲ့စည်းခဲ့သည်။

• ၂၀၁၈ ခုနှစ် မေလ ၈ရက်နေ့တွင် ယူနန်ထိန်ချုံးဟိန်ရုန် နှင့် ကချင်ပြည်နယ်အစိုးရတို့ကြား စီမံကိန်း ကိုအကောင်အထည်ဖော်ရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အချက် ၂၁ ချက် ပါဝင်သော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှု ဇုန်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

• ၂၀၁၈ ခုနှစ် ဧပြီ အတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ယူနန်ပေါင်စန်းဟိန်ယိအုပ်စုဥက္ကဋ္ဌ Duan Zhiku သည် မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

• ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်သံအမတ် ဟုန်လျန်က စက်မှုဇုန်တည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရူ့ခဲ့ပြီး ၎င်းစက်မှုဇုန်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC)အောက်ရှိ စီမံကိန်းများတွင် စံပြစီမံကိန်းတခု ဖြစ်လာရန် ရည်ရွယ်ထားပြီး အရေးပါသော ဗျုဟာကျသောစီမံကိန်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

• ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်ကြောင့် ကချင်ပြည်နယ် အစိုးရက ပြည်ပပညာရှင် ၇ ဦး ပါဝင်သောညှိနှိုင်းရေးကော်မတီကို ဖွဲ့ခဲ့သည်။ ထိုကော်မတီက ကုမ္ပဏီနှင့် ၆ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး စီမံကိန်းအကျိုးအမြတ်ခွဲဝေမှု၊ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းအမျိုးအစား၊ ဖြစ်တန်လေ့လာဆန်းစစ်မှု၊ မဟာစီမံချက်(Master Plan)တို့ကို ရေးဆွဲရေး၊ စီမံကိန်းကြောင့်ဖြစ်လာနိုင်သော အကျိုးအမြတ်စီးပွားရေး အခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

• ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်က လာမည့် နိုဝင်ဘာလတွင် တရုတ်ကုမ္ပဏီနှင့် သဘောတူညီချက်စာချွန်လွှာ Memorandum of Agreement (MOA) လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

• ၂၀၂၀ ခုနှစ် ဇူလိုင် ၁၇ ရက်တွင်ကျင်းပခဲ့သော အစည်းအဝေးတွင် ကချင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝေလင်းက တရုတ်ကုမ္ပဏီနှင့်လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာကို သက်တမ်းတိုးထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

 

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဇုန်စီမံကိန်း အချိန်ကာလပြဇယား

၄။ လူမှုသဘာ၀၀န်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်မှုများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ အဆိုအရ တရုတ်ကုမ္ပဏီမှ စီမံကိန်းဖြစ်တန်ချေလေ့လာဆန်းစစ်မှုနှင့် မဟာဗျူဟာစီမံချက်ကို ရေးဆွဲခဲ့သည် ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပါ။

၅။ လူထုတုံ့ပြန်မှု

မြေဧက ၄၇၀၀ ဧက ကျယ်ဝန်းသော မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်းကို တည်ဆောက်မည့် ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်၏ အချက်အလက်များ၊ website နှင့် financial statements များကို ရှာဖွေလေ့လာသော်လည်း မတွေ့ရှိရသောကြောင့် ကုမ္ပဏီ၏ ပွင့်လင်းမြင်သာမှုမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ဒေသခံများကို အသိပေးခြင်းမရှိဘဲ မြေတိုင်းတာခြင်း၊ ‌မြေဧရိယာကို ဒရုန်းများနှင့်ရိုက်ကူးခြင်း၊ တရုတ်လူမျိုးများ မကြာခဏဝင်ထွက်သွားလာကာ စီမံကိန်းနေရာကို လေ့လာခြင်းများကြောင့် ပွင့်လင်းမြင်သာမှုမရှိသော စီမံကိန်းအဖြစ်ဝေဖန်ခံနေရသည်။ ဒေသခံများမှာ နှစ်ရှည်သီးနှံပင် စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊ ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်း စသည့် အသက်မွေးမှုလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြသည်။

ထိုနေရာတွင် လက်ရှိကချင်ပြည်နယ်အစိုးရ အာဏာရပြီးစတွင် ထိုမြေများအတွက် ပိုင်ဆိုင်မှု ပုံစံ (၅) ထုတ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း စီမံကိန်းဧရိယာအဖြစ် သတ်မှတ်ပြီးနောက်တွင် ပုံစံ(၅) ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများက ကျေနပ်ခြင်းမရှိကြပါ။

ကချင်ပြည်နယ်အစိုးရက မြေ ၄,၇၀၀ ဧက ကျယ်ဝန်းသော အဆိုပါစီမံကိန်းမြေနေရာသည် လုပ်ငန်းရှင် ၆ ဦးကိုသာ လုပ်ပိုင်ခွင့်ပေးထားသော နေရာဟု ပြောဆိုထားသော်လည်း ဧက ၆၅၀ ခန့်တွင် တောင်ယာလုပ်ကိုင်နေသူ ၉၇ ဦး ရှိနေကြောင်း သတင်းမီဒီယာများကိုပြောဆိုထားသည်။ ထိုပိုင်ရှင်များသည် ကော်မတီတရပ်ဖွဲ့စည်းကာ မြေများအတွက်ထိုက်တန်သောလျော်ကြေးရရန် ကချင်ပြည်နယ်အစိုးရနှင့်တွေ့ဆုံခွင့် ငါးကြိမ်ထက် မနည်းတောင်းဆိုခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံကြရာ မြေဧက ၄၇၀၀ ဧက လုံးမှာ မြေလွတ်၊ မြေလတ်၊ မြေရိုင်းအတွင်း ကျရောက်နေသဖြင့် သီးနှံလျော်ကြေးသာ ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် တောင်သူများက ထိုမြေနေရာသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အဓိကလုပ်ကိုင်နေသော စိုက်ပျိုးမြေဖြစ်သည့်အတွက် အစားထိုးမြေနေရာများ ပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

ဒေသခံများက ထိုမြေနေရာသည် မြန်မာနိုင်ငံ၏မြေလွတ်၊ မြေရိုင်းဥပဒေအရ မှတ်ပုံတင်ခြင်း မပြုထားသော မြေများဖြစ်သောကြောင့် ထိုက်သင့်သောလျော်ကြေးများ ပေးအပ်ခြင်းမရှိမည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် စီမံကိန်းကြောင့် တရုတ်လူမျိုးများ အများအပြားဝင်ရောက်လာပြီး လူမှုရေးပြသာနာများ ကြုံတွေ့ရမည်ကို ပူပန်နေပြီး ဒေသခံများအတွက် အလုပ်အကိုင် မရရှိမည်ကို စိုးရိမ်ပူပန်နေကြကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်။

မြေယာဆုံးရှုံးမှုအပြင် စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် ရေသယံဇာတ ပျက်စီးဆုံးရှုံးမည့် အခြေအနေကိုလည်း ဒေသခံများက ထောက်ပြထားကြသည်။

သန္နိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Governance Institute) ၏ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းစောင့်ကြည့်ရေး အစီရင်ခံစာတွင် စီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် စီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက် တစုံတရာ ထုတ်ပြန်ထားခြင်း မတွေ့ရကြောင်း ထောက်ပြထားသည်။

စီမံကိန်းကြောင့် ဒေသခံများ မည်မျှအကျိုးအမြတ်ရရှိမည်ကို မမှန်းဆနိုင်သော်လည်း တရားမဝင်နယ်စပ်ကုန်သွယ်မှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ထွက်သွားလာမှု ပြဿနာများ ပိုမိုကြီးထွားလာနိုင်သည်ဟု အစီရင်ခံစာက သတိပေးထားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေအရ မျိုးရိုးစဉ်ဆက် လုပ်ကိုင်နေသည့် မြေယာပိုင်ဆိုင်မှုကို အသိအမှတ်မပြုထားသဖြင့် ဌာနတိုင်းရင်းသားများအတွက် နစ်နာဆုံးရှုံးမှုများ ရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။

ကချင်နိုင်ငံရေးပါတီများကလည်း စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရက ပွင့်လင်းမြင်သာမှုမရှိခြင်းမှာ အဆိုပါစီမံကိန်းကို ကန့်ကွက်ဆန့်ကျင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ထို့သို့ ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့် အကျိုးအပြစ် မဝေခွဲနိုင်ဘဲ အန္တရာယ်ပိုရှိနိုင်ကြောင်း သတိပေးထားသည်။ အဆိုပါ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာချပြရေးအတွက် ပြည်နယ်အစိုးရထံ အကြိမ်ကြိမ်စာပေးပို့ တောင်းဆိုခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဇူလိုင်လ အထိ ချပြခြင်းမရှိသေးကြောင်း ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

 

Reference:

 

2nd PPP monitoring in Myanmar: The Myitkyina Economic Development Zone Project

 

Kachin Locals in the Dark Over China-Backed Industrial Zone Plan

 

Deal to Be Signed for BRI-Related Economic Zone in Myanmar’s Kachin State

 

ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေသည့် နန်ကျင်စီးပွားရေးဇုန်

 

နန်ကျင်စီးပွားရေးဇုံ သတ်မှတ်နယ်မြေတွင် ရိုးရာတိုင်းရင်းဆေးမြေဧရိယာ ကို ချန်လှပ်စေချင်

 

နန်ကျင်စီးပွားရေးဇုန်ကြောင့် မြေဧက ၂ထောင်နီးပါး မြေလွတ်မြေရိုင်းဥပဒေအရ မြေလျော်ကြေး ရမည်မဟုတ်ဟု ဆို

 

မြစ်ကြီးနား နန်ကျင်စီးပွားရေးဇုန်ရှိ မြေဧက ၄၇၅၁ မှာ မြေလွတ်၊ မြေလတ်၊ မြေရိုင်းအတွင်း ကျရောက်နေသဖြင့် သီးနှံလျော်ကြေးသာ ပေးအပ်မည်

 

နန်ကျင်စီးပွားရေးဇုံ ပွင့်လင်းမြင်သာမှုမရှိဟု စောင့်ကြည့်လေ့လာသူများပြော

 

မြစ်ကြီးနားစီးပွားရေးဇုန် ဒေသခံတွေ အစားထိုးမြေတောင်းဆို