ISP China Desk
ကိုဗစ်-၁၉ ကာလ တရုတ်-မြန်မာဆက်ဆံရေးအခြေအနေ/ ယမန်နှစ် ကာလတူထက် ကုန်သွယ်ရေးတိုးတက်လာခြင်း (တရုတ်-မြန်မာ နှစ်နိုင်ငံဆိုင်ရာ တပတ်တာသတင်းအနှစ်ချုပ်/ ၂၀၂၀၊ ဧပြီ တတိယပတ်)

သင်္ကြန်ကာလရုံးပိတ်ရက်များရှိခဲ့ခြင်းကြောင့် သတင်းမီဒီယာအချို့အနေနှင့် ခေတ္တရပ်နားခဲ့ခြင်းအပြင် ကိုဗစ် ၁၉ ဂယက်ကြောင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုလည်း ကျဆင်းသွားသဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာသတင်းများ နည်းပါးခဲ့ရာ ပြီးခဲ့သည့် တပတ်တာအတွင်း ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြလျက်ရှိသော တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ သတင်းပေါင်း ၁၂ ခုကိုသာ  ISP-Myanmar China Desk မှ စုစည်းမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ 

သတင်းဖော်ပြမှုအများစုသည် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်များဖြစ်ပြီး ကိုဗစ် ၁၉ နှင့်ပတ်သက်၍ တရုတ်က မြန်မာသို့ အကူအညီပေးမှုများ၊  တရုတ်နိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမားများအား စောင့်ကြည့်ကန့်သတ်မှုအခြေအနေများနှင့် လတ်တလော နယ်စပ်ကုန်သွယ်ရေး အခြေအနေများဖြစ်သည်။

မြန်မာ့ ကိုဗစ် ၁၉ နှင့် တရုတ်၏ထောက်ပံ့မှုများ

တရုတ်က မြန်မာသို့ ကူညီထောက်ပံ့မှုများသည် တရုတ်နိုင်ငံဒေသန္တရအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းအုပ်စုများမှ ပေးအပ်မှုများဖြစ်ပြီး ယခုတပတ်အတွင်းတွင် နှာခေါင်းစည်းမျိုးစုံ နှစ်သိန်းတသောင်း၊ ရောဂါကာကွယ်ရေးမျက်မှန် တထောင်ကျော်နှင့် စစ်ဆေးရေးသုံးကိရိယာ တထောင်ကို ဘေဂျင်းရှိ မြန်မာသံရုံးသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ လှူဒါန်းသူများတွင် ချုံချင်းမြူနီစပယ်အစိုးရရုံး၊ စီချွမ်ပြည်နယ် နိုင်ငံခြားရေးရုံး၊ တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ဖလှယ်မှုစင်တာ(CMCEEC)၊ တရုတ်နိုင်ငံ ဆက်သွယ်မှုနှင့် ဆောက်လုပ်ရေးကုမ္ပဏီ(CCCC)နှင့် ZTE ကုမ္ပဏီတို့ ပါဝင်သည်။

ယခုတပတ်အတွင်း တရုတ်နိုင်ငံမှ ပေးအပ်ခဲ့သောအလှူများတွင် တရုတ်မြန်မာနယ်စပ်ဒေသရှိ ဆေးရုံများကို ဦတည်လှူဒါန်းသည်ကို စိတ်ဝင်စားဖွယ်ရာတွေ့ရသည်။ တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတခုဖြစ်သည့် Myanmar Mai Family Group က ယွမ် သုံးသောင်းရှစ်ထောင်ကျော်(ကျပ် ၇၅ သိန်း) တန်ဖိုးရှိ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကာကွယ်ရေးဝတ်စုံ ၂၀၀ နှင့် မျက်မှန် ၂၀၀၊ အသက်ရှူစက် နှစ်လုံးနှင့် ပိုးသတ်ဆေးထုပ် ၄၄၀၀ ကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့သည်။

အလားတူပင် တရုတ်နိုင်ငံ၊ လုံလင်ခရိုင် ပြည်ပချစ်ကြည်ရေးအသင်းက လောက်ကိုင်မြို့နယ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့သို့ ယွမ် ရှစ်သောင်း(ကျပ်သိန်း ၁၆၀) တန်ဖိုးရှိ တခါသုံးနှာခေါင်းစည်း နှစ်သောင်းနှင့် ဆေးရုံသုံးနှာခေါင်းစည်း လေးထောင်ကို လှူဒါန်းခဲ့သည်။

ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ၁၂ ဦးပါဝင်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆေးပညာရှင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခဲ့သလို မန္တလေး အထွေထွေရောဂါကုဆေးရုံသို့လည်း သွားရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု တစတစကျယ်ပြန့်လာနေသည်နှင့်အမျှ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများလည်း များပြားလာနေသည်ကို တွေ့ရသည်။

နေရပ်ပြန်အလုပ်သမားများအရေး

တရုတ်နိုင်ငံရောက် အလုပ်သမားများအနေနှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကာလအတွင်း နေရပ်ပြန်လာမှုများလည်း ဆက်လက်ရှိနေသေးသည်ကို သိရှိရသည်။

သတင်းဖော်ပြမှုများအရ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသူသည် ယခုတပတ်အတွင်းတွင် နှစ်ရာဦးဝန်းကျင်ရှိပြီး ကိုဗစ် ၁၉ ရောဂါလက္ခဏာ ရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် နယ်စပ်မြို့များရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပို့ဆောင်ထားသည်။

နယ်စပ်ကုန်သွယ်ရေး

ကိုဗစ် ၁၉ ကြောင့် တရုတ်နိုင်ငံ နယ်စပ်ဝင်ပေါက်များအား တင်းကျပ်ထားရာ မြန်မာဘက်မှ ကုန်စည်တင်ပို့ရမှုတွင် အခက်အခဲများလည်း ဆက်ရှိနေသေးသည်။ ရောဂါပြန့်ပွားခြင်းမရှိစေရန်အတွက် လူအဝင်အထွက်များကို ပိတ်ပင်ထားပြီး ကုန်စည်တင်မော်တော်ယာဉ်များကို ယာဉ်မောင်းတဦးတည်းဖြင့်သာ ဝင်ခွင့်ပြုထားခြင်း ဖြစ်သည်။

ယခုတပတ်အတွင်းတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဖရဲ၊ သခွား စသည့် သစ်သီးဝလံတင် မော်တော်ယာဉ် နှစ်ထောင်ဝန်းကျင်သည် ပိတ်မိသောင်တင်နေခြင်းကြောင့် ဖရဲစိုက်ပျိုးသူတောင်သူများအနေနှင့်လည်း အခင်းများမှ အသီးဆွတ်ခူးမှုကိုလည်း ရပ်နားထားခဲ့ကြရသည်။

ကိုဗစ် ၁၉ ပြဿနာရှိနေခဲ့ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးမချောမွေ့မှုများ ရှိနေသော်လည်း အခြားတဖက်တွင် နယ်စပ်ကုန်သွယ်မှုပမာဏသည် ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရှိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဧပြီလ ၃ ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် သန်း ၃၆၀ ကျော် များပြားခဲ့ခြင်း ဖြစ်သည်။(ယခုစာရင်းသည် တရုတ်တနိုင်ငံတည်းနှင့် ကုန်သွယ်မှုမဟုတ်ဘဲ မြန်မာ၏ အခြားအိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုလည်း ပါဝင်သည်။)

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ယခုနှစ် ဧပြီလ ၃ ရက်နေ့အထိနှင့် ယခင်နှစ်ကာလတူနှိုင်းယှဉ်ချက်တွင် ပို့ကုန်တင်ပို့ရမှု၌ ဒေါ်လာ ၉၉ သန်းကျော်ဖိုး ကျဆင်းခဲ့ပြီး သွင်းကုန်ပမာဏသည် သန်း ၄၆၀ နီးပါး များပြားခဲ့သည်ကို တွေ့ရသည်။

အလားတူပင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည်လည်း ၂ ဒသမ ၃ ဒေါ်လာဘီလီယံ တိုးတက်ခဲ့သည်ကို တွေ့ရသည်။


Aung Myo Htet

အောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။