ISP China Desk
အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုကို ချန်လှပ်ထား၍ မရနိုင်တော့ပေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို သုံးသပ်ရာတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း၊ အကြီးမားဆုံးသော ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ထို့အပြင် ရခိုင်ပြည်နယ် အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာသည့်အလျောက် ကုလသမဂ္ဂ စင်မြင့်နှင့် နိုင်ငံတကာ သံတမန်အရေးများတွင် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှု လိုအပ်လျက်ရှိရာ တရုတ်နိုင်ငံ၏ အရေးပါမှုသည် ပိုမိုမြင့်တက် လာသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် အကဲဖြတ် သုံးသပ်နိုင်ရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းများ၊ ငြိမ်းချမ်းရေး အကျပ်အတည်းများ၏ အဓိက သော့ချက်အဖြေ ဖြစ်နိုင်သည် ဟူသော ယူဆချက်များလည်း ထွက်ပေါ်လာခဲ့ပါသည်။ ဤ ဆောင်းပါးသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများနှင့် အလားအလားများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍများကို လေ့လာ သုံးသပ်ပြီး အထက်ပါ ယူဆချက်သည် ဖြစ်နိုင်ချေ နည်းပါးကြောင်း ငြင်းဆိုမည် ဖြစ်ပါသည်။

■ အသွင်ကူးပြောင်းမှုကာလ တရုတ်-မြန်မာ ဆက်ဆံရေး

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု ကာလကို ဦးသိန်းစိန်အစိုးရ ဦးဆောင်သော (၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်) အတွင်းကာလနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (၂၀၁၅ ခုနှစ် မှ မျက်မှောက်ကာလ) အထိ အကြမ်းဖျင်း နှစ်ပိုင်း ခွဲနိုင်ပါသည်။

၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သော မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးသည် မြန်မာ- တရုတ် ဆက်ဆံရေးတွင် ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိသော အပြောင်းအလဲအချို့ကို ဖြစ်စေခဲ့သည်။ ထိုကိစ္စများအနက် အရေးပါသည့် ဖြစ်ရပ်တစ်ခုမှာ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအပေါ် ဒေသခံများ၏ ကန့်ကွက်မှု အရှိန်အဟုန် မြင့်တက်လာခြင်း ဖြစ်သည်။၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းကို ထိုအချိန်က သမ္မတ ဦးသိန်းစိန်သည် သူ၏ အစိုးရသက်တမ်းတွင် မလုပ်တော့ဟူ၍ ယာယီ ရပ်နားခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်သည် နှစ် ၂၀ ကျော် တိုးတက် ကောင်းမွန်နေသည့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုများ ရှိခဲ့သည်။ ထိုအခြေအနေမှ တစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရှေ့ရေး မရေမရာ ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ယင်းအချိန်၌ ဖြစ်ပွားနေသော တရုတ် ရင်းနှီးမြှုပ်နှံမှု ဆန့်ကျင်ရေး အခြေအနေများကို မှတ်တမ်းတင်ရန် စာရေးသူသည် မတူညီသော လူ့အသိုက်အဝန်း အသီးသီးမှ လူဦးရေ ၅၀ ခန့်ကို ကျပန်းအနေဖြင့် စစ်တမ်းမေးခွန်းများ ဖြေဆိုစေခဲ့သည်။ ထိုစစ်တမ်းငယ်အရ ဖြေဆိုသူ အများစုသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်သော အကူအညီများသည် မြန်မာနိုင်ငံ၏ သဘာ၀ အရင်းအမြစ်များကို ရယူရန်ဟု ဖြေဆိုခဲ့ကြသည်။ ထို့အတူ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ အရင်အစိုးရ လက်ထက်တွင် ချုပ်ဆိုခဲ့သော စာချုပ်များကို ပြန်လည်စိစစ် သုံးသပ်သင့်သည်ဟု သုံးပုံနှစ်ပုံသော သူများက ဖြေဆိုခဲ့သည်။ အားလုံးနီးပါးသော ဖြေဆိုသူများက တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အလားအလာ ရှိသော ရထားလမ်း စီမံကိန်းများသည် တရုတ်၏ အကျိုးအတွက်သာ ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။ ထိုစစ်တမ်း ဖြေဆိုမှုများသည် လူဦးရေ ကိုယ်စားပြုမှုစသည့် ကန့်သတ်ချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံသားများ၏ တရုတ် ရင်းနှီးမြှုပ်နှံမှုများအပေါ် မကျေနပ်မှုများကို အတိုင်းအတာ တစ်ခုအထိ ထင်ဟပ်လျက် ရှိပါသည်။

မြန်မာ-တရုတ် ဆက်ဆံရေးအပေါ်တွင် သက်ရောက်မှုရှိသည့် အခြား အပြောင်းအလဲ တစ်ခုမှာ မြန်မာနိုင်ငံ၏ နိုင်ငံတကာ အသိုင်းအဝန်းသို့ ပြန်လည် ဝင်ရောက်လာခဲ့မှု ဖြစ်ပါသည်။ စီးပွားရေးနှင့် သံတမန်ရေး ပိတ်ဆို့ အရေးယူမှုများကြောင့် နှစ်ပေါင်းများစွာ တရုတ်နှင့် ဒေသတွင်းနိုင်ငံများကို မှီခိုခဲ့ရသော မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ အပါအဝင် အခြား အနောက်ကမ္ဘာမှ နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်သမ္မတ အိုဘားမားသည် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ပြန်လည် သွားရောက်ခဲ့ပါသည်။ ထို အပြန်အလှန် သွားရောက်မှုကြောင့် သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ပထမဆုံး အမေရိကန်သမ္မတ ဖြစ်ခဲ့ပြီး ဦးသိန်းစိန်သည် ၁၉၆၆ ခုနှစ် နောက်ပိုင်း အိမ်ဖြူတော်သို့ သွားရောက်ခဲ့သည့် ပထမဆုံး မြန်မာခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ မြန်မာ့ သွင်ကူးပြောင်းရေးကာလ အစောပိုင်းတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အငြင်းပွားဖွယ်ရာ ဖြစ်နေချိန်၌ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံပေါ် လွှမ်းမိုးနိုင်မှုများ များပြားလာခဲ့သည် (Haccake, 2012)။

သမ္မတ ဦးသိန်းစိန်လက်ထက် ဖြစ်ရပ်များအပေါ် မူတည်ပြီး မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒအား တရုတ်နိုင်ငံက ပြန်လည် သုံးသပ်ခဲ့ပြီး မူဝါဒ အပြောင်းအလဲအချို့ ဆောင်ရွက်ခဲ့ပါသည်။ သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ချို့မှာ နှစ်ပေါင်းများစွာ စစ်အစိုးရ တစ်ဦးတည်းနှင့်သာ ဆက်ဆံသော မူဝါဒအစား အစိုးရသစ်၊ လွှတ်တော်တို့နှင့်ပါ ဆက်ဆံရေးများ တည်ဆောက်ခဲ့သည်။ တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း ဆက်လက် ထိန်းသိမ်း ထားခဲ့ပါသည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ သတင်းစာဆရာများနှင့်လည်း ပိုမိုထိတွေ့ပြီး ဆက်ဆံရေးများ တည်ဆောက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ အထက်ပါ မူဝါဒအပြောင်းအလဲများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများ၊ အမေရိကန် စသည့် နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒများကြောင့် ဦးသိန်းစိန်အစိုးရ နှောင်းပိုင်းကာလများမှစပြီး မြန်မာ-တရုတ် ဆက်ဆံရေးသည် သိသိသာသာ ပြန်လည် ဦးမော့လာခဲ့ပါသည် (Perlez, 2017)။

ဒေါ်အောင်ဆန်းစုကြည်၏ နောက်ခံ အခြေအနေ၊ အနောက်နိုင်ငံများ၏ သူမအပေါ် အားပေး ထောက်ခံမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမို ဝေးကွာလာကာ အနောက်နိုင်ငံများနှင့် ပိုမို ရင်းနှီးလာမလား ဆိုသည့် ယူဆချက်များလည်း ရှိခဲ့သည်။ သို့သော် NLD အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာ အံ့သြစရာ ကောင်းလောက်စွာပင် ပြန်လည် နီးကပ်လာခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ပြည်သူလူထု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုး ယုံကြည်မှုများက တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ပိုမို အပြုသဘော ဆောင်သော အခြေခံတစ်ခုကို ဖန်တီးပေးခဲ့ပါသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုများတွင် သံသယများစွာ ရှိနေကြသေးသော်လည်း လက်ရှိအစိုးရသည် နိုင်ငံနှင့် ပြည်သူများအကျိုးကို ရှေးရှုပြီး အဂတိကင်းစွာဖြင့် တန်းတူညီမျှသော၊ နှစ်ဦး နှစ်ဖက် အကျိုးရှိသော သဘောတူ စာချုပ်များဖြင့် ပူးပေါင်း လုပ်ကိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ရှိနေသည်။

NLD အစိုးရဖွဲ့ပြီး မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သူမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သည်။ အစိုးရသစ် လက်ထက်တွင် တရုတ်နိုင်ငံမှ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းကို ပြန်စရန် တိုက်တွန်းမှုများ ရှိခဲ့သည့်တိုင် အတင်းအကြပ် ဖိအားပေးခြင်းမျိုး မရှိခဲ့ပေ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီခဲ့ချန်တို့က လက်ခံ တွေ့ဆုံခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ကာ တရုတ်မှ ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် မေလတွင် ပီကင်း၌ ပြုလုပ်ခဲ့သော “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” (One Belt One Road) မဟာဗျူဟာ စီမံကိန်းဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ထိုစီမံကိန်းနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပါသည်။ ထို့အတူ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဦးဆောင်သော မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း အဆိုပါစီမံကိန်းကို ကြိုဆိုကြောင်း ထုတ်ပြန်ထားပါသည်။

သို့ဖြစ်ရာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းစသည့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ထွက်ပေါက်ဖြစ်ပြီး ထိုမဟာဗျူဟာ စီမံကိန်းများ အောင်မြင်စေရန် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်သည်ဖြစ်ရာ တရုတ်နိုင်ငံ၏ တွန်းအားဖြင့် ငြိမ်းချမ်းရေး ရရှိနိုင်သည်ဟူသော ယူဆချက်များလည်း ရှိနေပါသည်။

■ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများကို လေ့လာရာတွင် ပြည်တွင်း အခြေပြု ရှုထောင့် နှင့် ပထဝီနိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ရှုူထောင့်နှစ်ခုမှ သုံးသပ်နိုင်သည်။ ပြည်တွင်း အခြေပြု ရှုထောင့်အရမူ တရုတ်နိုင်ငံ၏ လူမှု နိုင်ငံရေး အခြေတည်ငြိမ်ခြင်းနှင့် တရုတ်နိုင်ငံရေးတွင် ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍကို ထိန်းသိမ်းခြင်းတို့သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံ စဉ်းစားချက် ဖြစ်သည်ဟု ဆိုကြသည် (Weissmann, 2015) ။ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေး ရှုထောင့်အရမူ ရေတိုကာလတွင် တရုတ်နိုင်ငံ၏ အိမ်နီးချင်းများနှင့် ဆက်ဆံရေးသည် မိမိ၏ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန်ဖြစ်ပြီး (Swaine, 2014) ရေရှည်တွင်မူ မိမိပတ်ဝန်းကျင်ရှိ နိုင်ငံများအား တရုတ်ဗဟိုပြုသော စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လုံခြုံရေး ကွန်ရက်များအတွင်း ပါဝင်လာစေရန်ဖြစ်သည် (Challahan, 2016)။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို သုံးသပ်ရာတွင်မူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အနောက်ဘက်ဒေသ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိနိုင်ငံ၏ မြန်မာနိုင်ငံအတွင်းရှိ အကျိုးစီးပွားများနှင့် ရင်းနှီးမြှုပ်နှံမှုများအား အကာအကွယ်ပေးရန် စသည့် အချက်များသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မူဝါဒအပေါ် များစွာသက်ရောက်မှု ရှိသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်များတွင် တစ်ခုပါအဝင်ဖြစ်ပြီး ထိုဒေသအတွင်း နေထိုင်သူ နှစ်သန်းခန့်သည် ကျေးလက်နေဒေသတွင် နေထိုင်ကြပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေးသည် ယူနန်ပြည်နယ် ရင်ဆိုင်ရသော ကြီးမားသည့် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ယူနန်ပြည်နယ်၏ ပြင်ပနှီးမြှုပ်နှံမှုများ၏ ၈၀ ရာခိုင်နှုန်းသည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင် ဖြစ်သည်။

အနောက်ဘက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒသည် ၂၀၁၄ ခုနှစ် တရုတ်နိုင်ငံဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး အစီအစဉ်တစ်ခု ဖြစ်သည်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က အနောက်ဘက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရထားလမ်းများ၊ ကားလမ်းများ၊ ရေ ရရှိရေးများအတွက် ကူညီ ဆောင်ရွက်ပေးမည်ဟု အဆိုပြုထားကြောင်း တရုတ်နိုင်ငံ အစိုးရ၏ အာဘော်ဖြစ်သော ဂလိုဘယ်လ်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည် (Global Times, 2014)။ တရုတ်နိုင်ငံမှ အဆိုပြုထားသော ဘင်္ဂလားဒေ့ချ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေး စြင်္ကန်လမ်းသည် တရုတ်နိုင်ငံ အရှေ့ဘက်နှင့် အနောက်ဘက် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ညီမျှစေရန် အားထုတ်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ နေ့စဉ်သတင်းစာတွင် သုံးသပ်ထားသည် (China Daily, 2009)။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပထဝီ အနေအထား၊ သဘာ၀ အရင်းအမြစ်ကြွယ်ဝမှုတို့သည် ယူနန် အပါအဝင် တရုတ် အနောက်ဘက်ဒေသများ ဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုနိုင်သည်ဟု တရုတ်ဘက်မှ ယူဆထားသည်ကို တွေ့ရသည်။

ပထဝီနိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာနှင့် မဟာဗျူဟာ စဉ်းစားချက်များသည်လည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မူဝါဒအပေါ် သက်ရောက်မှုများ ရှိသည်။ တရုတ်နိုင်ငံ၏ ရေကြောင်း ကုန်သွယ်ရေးများ၏ ၈၀ ရာခိုင်နှုန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများသည် မလက္ကာရေလက်ကြားမှ ဖြတ်သန်းနေရသည် ဖြစ်ရာ တရုတ်သည် မလက္ကာ အကျပ်အတည်း (Malacca Dilemma) အတွက် ရတက်မအေး ဖြစ်လျက် ရှိသည် (Lanteigne, 2009)။ ထို့အပြင် တရုတ်နိုင်ငံသည် မိမိ၏ ရေတပ်များကို အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ ဖြန့်ကျက်ပြီး စောင့်ရှောက်စေရန်မှာလည်း ပထဝီ အနေအထား အကန့်အသတ်များ ရှိနေသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင် ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ရန် စီမံကိန်းများသည် မိမိ၏ ပင်လယ်ရေကြောင်း သွားလာမှုတွင် ထိခိုက်လွယ်မှုများကို လျှော့ချရန် ဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ရှိပါသည် (Brewster, 2015)။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို လွှမ်းမိုးသည့် နောက်တစ်ချက်မှာ အမေရိကန်နိုင်ငံ အပါအဝင် အခြားသော ပြိုင်ဘက် နိုင်ငံများ၏ အခန်းကဏ္ဍ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အာရှဗဟိုပြု ဝါဒသည် တရုတ်နိုင်ငံအား ထိန်းချုပ် ကန့်သတ်ရန် ဖြစ်သည်ဟု တရုတ်နိုင်ငံ၏ မူဝါဒ အသိုင်းအဝန်းက ယူဆကြသည် (Sun, 2014 a; 2014 b)။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်ကျူးကျော်မှုကို ခုခံရန် အထောက်အပံ့များကို မဟာမိတ်များက တရုတ်နိုင်ငံအား ဗမာလမ်းမကြီး Burma Road အား အသုံးပြုပြီး ပေးအပ်ခဲ့ပြီး၊ ဂျပန်က ထိုအထောက်အပံ့များကို ဖြတ်တောက်ရန် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် သမိုင်းပေး သင်ခန်းစာများရှိခဲ့ရာ လျင်မြန်စွာ တိုးတက် ကောင်းမွန်လာသော အမေရိကန်-မြန်မာ ဆက်ဆံရေးသည် ပြင်ပနိုင်ငံတစ်ခုမှ မြန်မာနိုင်ငံအား အသုံးပြုကာ တရုတ်နိုင်ငံ၏ အကျိုးစီးပွား ပျက်ပြားစေရန် ဆောင်ရွက်နိုင်လိမ့်မည် ဟူသော တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို တိုးပွားလာစေခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ကာလ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် လွှမ်းမိုးနိုင်မှု အလားအလာများကို သုံးသပ်ရာတွင် အထက်ပါ အကြောင်းအချက်များကို အခြေခံပြီး စဉ်းစားကြည့်နိုင်ပါသည်။

■ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

လွန်ခဲ့သော ဆယ်စုနှစ်ကာလ နှစ်ခုအတွင်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက် ဖြစ်ခဲ့သလို အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်း ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီပွားရေး အသွင်ကူးပြောင်းမှုတွင် အမေရိကန် အပါအဝင် တခြား အနောက်ကမ္ဘာနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ မြစ်ဆုံဆည် စီမံကိန်းကို မြန်မာဘက်မှ တစ်ဖက်သတ် ရပ်နားခဲ့ခြင်းနှင့် အခြား တရုတ်-မြန်မာ ဆက်ဆံရေး မရေရာမှုများကြောင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ လျော့ကျခဲ့သည် (ဇယား – ၁၊ ၂)။ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများအား ရပ်ဆိုင်းခြင်း၊ ဖြေလျော့ခြင်း ရုပ်သိမ်းခြင်းများ စတင် လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ လက်ကျန် ပိတ်ဆို့မှုများ အားလုံးနီးပါး ဖြေလျော့ခဲ့သော်လည်း အနောက်ကမ္ဘာခြမ်းမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အဦးများ မပြည့်စုံမှု၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ခု မရှိနိုင်သေးခြင်းကြောင့် ထိုစံနှုန်းများဖြင့် စည်းနှောင်ခြင်း ခံထားရသော အနောက်ကမ္ဘာခြမ်းမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရန်မှာ အဟန့်အတား အကန့်အသတ်များစွာ ရှိနေသေးသည်ဟု သံတမန်အသိုင်းအဝိုင်းက ပြောကြားသည်။

တစ်ဖက်တွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်၍ သမ္မတ ရှီကျင့်ဖျင်သည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း”ကို စတင် မိတ်ဆက်ခဲ့သည်။ ထိုစီမံကိန်းတွင် အာရှ၊ အာဖရိက၊ ဥရောပ နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးလာစေရေးအတွက် အခြေခံအဆောက်အဦးများ တည်ဆောက်ရေး၊ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး၊ ပြည်သူချင်း ဆက်ဆံရေးများ တိုးမြှင့်ရေး စသည်တို့ ပါဝင်သည်။ ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးနိုင်မှုများကို တိုးမြှင့်ပေးနိုင်သည့် ရည်ရွယ်ချက် ကြီးမားသည့် အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ဦးစားပေး မူဝါဒတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံခြားရေး မူဝါဒများအပေါ် သက်ရောက်မှုများ ရှိလာခဲ့သည်။ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများကို ချိတ်ဆက်ပေးထားသည့်အပြင် တရုတ်နိုင်ငံ၏ သမုဒ္ဒရာနှစ်စင်း ဗျူဟာအတွက် အရေးပါသော မြန်မာနိုင်ငံ၏ ပထဝီ အနေအထားသည် ထိုစီမံကိန်း တရုတ်နိုင်ငံ၏ ပြည်တွင်းဖွံ့ဖြိုး အစီအစဉ်အများအပြင် လုံခြုံရေးနှင့် မဟာဗျူဟာများအတွက် အရေးပါသဖြင့် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မူကို တရုတ်က လိုလားနေသည်။

ထိုသို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေးများ ဖွံ့ဖြိုးရန်နှင့် ကျပ်တည်းနေသော စီးပွားရေးကို ပြန်လည် ဦးမော့နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လာသည်ဖြစ်ရာ တရုတ်နိုင်ငံသည်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုနှင့် အခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြန်မာနိုင်ငံအား စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်စေမည့် သော့ချက် ဖြစ်နိုင်မည်လား ဟူသော ယူဆချက်များလည်း ထွက်ပေါ်ခဲ့သည်။ ဤဆောင်းပါးသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်စေရေး အဓိကသော့ချက်အဖြစ် အဆောတစ်လျင် မရှုမြင်သင့်ကြောင်း အောက်ပါအချက် သုံးချက်ဖြင့် ငြင်းဆိုပါမည်။

ပထမဦးစွာ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းသည် အဆိုပြုမှု အသစ်တစ်ခုဖြစ်ပြီး ဖြစ်နိုင်ခြေများကို သုတေသနပြုရန် များစွာ လိုအပ်နေပါသေးသည်။ ပညာရှင်များ အကြားတွင်လည်း ထိုစီမံကိန်း နောက်ကွယ်မှ တရုတ်နိုင်ငံ၏ ရည်မှန်းချက်၊ ထိုစီမံကိန်း၏ အောင်မြင်နိုင်မှု၊ ဆုံးရှုံးနိုင်မှုများသည် အငြင်းပွားဖွယ်ရာများ ရှိနေသေးသည်။ ထိုစီမံကိန်း၏ ကောင်းကျိုးများ အလားအလာကို ထောက်ပြထားသည့် သုတေသနများ ရှိသလို၊ အားနည်းချက်များကို ထောက်ပြထားသည့် အစီရင်ခံစာများလည်း မနည်းမနော ရှိပါသည်။ တရုတ်နိုင်ငံအတွင်းမှာပင် အခြေခံ အဆောက်အဦး စီမံကိန်းများ၏ ထက်ဝက်ခန့်သည် စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ခန့်မှန်းသည်ထက် ကုန်ကျစရိတ်များ ပိုများနေခြင်း၊ စီမံကိန်း ဒေသများတွင် မျှော်မှန်းသလို မဖြစ်ဘဲ စီးပွားရေး တိုးတက်မှုကို ပံ့ပိုးနိုင်မှု နည်းပါးခြင်း၊ ထို့အတူ နိုင်ငံတကာတွင် တရုတ်ချေးငွေဖြင့် ရင်းနှီးထားသော စီမံကိန်းများမှာလည်း ချေးငွေပြန်ဆပ်ရန် အခက်ခဲများ ရှိနေခြင်း စသည့် သတိပြုစရာ အချက်များကို အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသနတစ်ခုက ထောက်ပြ ထားသည် (Ansar, Flyvbjerg, Budzier, & Lunn, 2016)။ ထို့အပြင် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံတွင် ထိုစီမံကိန်းအား အဖက်ဖက်မှ ဆန်းစစ် သုတေသန ပြုလုပ်ခြင်းများသည်လည်း မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပါ။ ထိုကဲ့သို ဝိရောဓိ ဖြစ်စရာများ ရှိနေသေးသော်လည်း အခြားရွေးချယ်စရာ မရှိဟူသော အကြောင်းပြချက်ဖြင့် တရုတ်ဘက်မှ ကမ်းလှမ်းထားသော ရင်းနှီးမြှုပ်နှံမှုများအား အဆောတလျင် လက်ခံလိုက်ခြင်းက အဖြေတစ်ခု မဟုတ်ကြောင်း ဆယ်စုနှစ် သုံးခုနီးပါးစာ အတွေ့အကြုံများက သက်သေအဖြစ် ရှိနေသည်။

ဒုတိယအနေဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်သော ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များကို သုံးသပ်ကြည့်ပါမည်။ နှစ်ပေါင်း အတော်ကြာ အရှိန်အဟုန်နှင့် တိုးတက်ခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် တဖြည်းဖြည်း လျော့ကျလာပါသည်။ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ စီးပွားရေးစနစ် အသွင်ပြောင်းရန် လိုအပ်နေသည်ဖြစ်ရာ သယံဇာတနှင့် အခြား အခြေခံထုတ်လုပ်ရေး စက်ရုံများကို လျှော့ချခြင်း၊ နည်းပညာ အခြေခံပြီး တန်ဖိုးမြင့်မားသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို အခြေခံသော စီးပွားရေးစနစ်ကို ဦးတည်သွားရမည် ဖြစ်ပါသည် (ဇယား – ၃)။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ပိုလျှံနေသော စက်ရုံများနှင့် ကုန်ပစ္စည်းများကို ပြည်ပသို့ ထုတ်ရန်မှာ ဤစီမံကိန်းကို တွန်းအားပေးသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်ပါသည် (Chai, 2017)။ ထို့ကြောင့် ညစ်ညမ်းမှု များသော၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များသော ရင်းနှီးမြှုပ်နှံမှုများလည်း မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးမှု နိမ့်ကျနေသေးသည့် နိုင်ငံများသို့ ပြောင်းရွှေ့လာနိုင်သည့် အလားအလာများလည်း ရှိနေပါသေးသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု သမိုင်းကို ပြန်သုံးသပ်ရာတွင်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် သဘာ၀ သယံဇာတ တူးဖော်ရေးများ ဖြစ်သော ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင်သာ အများဆုံး တွေ့ရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၁၉၈၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ခွင့်ပြုပြီးသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၁၅ ဒသမ ၄ ဘီလီယံ ဒေါ်လာရှိသည်။ ထို ရင်းနှီးမြှုပ်နှံမှုများ၏ ၉၂ ရာခိုင်နှုန်းခန့်သည် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကဏ္ဍများတွင် ဖြစ်သည်။ အထည်ချုပ်လုပ်ငန်း၊ လယ်ယာထုတ်ကုန် လုပ်ငန်းနှင့် ခရီးသွားလာရေး ကဏ္ဍများရှိ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည် (Gelb, Calabrese, & Tang, 2017)။ လက်ရှိ အချိန်အထိ ခွင့်ပြုထားပြီးသော ရင်းနှီးမြှုပ်နှံမှုများ၏ အများစုသည် သယံဇာတ၊ စွမ်းအင်နှင့် အခြေခံထုတ်လုပ်ရေး ကဏ္ဍများတွင်သာ ရှိနေသေးသည်။ သို့ဖြစ်ရာ လက်ရှိ အခြေအနေအပေါ် သုံးသပ်ချက်များအရ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် သဘာ၀ အရင်းအမြစ်များ ဖြစ်သော အခြေခံထုတ်ကုန် ကဏ္ဍတွင်သာ အများစုဖြစ်သောကြောင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သည့် အလားအလာတစ်ရပ် ဖြစ်နိုင်ခြေ နည်းပါးသည်။

တတိယအချက် အနေဖြင့် အခြေခံ အဆောက်အဦးများ၊ ရင်းနှီးမြှုပ်နှံမှုများအပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ အလုပ်အကိုင် အခွင့်အလမ်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်ချက်တစ်ခုမှာ တရုတ်နိုင်ငံမှ အလုပ်သမား အလုံးအရင်းဖြင့် ခေါ်လာပြီး မြန်မာနိုင်ငံအတွင်းမှ လုပ်သားများကို အခြေခံအလုပ်များ အတွက်သာ အသုံးပြုခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ အလုပ်သမားများ ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး မြန်မာ အသိုက်အဝန်းတွင်လည်း စိုးရိမ်ပူပန်မှုများစွာ ရှိနေပါသည်။ ဆရာ ကျော်ရင်မြင့်၏ ဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ဟိုတယ်၊ အထပ်မြင့်တိုက် ဆောက်လုပ်ရေး လုပ်ငန်းများတွင်ပင် တရုတ် ကန်ထရိုက်တာများက ဦးစီးပြီး အောက်ခြေ အလုပ်သမားမှစကာ ကြီးကြပ်သူ အလုပ်သမားခေါင်းအထိ တရုတ် အလုပ်သမားများနှင့် လုပ်ကိုင်နေကြသည်ကို ဖော်ပြထားပါသည် (ကျော်ရင်မြင့်၊ ၂၀၁၇)။ မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများ မရှိသည်မှာ မှန်သော်လည်း ဒေသခံများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးစေရန် အစီအစဉ်များ ချမှတ်ခြင်း မရှိဘဲ ပြည်ပမှ အလုပ်သမားများ အလုံးအရင်းနှင့် သုံးနေခြင်းမှာ အဖြေမဟုတ်ပေ။ ထို့အပြင် တရုတ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် အခြေအနေများနှင့် ပိုလျှံနေသော ထုတ်လုပ်မှုများကြောင့် ကျောက်မီးသွေးတွင်းများ၊ သံမဏိ စက်ရုံများအား ပိတ်သိမ်းနေရသည့် အခြေအနေများကြောင့် တရုတ်နိုင်ငံသည် အလုပ်လက်မဲ့ အရေအတွက်များ တိုးမြင့်လာသည်ကို သုံးသပ်ရပါသည်။ လန်ဒန်အခြေစိုက် သုတေသနတစ်ခုမှ ဖော်ပြထားသည်မှာ (တရုတ်နိုင်ငံ၏ တရားဝင် ထုတ်ပြန်ချက်များအရ အလုပ်လက်မဲ့ ရာခိုင်နှုန်းသည် ၄ ရာခိုင်နှုန်းကျော်သာ ရှိသော်လည်း) လက်တွေ့တွင်မူ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါသည် (Bloomberg News, 2016)။ လူထု တည်ငြိမ်ရေးကို အထူးအလေးပေးသော တရုတ်နိုင်ငံသည် ထိုမြင့်တက်လာသော အလုပ်လက်မဲ့ဦးရေ ပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ် အလုပ်သမားများကို ဆက်လက် အသုံးပြုရန် မက်လုံးများစွာ ရှိနေရာ ကျွမ်းကျင်လုပ်သား ရှားပါးနေသည့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်နေပါသေးသည်။

ထို့အပြင် လတ်တလော ပြုလုပ်ခဲ့သည့် စစ်တမ်းများနှင့် အင်တာဗျူးများအရ တရုတ် ရင်းနှီးမြှုပ်နှံမှုများကြောင့် လူမှုဘဝနှင့် သဘာ၀၀န်းကျင် ထိခိုက်မှုကို ကြုံတွေ့ထားခဲ့ရသော အခြေခံ ပြည်သူလူထုသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို စိုးရိမ်သည့်အမြင် ရှိနေကြသေးသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးအပြစ်များကို သေချာစွာ လေ့လာသုံးသပ်ခြင်း မရှိဘဲ အဆောတလျင် လက်ခံခြင်းသည် စွန့်စားလွန်ရာ ရောက်နေပေလိမ့်မည်။

■ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

မြန်မာ့ အသွင်ကူးပြောင်းမှု ကာလအတွင်း ထင်ရှားသည့် တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲတစ်ခုမှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တရားဝင် ပါဝင်လာမှု ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ငါးရပ်ကို အခြေခံထားပြီး တခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဟူသော မူဝါဒကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် သိသိသာသာ ပါဝင် ပတ်သက်လာခဲ့သည်။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် လက်ခံ ကျင်းပပေးခဲ့ပြီး ကြားဝင် စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည် (Tsin, 2014)။ တရုတ်နိုင်ငံသည် အခြားနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးကို လက်ခံ ကျင်းပပေးသည့် ထိုကဲ့သို့ ကြားဝင် ဆောင်ရွက်ခြင်းမျိုးသည် ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်သည် (Sun, 2014 a)။ ထိုအချိန်မှစပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပေး ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုများကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အပြုသဘောဆောင် ပါဝင်သွားမည်ဖြစ်ကြောင်း မကြာခဏ ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တရုတ်နိုင်ငံအပေါ် မျှော်မှန်းချက်များ ပိုမိုမြင့်မား လာခဲ့သည်။

တရုတ်နိုင်ငံ၏ မြန်မာ့ ငြိမ်းချမ်းရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်လာမှုကို ပြည်တွင်း ရှုထောင့်နှင့် ပထဝီနိုင်ငံရေး ရှုထောင့်မှ သုံးသပ်ကြသည်။ ပြည်တွင်း ရှုထောင့်အရဆိုပါက တရုတ်နိုင်ငံသည် နယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် မိမိ စီမံကိန်းများ အောင်မြင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည်။ ပထဝီနိုင်ငံရေး ရှုထောင့်အရမူ အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေးတွင် ပိုမို ပါဝင်လာမှုကို ဟန့်တားနိုင်ရန် ပါဝင်သည်ဟုလည်း သုံးသပ်ကြပါသည် (Sun, 2014 a)။ ပြည်တွင်း ရှုထောင့်အရပင် ဖြစ်စေ၊ ပထဝီနိုင်ငံရေး အရပင် ဖြစ်စေ ငြိမ်းချမ်းရေး ရရှိရန်မှာ တရုတ်အတွက် အရေးပါသည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံသည် မိမိ၏ ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေလီ-ကျောက်ဖြူ ရထားလမ်း စသည့် မဟာဗျူဟာမြောက် စီမံကိန်းများတွင် မိမိ၏ အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်ရန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လွှမ်းမိုးနိုင်မှုကို အလျှော့အတင်း ပြုလုပ်ကာ အနိုင်ကတ် တစ်ခုသဖွယ် ကစားနေသလားဟုလည်း စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။ သို့သော် ဒုတိယမြောက် ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ၏ အားထုတ်မှုများသည် ထိုတူရူချက်နှင့် ဆန့်ကျင်နေသည်ကို တွေ့ရသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံတွင် တရုတ်နိုင်ငံ တက်ကြွစွာ ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်များအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် တိုက်တွန်းနှိုးဆော်ခဲ့ရာ လက်နက်ကိုင် အဖွဲ့အချို့သည် တရုတ်၏ တိုက်တွန်းမှုကြောင့်သာ တက်ရောက်ရသည် ဖြစ်ကြောင်းပင် ထုတ်ပြန် ကြေညာခဲ့သည်ကို တွေ့ရသည်။ တရုတ် အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်သည် ညီလာခံ မတိုင်ခင်တွင် နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း ကူမင်းတွင် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံသည် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များအား တက်ရောက်ရန် တိုက်တွန်းခဲ့သလို ကိုးကန့်၊ ရခိုင်တပ်မတော်နှင့် တအောင်း လွတ်မြောက်ရေး တပ်များကို ဖိတ်ကြားရန် မြန်မာ့ တပ်မတော်အား တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပထဝီ အနေအထားအရ၊ လူမှုစီးပွား ဆက်ဆံမှုများအရ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ်တွင် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးနိုင်မှုများ ရှိနိုင်သော်လည်း၊ ထိုအဖွဲ့အစည်းများ အားလုံးသည်လည်း ကိုယ်ပိုင် ရပ်တည်ချက်၊ ခံယူချက်နှင့် အကျိုးစီးပွား ကိုယ်စီရှိကြရာ တရုတ်နိုင်ငံသည် မိမိသဘောအတိုင်း စေလိုရာစေနိုင်ရန် လုံလောက်သည့် သြဇာအာဏာ ရှိပုံမရပေ။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် တိုင်းရင်းသားအဖွဲ့ တော်တော်များများ တက်ရောက် ခဲ့သော်လည်း အခြေခံကျသော ကိစ္စအချို့ တွင်ပင် သဘောတူညီမှု မရရှိနိုင်ခြင်းသည် တရုတ်နိုင်ငံအား အဓိက သော့ချက်အဖြစ် ရှုမြင်ခြင်း၏ အားနည်းချက်များကို ထင်ဟပ်လျက် ရှိသည်။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရေးအတွက် တရုတ်နိုင်ငံ၏ တွန်းအားနှင့် အပြုသဘောဆောင် ပါဝင်မှု လိုအပ်သော်လည်း ယင်းကို အဓိက သော့ချက်အဖြစ် မရှုမြင်သင့်ပေ။

■ နိဂုံး

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဖြစ်သည့်အပြင် အင်အားကြီးမားသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအပေါ်တွင် သက်ရောက်မှုများ များစွာရှိနေသည်မှာ အငြင်းပွားဖွယ်ရာ မရှိပါ။ တရုတ်နိုင်ငံ၏ မဟာဗျူဟာ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်နိုင်သည်။ သို့သော် လူမှုစီးပွား သက်ရောက်မှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတစ်ရပ် တည်ဆောက်ရန် အကြောင်းအကျိုး အဆိုးအပြစ်များကို သေချာစွာ တွက်ချက်ချိန်ဆပြီး တစ်လှမ်းချင်း သတိကြီးကြီးထား ကိုင်တွယ်ရမည် ဖြစ်သည်။ အတိတ်မှ အမှားများကို သင်ခန်းစာယူပြီး အမှားဟောင်း ထပ်မမှားရန် သတိချပ်သင့်ပါသည်။

ထို့အတူ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုများနှင့် အပြုသဘော ပါဝင်မှုများ လိုအပ်နေသော်လည်း တရုတ်နိုင်ငံအား ငြိမ်းချမ်းရေး ဖြစ်စဉ်၏ သော့ချက်တစ်ခု အဖြစ်တော့ မယူဆသင့်ပါ။ ထို့အပြင် တရုတ်နိုင်ငံသည် နယ်စပ် တည်ငြိမ်ရေးနှင့် မိမိ၏ စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေး လိုလားမည် ဖြစ်သော်လည်း မိမိအတွက် မည့်သည့်အာမခံမှုမျိုးမှ မရှိသည့် အနေအထားတွင် မိမိ၏ အိမ်နောက်ဖေးတွင် ကပ်လျက် ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်များအား ဖိအားပေးပြီး ငြိမ်းချမ်းရေး ရစေလိမ့်မည်ဟူသော ယူဆချက်သည် အကောင်းမြင်လွန်းရာ ကျပါလိမ့်မည်။

■ ကျမ်းကိုးစားရင်း

မြန်မာဘာသာ

ကျော်ရင်မြင့်၊ (၂၀၁၇) တရုတ်တွေ လာနေပြီ၊ 7 days news အတွဲ (၁၆)၊ အမှတ် (၁၈)။

အင်္ဂလိပ်ဘာသာ

Ansar, A., Flyvbjerg, B., Budzier, A., & Lunn, D. (2016). Does infrastructure investment lead to economic growth or economic fragility? Evidence from China. Oxford Review of Economic Policy, 32(3), 360-390.

Blooemberg News. (2016). China is Grappying With Hidden Unemployment. Retrieved from https://www.bloomberg.com/news/articles/2016-08-21/behind-stable-job-data-china-grapples-with-hidden-unemployment

Brewster, D. (2015). An Indian Ocean dilemma: Sino-Indian rivalry and Chinas strategic vulnerability in the Indian Ocean. Journal of the Indian Ocean Region, 11(1), 48-59.

Cai, Peter. (2017). Understanding China’s Belt and Road Initiative. Lowy Institute for Policy.

Callahan. W. A. (2016). China’s Asia Dream: The Belt Road Initiative and the new regional order, Asian Journal of Comparative politic, 1-18.

China Daily. (2009). China says no involvement in Myanmars domestic issues. Retrieved from: http://www.chinadaily.com.cn/china/2009-09/10/content_8678729.htm.

Dunn, C., Ji, L. & Peng, K. (2016) Chinese investments in Myanmar- A Scoping Study. A china going global series publication. Global Environmental Institute. Beijing, China.

Gelb, S., Calabrese, L., & Tang, X. (2017). Foreign Direct Investment And Economic Transformation in Myanmar. SET.

Global Times. (2014). China sets tasks for 2014 western development. Retrieved from: http://www.globaltimes.cn/content/841675.shtml

Haacke, J. (2006). Myanmar’s foreign policy: Domestic Influences and international implications. The International Institute for strategic studies- Adephi Paper 381, Routledge, New York.

Lanteigne, M. (2009). Chinese foreign policy: An introduction. London: Routledge.

MOFCOM. (2011). 2010 Statistical Bulletin of China’s Outward Foreign Investment. Retrieved from: http://images.mofcom.gov.cn/hzs accessory/201109/1316069658 609.pdf

Perlez, J. (2017). China Showers Myanmar With Attention, as Trump Looks Elsewhere. The New York Times. July 19.

Sun, Y. (2014a). China, the United States and the Kachin Conflict. Great powers and the changing Myanmar, Issue brief No. 2, Stimson Center.

Sun, Y. (2014b). Myanmar in US-China Relations. Great power in Myanmar, Issue brief No.3, Stimson center.

Swaine, M.D. (2014). Chinese Views and Commentary on Periphery Diplomacy, China Leadership Monitor, (44). 1-43.

Tsin, L. (2014). China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process, China Monitor (9), June. Mercator institute for China Studies, 1-7.

Weissmann, M. (2015). Chinese Foreign Policy in a Global Perspective: A Responsible Reformer Striving For Achievement, Journal of China and international Relations, Vol.3, No (1), 151-166.

Is China the answer for Myanmar’s economic development and peace process?

By Khin Khin Kyaw Kyee

This article looks at the role of China in Myanmar’s transition since 2011 and argues against the role of China in recent success involving economic investment and the peace process is overstated To support the argument, this article analyzes China’s investment in Myanmar and China’s engagement in the peace process through the frameworks of China’s foreign and domestic policy. This article points out that while China’s interests in “One Belt One Road” and other investments might bring opportunities for economic development and advance the peace process, there are other possible negative impacts and limitations that should not be overlooked. Thus, it concludes that although China has played an important role in Myanmar’s recent achievements, looking to China as a key “to solve the economic and political issues Myanmar is facing” is misleading and may also be risky.

Categories: Peace Economy

Khin Khin Kyaw Kyee

Khin Khin Kyaw is the Deputy Director for Research program and also the head of ISP’s China Desk. Khin Khin Master’s Degree in International Studies from the School of Oriental and African Studies, University of London. Prior to joining ISP, she worked as program coordinator for Institute for Political and Civic Engagement, Center administrator for International Law Development Organization (Rule of Law Centre Project) and independent researcher specializing in China-Myanmar relations.