ISP China Desk
နယ်စပ်ပိတ်ဆို့မှု၊ ရွေ့ပြောင်းလုပ်သားများနှင့် အလွှာစုံအကူအညီများ (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဧပြီ စတုတ္ထပတ်)

ယခုသီတင်းပတ်အတွင်းတွင် ISP-Myanmar China Desk က စုစည်းခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှင့်စပ်လျဉ်းသည့် သတင်းဖော်ပြမှုပေါင်း ၅၀ ရှိပြီး နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော် လုပ်သားအများအရေး၊ တရုတ်မှ မြန်မာသို့ ကိုဗစ်-၁၉ ပြန့်ပွားမှုထိန်းချုပ်ရေးဆိုင်ရာ အကူအညီများနှင့် အခြားလူမှုစီးပွားသတင်းအချို့ ပါဝင်သည်။ ထိုသတင်းများထဲတွင် တရုတ်နိုင်ငံမှ နယ်စပ်အဝင်အထွက်များကို ပိုမိုတင်းကျပ်ထားမှုနှင့် အကျိုးဆက်အနေဖြင့် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်လာမှု၊ တရုတ်ဒေသန္တရ အစိုးရများနှင့် အဖွဲ့အစည်းသီးသီးမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်ဆိုင်သော အကူအညီများပေးအပ်မှုတို့ကို အလေးပေးတင်ပြထားပါသည်။

နယ်စပ်အဝင်အထွက်များကို တရုတ်ဘက်က တင်းကျပ်စွာကိုင်တွယ်လာခြင်း

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် တရုတ်-မြန်မာနယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဝင်ထွက်သွားလာခွင့်များကို တရုတ်နိုင်ငံဘက်မှ  ဧပြီ ၁ မှ ၂၃ အထိ ပိတ်ပင်ထားမှုကို လာမည့် ဇွန်အထိ ထပ်တိုးလိုက်ပါသည်။

ထို့ကြောင့် မူဆယ်အပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များ တရုတ်နိုင်ငံအတွင်းသို့ဝင်ရောက်ရာတွင်  တရုတ်နိုင်ငံဘက်ခြမ်းရှိ ယာဉ်မောင်းများဖြင့် လဲလှယ်မောင်းနှင်ရန် တရုတ်နိုင်ငံဘက်က သတ်မှတ်ထားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ထပ်ဆင့်တိုးဆောင်ရွက်ရန်နှင့် ရောဂါကူးစက်မှုအန္တရာယ်လျော့ချနိုင်ရန်အတွက် ယာဉ်မောင်းလဲလှယ် မောင်းနှင်သည့်စနစ်ကို တရုတ်နိုင်ငံရှိ ကျယ်ဂေါင်ဂိတ်တွင် ဧပြီ ၅ ရက်နေ့က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မန်းဝိန်း၊ ကျင်းစန်းကျော့ ကန်ပိုက်တီနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် ထို့ထက်စော၍ ကျင့်သုံးနေခဲ့သည်။  ချင်းရွှေဟော်ဂိတ်တွင်မူ ဧပြီ ၂၅ ရက်နေ့တွင် စတင်သည်။ ယင်းသို့ ယာဉ်မောင်းလဲလှယ်မောင်းနှင်စေခြင်းကို တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်းများသာ အသုံးပြုခြင်းဖြစ်ပြီး မြ၀တီ၊ တာချီလိတ် အစရှိသော မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းများတွင်မူ ယာဉ်မောင်းတဦးဖြင့် မော်တော်ယာဉ်ကို ဝင်ခွင့်ပြုဆဲဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း၌ တရုတ်နိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားစဉ်က မြန်မာနိုင်ငံဘက်မှ အဝင်အထွက်များကို တင်းကျပ်ခဲ့သည်များရှိခဲ့သော်လည်း လုံး၀ပိတ်ပင်လိုက်ခြင်းမျိုးမရှိခဲ့ပေ။ ယခုအခါ မြန်မာဘက်တွင် ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းကြောင့်  ရောဂါကိုထိန်းချုပ်နိုင်ရေးအတွက် တရားဝင်ထွက်ပေါက်များသာမက ခိုးဝင်ပေါက်များကိုပါ အဝင်အထွက် မရှိစေရန် ပိုမိုတင်းကျပ်စွာ ကိုင်တွယ်လာခဲ့ပြီး အထောက်အထားမရှိသူများအား ပြန်ပို့ခြင်းများ၊ ခိုးဝင်သည့်သူများကို တိုင်ကြားသတင်းပေးပါက ဆုငွေပေးအပ်ခြင်းမျိုးများအထိ တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်ဆိုသည့်  သတင်းဖော်ပြမှုများလည်း ရှိခဲ့သည်။

တရုတ်မှ ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်လာခြင်း

တရုတ်နိုင်ငံ၏ တင်းကျပ်စွာကိုင်တွယ်မှုများကြောင့် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာ နယ်စပ်များမှ ပြန်လည်ဝင်ရောက်လာခဲ့သည်။ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာလုပ်သားများမှာ ရှမ်းပြည်နယ်၊ ချင်းရွေဟော်၊ လောက်ကိုင်နှင့် ကချင်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်များမှ ဝင်ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို သတ်မှတ်နေရာတွင် သီးသန့်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာလုပ်သား နှစ်သောင်းခွဲကျော်ရှိရာ လက်ခံနိုင်မည့် အရေအတွက်ထက် ကျော်လွန်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန်လွင်က ပြောကြားသည်ကို Eleven သတင်းဌာန၏ဆောင်းပါတွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု

နယ်စပ်ကုန်သွယ်ရေးစီးဆင်းမှုများ ဆက်လက်ရှိနေသော်လည်း နယ်စပ်ဂိတ်များတွင် လူဝင်လူထွက် ထိန်းချုပ်မှုများနှင့် ယာဉ်မောင်းလဲလှယ်ခြင်းစနစ်များကြောင့်  ကုန်စည်စီးဆင်းမှုများတွင် ကြန့်ကြာမှုများရှိနေသည်။ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်းမ် နေ့စဉ်သတင်းစာတွင်ပါရှိသည့် ကုန်စည်စီးဆင်းမှုကောင်းမွန်ကာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖြစ်နေသည်ဟူသော သတင်း၌ပင် ပုံမှန်အားဖြင့် တနေ့လျှင် ကားအစီးရေ ၆၀၀ ခန့် အဝင်အထွက်ရှိခဲ့ရာမှ ၃၀၀ ခန့်သာ ရှိတော့သည်ဟု ဖော်ပြထားသည်။ တရုတ်ဘက်သို့ မြန်မာနိုင်ငံမှ ဖရဲ၊ သခွား တင်ပို့လျက်ရှိသည့် မော်တော်ယာဉ်များ နယ်စပ်ဖြတ်ကျော်ရာတွင် ဧပြီ ၈ မှ စ၍ ၎င်းတို့ သတ်မှတ်ထားသော အစားထိုးယာဉ်မောင်းများကိုသာ ဝင်ခွင့်ပြုပြီးထားသော်လည်း ဧပြီ ၁၂ မှ စ၍ နောက်ပိုင်းရက်များတွင် ကျင်းစန်းကျော့ဂိတ်တွင် သစ်သီးဝလံရောင်းဝယ်ရေးဝင်းအထိ ပုံမှန်ယာဉ်မောင်းများဖြင့် တိုက်ရိုက်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းများလည်းရှိနေရာ မူဝါဒမတည်ငြိမ်မှုများ (သို့) မူဝါဒအကောင်အထည်ဖော်ရေးတွင် အကန့်အသတ်များရှိနေသည်ဟု သုံးသပ်ရသည်။

ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် နယ်စပ်မူဝါဒများအား တင်းကျပ်လိုက်မှုများကြောင့် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်အရှိန်မြင့်လာသော ဇန်နဝါရီ ၂၃ မှ ဧပြီ ၁၁ အထိ သုံးလအတွင်း မြန်မာနိုင်ငံမှ တရုတ်သို့ ပို့ကုန်ပမာဏသည် ယမန်နှစ်ကာလတူထက် ဒေါ်လာ သန်းသုံးရာကျော် လျော့နည်းခဲ့သည်။

အခြားတဖက်တွင် နိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ခုနစ်ဘဏ်ကို ဘဏ်ခွဲလိုင်စင်နှင့် လက်အောက်ခံဘဏ်လိုင်စင်များကို ထပ်မံခွင့်ပြုခဲ့ရာ ထိုစာရင်းအရ ဟောင်ကောင်အခြေစိုက် Bank of China Hong Kong ကို ဘဏ်ခွဲလိုင်စင်ခွင့်ပြုခဲ့သည်ကို ယခုတပတ်အတွင်းတွင် တွေ့ရသည်။

ကိုဗစ်၁၉ အကူအညီများ

တရုတ်နိုင်ငံ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများဖြစ်သည့် China International Center (CICCC)၊ Zhong Zhuang Construction၊ Golden Legend Group of Companies နှင့် China-Myanmar Cultural and Economic Exchange Center တို့မှ လှူဒါန်းသည့် နှာခေါင်းစည်း ငါးသိန်းကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးမှတဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းလှူဒါန်းခဲ့သည်ကို မြန်မာသံရုံး၏ထုတ်ပြန်ချက်တွင် တွေ့ရသည်။ တရုတ်နိုင်ငံ၊ ယူနန် သစ်သီး၀လံ ဥယျာဉ်ခြံဇုန်နှင့် ယူနန်နေ့စဉ်သတင်းစာ(ရန်ကုန်) တို့ပူးပေါင်း၍လည်း ပြန်ကြားရေးဝန်ကြီးဌာနသို့ နှာခေါင်းစည်းများလှူဒါန်းခဲ့သည်။

တရုတ်နိုင်ငံသည် အစိုးရရော၊ တပ်မတော်ရောကိုပါ ကိုဗစ်နှင့်စပ်လျဉ်းသည့်အကူအညီများ၊ လှူဒါန်းမှုများ ပြုလုပ်နေသည်ကို စိတ်ဝင်စားဖွယ်ရာတွေ့ရသည်။ China Electronics Techonology Group Corporation ကုမ္ပဏီမှ ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ Thermal & Optical Network Bullet Camera, Handhold Therography Camera ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်ကို မြ၀တီသတင်းစာတွင်​ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံ သံမတ်ကြီးက အသက်ရှူအထောက်အကူပြုကိရိယာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၁၅ စုံ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သို့ ငါးစုံ ထောက်ပံ့လှူဒါန်းခဲ့သည်။

ထို့ပြင် ဒေသန္တရအစိုးရများကလည်း မိမိနှင့်နီးစပ်ရာ နယ်စပ်မြို့များကို ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုများ ဆောင်ရွက်နေသည်တို့ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံ၊ တက်ဟုန်းပြည်နယ်ခွဲ ပါတီပြန်ကြားရေးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ တရုတ်-မြန်မာနယ်စပ်၊ နန်းတော်ဂိတ်တွင် လာရောက်လှူဒါန်းခဲ့သည်ကိုလည်း ယခုတပတ်အတွင်း သတင်းဖော်ပြမှုများတွင် တွေ့ရှိရသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။